
ပွင့်ဖြူ ဇန်နဝါရီ ၁၄
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်၌ ဒေသခံ တောင်သူများက မဲဇလီရေလွှဲဆည်ရေဖြင့် ဆီထွက်သီးနှံ မြေပဲ၊ နှမ်း၊ နေကြာ၊ ပန်းနှမ်း တို့ကို စိုက်ပျိုးကြသည့်အနက် မြေပဲနှင့် နှမ်း များကို ကိုယ်တိုင်တစ်ပိုင်တစ်နိုင် ဆီကြိတ်ခွဲ ရောင်းချရာ ဝယ်ယူစားသုံးသူများသည့်အပြင် ဈေးကောင်းလည်းရရှိနေ၍ လုပ်ငန်းအဆင်ပြေ လျက်ရှိကြောင်း တောင်သူများထံမှ သိရသည်။
“အခုလို မြေပဲနဲ့ နှမ်းသီးနှံပေါ်ချိန်မှာ ဆီသန့်သန့် စားသုံးချင်တဲ့သူတွေအတွက် တစ်ပိုင်တစ်နိုင် ဆီကြိတ်ခွဲရောင်းချပေးပါ တယ်။ မိုးဦးနှမ်းတွေ ပေါ်ဦးပေါ်ဖျားမှာတုန်းက နှမ်းဆီတစ်ပိဿာကို ကျပ် ၁၁၅၀၀ ဈေးနဲ့ ရောင်းခဲ့ရပြီး ဒီရက်ပိုင်းမှာတော့ နှမ်းဆီ တစ်ပိဿာကို ကျပ် ၁၂၅၀၀ ဈေးနဲ့ ရောင်းနေရ လို့ နှမ်းဆီကြိတ်ခွဲ ရောင်းချသူတွေ အဆင်ပြေ ပါတယ်။ မြေပဲမှာ သုံးလမြေပဲကို အများဆုံး စိုက်ပျိုးကြပြီး နှမ်းကတော့ နှမ်းဖြူ ၊ စမုံနက်၊ သိပ္ပံနှမ်းနက်၊ ရေဆင်း- ၁၄ နှမ်းမျိုးတွေ စိုက်ကြပါတယ်။ ဆီကြိတ်ရာမှာ မြေပဲနဲ့ နှမ်းဖြူ ကို အများဆုံး ကြိတ်ခွဲပြီး မြေပဲဆီက တစ်ပိဿာ ကို ကျပ် ၁၅၀၀၀ ဈေးနဲ့ ရောင်းတယ်။ နှမ်းဆီ ကတော့ သစ်သားဆုံနဲ့ ကြိတ်တဲ့ဆီ တစ်ပိဿာ ကို ကျပ် ၁၄၀၀၀ ဈေးဖြစ်ပြီး စက်ကြိတ်ဆီ ဆိုရင် တစ်ပိဿာကို ကျပ် ၁၂၅၀၀ ရောင်းပါ တယ်။ ကျွန်တော်တို့ဒေသထွက် မြေပဲဆီနဲ့ နှမ်းဆီကို မကွေး၊ မင်းဘူး၊ ရန်ကုန်၊ မန္တလေး၊ ပဲခူးမြို့တွေက ဆက်သွယ်မှာယူပြီး အရောင်း အဝယ်ကောင်းနေလို့ တစ်ပိုင်တစ်နိုင် မြေပဲဆီနဲ့ နှမ်းဆီကြိတ်ခွဲရောင်းချသူတွေ လုပ်ငန်းအဆင်ပြေပါတယ်” ဟု ပွင့်ဖြူမြို့နယ် ညောင်ပင်စောက်ကျေးရွာမှ ဒေသခံတောင်သူ ဦးကျော်ဆန်းက ပြောသည်။
ပွင့်ဖြူမြို့နယ်သည် မကွေးတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များတွင် ဆည်ရေသောက် ဧရိယာအများဆုံး စိုက်ပျိုးထုတ်လုပ်သည့် မြို့နယ်တစ်ခုဖြစ်ကာ စပါးအမျိုးမျိုးနှင့် ဆီထွက်သီးနှံမျိုးစုံကို စိုက်ပျိုးထုတ်လုပ် လျက်ရှိပြီး စိုက်ပျိုးရေနှင့် ရာသီဥတု မျှတ ကောင်းမွန်မှုကြောင့် စိုက်ပျိုးရေးလုပ်ငန်းများ အဆင်ပြေကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)