
နေပြည်တော် ဒီဇင်ဘာ ၁၄
နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှု ဗဟို ကော်မတီ၏ (စတုတ္ထအကြိမ်) အစည်း အဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာန အင်ကြင်းခန်းမ၌ ကျင်းပရာ နိုင်ငံအဆင့် ပင်လယ်ကမ်းရိုး တန်း သယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှု ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယ ဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး တက်ရောက် အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ ဗဟိုကော်မတီဝင် ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဦးခင် မောင်ရီ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ)မှ တာဝန်ရှိ သူများ တက်ရောက်ကြပြီး တိုင်းဒေသ ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများက ဗီဒီယိုကွန်ဖရင့်စနစ် ဖြင့် တက်ရောက်ကြသည်။
အကောင်အထည်ဖော်
ဦးစွာ ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယ ဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက နိုင်ငံ၏ ပင်လယ်ကမ်းရိုးတန်း သယံဇာတများ စီမံအုပ်ချုပ်လုပ်ကိုင်ရာတွင် ဗဟိုကော်မတီ ကို အပ်နှင်းထားသည့် တာဝန်ဝတ္တရား များနှင့်အညီ ပင်လယ်ကမ်းရိုးတန်း သယံ ဇာတစီမံအုပ်ချုပ်မှုဆိုင်ရာ လုပ်ငန်းကဏ္ဍ များအကြား ညှိနှိုင်းပေါင်းစပ်ဆောင်ရွက် နိုင်ခဲ့သည့် ရလဒ်များအဖြစ် နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်း သယံဇာတ ဘက်စုံစီမံအုပ်ချုပ်လုပ်ကိုင်မှုအစီအစဉ် (Integrated Coastal Management-ICM) အပြီးသတ်ရေးသားနိုင်ခဲ့မှု၊ မြန်မာနိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့ကို ဖွဲ့စည်းနိုင်ခဲ့မှု၊ ပင်လယ်ပြင်ညစ်ညမ်းမှု ထိန်းချုပ်ရေး ဥပဒေ (Marine Pollution Control Law)အား အပြီးသတ်ရေးသားနိုင်ခဲ့မှု၊ အဏ္ဏဝါ ဂေဟစနစ် တန်ဖိုးမြင့်မားပြီး ဇီဝမျိုးစုံ မျိုးကွဲကြွယ်ဝသည့် နေရာများကို ငါးမဖမ်းရ နယ်မြေများသတ်မှတ်နိုင်ခဲ့မှု၊ ပင်လယ် ကမ်းရိုးတန်းဒေသ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဒီရေတောကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောများ တိုးချဲ့ ဖွဲ့စည်းနိုင်ခဲ့မှုတို့ကို ဌာနများအားလုံး၏ တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်မှု များဖြင့် အကောင်အထည်ဖော်ဆောင် နိုင်ခဲ့ပါကြောင်း။
မြန်မာနိုင်ငံ၏ ကမ်းရိုးတန်းသည် ၂၈၀၀ ကီလိုမီတာကျော် ရှည်လျားပြီး ကမ်းနီးကမ်းဝေး ငါးဖမ်းလုပ်ငန်းများနှင့် ရေထွက်သယံဇာတ မွေးမြူခြင်းလုပ်ငန်း များ ဆောင်ရွက်နိုင်ခြင်း၊ ကမ်းလွန်ရေနံ နှင့် သဘာဝဓာတ်ငွေ့များ ရေရှည် ထုတ်ယူနိုင်မည့် အလားအလာကောင်း များရှိခြင်း၊ ပြန်ပြည့်မြဲစွမ်းအင်များ ထုတ်လုပ်နိုင်သည့် အခွင့်အလမ်းများ ရှိခြင်း၊ ကမ္ဘာ့ကုန်သွယ်ရေလမ်းကြောင်း အတွက် အချက်အချာကျပြီး နိုင်ငံတကာ အဆင့်မီ ဆိပ်ကမ်းများ ဖွံ့ဖြိုးနိုင်ခြေရှိ ခြင်း၊ သဘာဝအတိုင်းတည်ရှိနေသည့် ကမ်းခြေနှင့် ကျွန်းများရှိပြီး ခရီးသွား လုပ်ငန်းဖွံ့ဖြိုးနိုင်ခြင်း၊ ကမ်းရိုးတန်းနေ တိုင်းရင်းသားများနှင့် ဒေသခံပြည်သူ များ၏စုံလင်သည့် ရိုးရာယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ခြင်းစသည့် အခွင့်အလမ်း များစွာကို ဖော်ထုတ်အသုံးပြုခြင်းဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို အထောက် အကူပြုနိုင်မည်လည်း ဖြစ်ပါကြောင်း။
ထိုသို့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အတွက် အခွင့်အလမ်းများစွာရှိသကဲ့သို့ တစ်ဖက်တွင်လည်း စိန်ခေါ်မှုများအနေ ဖြင့် မြန်မာနိုင်ငံ၏ အဏ္ဏဝါဇီဝမျိုးစုံ မျိုးကွဲများ၊ သန္တာကျောက်တန်းများ၊ ဒီရေ တောများ၊ ပင်လယ်မြက်ခင်းများ၊ ငါးပုစွန် ရေထွက်သယံဇာတများ ယိုယွင်းလျော့ နည်းမှုများ ကြုံတွေ့နေရခြင်း၊ အစားအစာ လုံခြုံစိတ်ချမှုများ လျော့ပါးလာခြင်းနှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ လျော့နည်းလာခြင်းတို့ကို ထိထိရောက် ရောက် ဖြေရှင်းဆောင်ရွက်သွားရန် လည်း လိုအပ်မည်ဖြစ်ပါကြောင်း။
ထို့ပြင် ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း၊ ၂၀၁၀ ပြည့်နှစ် ဂီရိမုန်တိုင်းနှင့် ယခု မေ ၁၄ ရက်တွင် စစ်တွေမြို့အနီးမှ ဖြတ် ကျော်တိုက်ခတ်ခဲ့သည့် မိုခါမုန်တိုင်းတို့ ကြောင့် ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင် ပြည်နယ်စသည့် ကမ်းရိုးတန်းဒေသများ တွင် ဆုံးရှုံးမှုများနှင့် တွေ့ကြုံခဲ့ရပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို နိုင်ငံတော်က အထူးတာဝန်တစ်ရပ်အနေ ဖြင့် ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ထို့ကြောင့် ပင်လယ်ကမ်းရိုးတန်း ဒေသများဖြစ်သည့် တိုင်းဒေသကြီး၊ ပြည်နယ်များတွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ် ရေးအစီအမံများကိုစနစ်တကျ ရေးဆွဲပြီး ထိထိရောက်ရောက် အကောင်အထည် ဖော်ဆောင်ရွက်သွားကြရန်နှင့် ရေရှည် အတွက်အကျိုးရှိသည့် ကြိုတင်ကာကွယ် ရေးအစီအမံများ ဖော်ထုတ်ဆောင်ရွက် သွားကြရန် တိုက်တွန်းလိုပါကြောင်း။
မြန်မာနိုင်ငံတွင် ပင်လယ်ကမ်းရိုး တန်းသယံဇာတများ စီမံအုပ်ချုပ်ခြင်း အတွက် တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများကို သက်ဆိုင်ရာကဏ္ဍအလိုက် ပြဋ္ဌာန်းဆောင် ရွက်ပြီးဖြစ်သကဲ့သို့ ခေတ်ကာလအလိုက် လိုအပ်သည့် ဥပဒေ၊ မူဝါဒအသစ်များ ကို ရေးဆွဲဖော်ထုတ်လျက်ရှိပါကြောင်း၊ ပင်လယ်ပြင်နှင့် ကမ်းရိုးတန်းဒေသ ဥပဒေစိုးမိုးရေးနှင့် အသိပညာပေးလုပ်ငန်း များကို ကာကွယ်ရေးဦးစီးချုပ်ရုံး (ရေ)နှင့်အတူ သက်ဆိုင်ရာအဖွဲ့အစည်းများ၊ ကမ်းခြေစောင့်တပ်ဖွဲ့တို့က မြှင့်တင်ဆောင်ရွက်လျက်ရှိပါကြောင်း။
ကမ္ဘာ့ကုလသမဂ္ဂက ၂၀၃၀ ပြည့်နှစ် ကုလသမဂ္ဂ စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေး ရည်မှန်းချက်များကို အကောင်အထည် ဖော်ဆောင်လျက်ရှိရာ အာဆီယံနိုင်ငံများ အပါအဝင် ကမ္ဘာ့နိုင်ငံများက “အပြာရောင် စီးပွားရေး (Blue Economy)” သဘော တရားများ ဖော်ထုတ်အကောင်အထည် ဖော် ဆောင်ရွက်လာကြသည်ကို လေ့လာ တွေ့ရှိရပါကြောင်း၊ ၂၀၂၁ ခုနှစ်တွင် အပြာရောင်စီးပွားရေးဆိုင်ရာ ကြေညာ ချက် “ASEAN Leader’s Declaration on Blue Economy” ကို ထုတ်ပြန်ခဲ့ပြီး အာဆီယံအပြာရောင် စီးပွားရေးဆိုင်ရာ မူဘောင် “ASEAN Blue Economy Framework” ကို ရေးဆွဲဆောင်ရွက်လျက် ရှိပါကြောင်း၊ အာဆီယံအပြာရောင် စီးပွားရေးမူဘောင်တွင် ပင်လယ်ကမ်းရိုး တန်းဆိုင်ရာ သိပ္ပံနှင့် နည်းပညာကဏ္ဍ၊ သယံဇာတများ ထိန်းသိမ်းရေးနှင့် စီမံ အုပ်ချုပ်ရေးကဏ္ဍ၊ ပင်လယ်ကမ်းရိုးတန်း နှင့် အဏ္ဏဝါဆိုင်ရာ ကဏ္ဍများကို ဦးတည် ချက်ထားပြီး ရေးဆွဲထားရှိခဲ့ပါကြောင်း။
အပြာရောင်စီးပွားရေးကဏ္ဍ ဖွံ့ဖြိုး ရေးဆိုင်ရာ မူဝါဒများနှင့် အစီအမံများ ဖော်ထုတ်ဆောင်ရွက်ရာတွင် စီးပွားရေး ဆိုင်ရာ အခွင့်အလမ်းများကိုသာ ဦးတည် ခြင်းမျိုးမဟုတ်ဘဲ ကမ်းရိုးတန်းနှင့် အဏ္ဏဝါ ဂေဟစနစ်များ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးအတွက် ထိန်းသိမ်းခြင်းနှင့် စနစ်တကျ ထုတ်ယူအသုံးပြုခြင်းကို ဟန်ချက်ညီညီ ဆောင်ရွက်နိုင်မည့် မူဝါဒ၊ အစီအမံများပေါ်ထွက်လာစေရေး ဖြစ်ပါ ကြောင်း၊ ထို့ကြောင့် ကော်မတီဝင်များ အနေဖြင့် ပင်လယ်ကမ်းရိုးတန်းနှင့်အဏ္ဏဝါ သယံဇာတများ ထိန်းသိမ်းရေးလုပ်ငန်း များတွင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် ကြရန်၊ ဒေသတွင်းအစီအစဉ်များနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရေး ကြိုးပမ်း ဆောင်ရွက်ကြရန်နှင့် ကမ်းရိုးတန်းနှင့် အဏ္ဏဝါရေပြင်ရေရှည်တည်တံ့ခိုင်မြဲစေရေးဆိုင်ရာ ဆောင်ရွက်ဆဲ၊ ရှေ့ဆက် ဆောင်ရွက်သင့်သည့် အစီအမံများနှင့် လုပ်ငန်းစဉ်များကိုလည်း တင်ပြဆွေးနွေး ပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပင်လယ်ကမ်းရိုးတန်း ဒေသ ထိန်းသိမ်းရေးဆိုင်ရာ အသိပညာ ပေးဗီဒီယိုကို ပြသသည်။
ယင်းနောက် ဗဟိုကော်မတီအတွင်း ရေးမှူး သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန်က ကော်မတီ၏ လုပ်ငန်း ဆောင်ရွက်တိုးတက်မှုအခြေအနေများ ကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ဗဟိုကော်မတီဝင် ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဦးခင်မောင်ရီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ဒုတိယစစ်ဦးစီး အရာရှိချုပ် (ရေ)၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေး မှူးချုပ်များနှင့် တာဝန်ရှိသူများက နိုင်ငံ အဆင့် ပင်လယ်ကမ်းရိုးတန်း သယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှု အစီအစဉ်များ ဆောင်ရွက်နေမှုနှင့် ရှေ့ဆက်ဆောင်ရွက် သွားမည့် အစီအမံများနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ ကဏ္ဍများအလိုက် ရှင်းလင်း တင်ပြကြရာ ဗဟိုကော်မတီဥက္ကဋ္ဌက ရှင်းလင်းတင်ပြချက်များအပေါ် ဖြည့်စွက် ဆွေးနွေးပြီး လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စု ဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးက နိဂုံးချုပ် အမှာစကားပြောကြားကာ အစည်းအဝေး ကို ရုပ်သိမ်းလိုက်သည်။
သတင်းစဉ်