
နေပြည်တော် အောက်တိုဘာ ၁၂
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ အသိပညာမျှဝေရေး အစီအစဉ် (Knowledge Sharing Program-KSP) အရ ကျင်းပသည့် ဆွေးနွေးပွဲ အမှတ်စဉ် (၃၄) ကို “ပင်စင် အကြောင်း သိကောင်းစရာများ” ခေါင်းစဉ်ဖြင့် ယနေ့မွန်းလွဲ ၂ နာရီ တွင် နေပြည်တော်ရှိ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး နဝရတ်ခန်းမ၌ ကျင်းပသည်။
ဆွေးနွေးပွဲသို့ ပြည်ထောင်စု စာရင်းစစ်ချုပ်၊ ဒုတိယစာရင်း စစ်ချုပ်၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် အရာထမ်း၊ အမှုထမ်းများ တက် ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် စာရင်းစစ်ချုပ်ရုံးနှင့် မြန်မာနိုင်ငံ စာရင်းကောင်စီရုံး တို့မှ ညွှန်ကြားရေးမှူးများနှင့် ဝန်ထမ်းများက Online ဖြင့် တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုစာရင်း စစ်ချုပ် ဒေါက်တာ ခင်နိုင်ဦးက ယနေ့ဆွေးနွေးပွဲတွင် ပင်စင် အကျိုးခံစားခွင့်များနှင့် စပ်လျဉ်း ၍ လိုက်နာဆောင်ရွက်ရမည့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့် တည်ဆဲအမိန့်၊ ညွှန်ကြားချက်များ၊ အခြား ဆက်စပ်ဌာန၊ အဖွဲ့အစည်းများနှင့် ညှိနှိုင်းပေါင်းစပ်၍ လက်တွေ့ ဆောင်ရွက်ရမှုများကို ဆွေးနွေး ပေးသွားမည်ဟု သိရှိရကြောင်း၊ တက်ရောက်လာသူများအနေဖြင့် ယနေ့ဆွေးနွေးမည့် အကြောင်း အရာများကို ဂရုပြုမှတ်သားခြင်း၊ အပြန်အလှန် မေးမြန်းဆွေးနွေး ခြင်းဖြင့် ရှင်းလင်းစွာ သိရှိ နားလည်ပြီး လုပ်ငန်းခွင်တွင် ထိရောက်အကျိုးရှိစွာ ပြန်လည် အသုံးချကြစေ လိုကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် ပင်စင်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင် ခင်စုကြည်က ပင်စင်ခံစားခွင့်ရရှိ ရန် အဓိကလိုအပ်ချက်များ၊ ပင်စင်အမှုတွဲစိစစ်ရာတွင် ရည်ညွှန်း ကိုးကားရမည့် ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း စည်းကမ်းများ၊ ပင်စင် အမျိုးအစားအလိုက် ပင်စင် အကျိုးခံစားခွင့်များ၊ ပင်စင်လစာ၊ လုပ်သက်ဆုငွေ တွက်ချက်မှု၊ လုပ်သက်ရေတွက်မှုနှင့် လုပ်သက် ဆက်စပ်ခြင်းဆိုင်ရာ ညွှန်ကြား ချက်များကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးရာ တက်ရောက် လာကြသူများက သိရှိလိုသည် များကို မေးမြန်းပြီး အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
သတင်းစဉ်