ပန်းစုံတောအလယ်မှာ ဂုဏ်ဝင့်ထည်နေသော ယွန်းပညာကောလိပ် (ပုဂံ)

Type
5

 

မြင့်စိုး(နတလ)

အားလုံးရဲ့ပုဂံ
ဤနေရာဤဒေသကို တစ်ခေါက်တစ်ခါမက ကျွန်တော်ရောက်ဖူးခဲ့သည်။
ရောက်တိုင်းလည်း     စိတ်မှာကြည်နူး ချမ်းမြေ့မှုများ အနမတဂ္ဂ ခံစားခဲ့ရသည်။
ထို့ပြင်တစ်ဝ   ဤနေရာတွင်   တမာရနံ့ ထနောင်းရနံ့များကို ရှူရှိုက်ရင်း သတိရ ခြင်း၊ လွမ်းဆွတ်တသခြင်း ဝေဒနာများကို လည်း ထွေးပွေ့ခဲ့ရသည်။ (ကျွန်တော်၏ ချစ်၍လွမ်းခဲ့သည်  စာအုပ်ထဲက အပိုင်း အစများ)
ဆရာမြသန်းစံ     ရေးဖွဲ့သီကုံးထားသော “မဟာ” သီချင်းထဲက တေးစာသားတချို့ ကို ခဏငှားသုံးရလျှင် ဤနေရာသည် ကား... အားလုံးရဲ့ပုဂံ။
ဤမည်သောပုဂံ၊ ထိုထိုအနှီသောပုဂံကို ပန်းစုံတောဟု ကျွန်တော်က ဝိဂြိုဟ်ပြု လိုက်ပါသည်။ အကြောင်းမှာ ကျွန်တော်တို့ ငယ်စဉ်ကပင် ရေရွတ်မှတ်သားခဲ့ဖူးသော ဘုရားမတင်၊ နတ်မဝင် လူတွင်ပန်းဆယ် မျိုး (ပန်းပဲ၊ ပန်းတိမ်၊ ပဲတဉ်း၊ ပန်းတော့၊ ပန်းတမော့၊ ပန်းရန်၊ ပန်းပု၊ ပန်းပွတ်၊ ပန်းချီ၊ ပန်းယွန်း) ဆိုသည့်အတိုင်း ရိုးရာ ယဉ်ကျေးမှုအနုလက်ရာများဖြင့် ပုဂံဒေသ တစ်ခုလုံးကို      ထုံမွမ်းရက်ယှယ်ထား၍ ပါတည်း။
ပုဂံဝန်ထောက်မင်း ဦးတင်နှင့် ဆရာကြီး ဦးစိန်
ပြီးခဲ့သည့် ဖေဖော်ဝါရီလ   ၁၇   ရက်နေ့က ရောက်ခဲ့သော  ပုဂံခရီးစဉ်ကမူ မိမိတို့ သမဝါယမ နှင့်  ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ်၊ ကောလိပ်များထဲမှာ တစ်ခုအပါအဝင် ဖြစ်သော ယွန်းပညာကောလိပ် (ပုဂံ) ၏ နှစ် (၁၀၀) ပြည့်  အထိမ်းအမှတ်   မော်ကွန်းကျောက်စာတိုင် စိုက်ထူပွဲအခမ်းအနားသို့   ပြည်ထောင်စုဝန်ကြီး ကိုယ်စား တက်ရောက်ရန်အတွက် ဖြစ်ပါသည်။ ယွန်းပညာကောလိပ်အကြောင်းကိုပြောလျှင် ယွန်း ပညာမျိုးစေ့ကို   စတင်သန္ဓေတည်ပေးခဲ့သူ   ပုဂံ ဝန်ထောက်မင်း ဦးတင်နှင့် အမွေဆက်ခံသူ ဆရာကြီး ဦးစိန်တို့ကို ချန်လှပ်ထား၍ မရတော့ပေ။
ပုဂံဝန်ထောက်မင်း   ဦးတင်ဟု  နာမမည်ခေါ် အကျော်အမော်ဖြစ်လာမည့်      ငယ်နာမည် မောင်မောင်တင်ကို အဘ ဝမ်းတွင်းမြို့ဝန် စာဆို တော် မဟာမင်းလှသင်္ခယာဘွဲ့ခံ ဦးမောင်၊ အမိ ဒေါ်စောတို့မှ သက္ကရာဇ် ၁၂၂၃ ခုနှစ် တန်ဆောင်မုန်း လပြည့်ကျော် ၁၄ ရက်နေ့တွင် မန္တလေးမြို့ ရွှေနန်း တော်အနောက်ဘက် ရန်နှည်တံခါး လမ်းမတော် ကြီးရှိ   စကြာအိမ်တွင် ဖွားမြင်ကြောင်း၊  အသက် ကိုးနှစ်အရွယ်၌    အမရပူရမြို့   ဘုံကျော်တိုက် ဆရာတော်ဘုရားကြီးထံတွင် ပညာရင်နို့ သောက်စို့ ခဲ့ကြောင်း၊ အသက် ၁၃ နှစ်အရွယ်မှာပင် ကင်းဝန် မင်းကြီး ရေးသားသော အဋသံခေပ ဓမ္မသတ်လင်္ကာ ၇၂   ပုဒ်ကို   နှုတ်တက်အာဂုံဆောင်နိုင်ရုံမျှမက အထွက်အတက်နှင့်        အနက်အဓိပ္ပာယ်ကိုပါ ကျနသေချာစွာ ဆရာတော်ဘုရားကြီး သင်ကြား ထားသည့်နည်းအတိုင်း    ကင်းဝန်မင်းကြီးရှေ့၌ ပြန်ဆိုဖြေကြားပြနိုင်သဖြင့်   ကင်းဝန်မင်းကြီး၏ ချီးကျူးဩဘာ ထောမနာပြုခြင်းခံရသည်မှအစပြု၍ ထင်ရှားကျော်ကြားလာခဲ့ကြောင်း   လေ့လာသိရှိ ရသည်။
 ထိုမှ သီပေါမင်းလက်ထက် အသက် ၁၉ နှစ် အရွယ် သက္ကရာဇ်  ၁၂၄၂  ခုနှစ်တွင်    နော်ရထာ ကျော်ထင်ဘွဲ့ကို ရရှိခဲ့ပြီး အင်္ဂလိပ်တို့ သိမ်းပိုက် ပြီးချိန် အသက် ၂၃ နှစ်မှစ၍ မန္တလေးလွှတ်တော်တွင် အမှုထမ်းရသည်။ အသက် ၂၇ နှစ်မှ ၃၃ နှစ်အထိ မြန်မာနိုင်ငံ စာပြန်တော်ဌာနနှင့် ကျောက်စာဌာန များတွင် တာဝန်ထမ်းဆောင်ပြီး ပုဂံမြို့အုပ် ဖြစ်လာ ခဲ့သည်။ ထိုမှ အသက် ၄၄ နှစ်တွင် နယ်ပိုင်ဖြစ်ပြီး ဒေလီမြို့သို့ သွားရောက်ခဲ့သည်။ အင်္ဂလိပ်အစိုးရက အသက်   ၆၃   နှစ်တွင်  အငြိမ်းစားလစာရိက္ခာ ပေးခဲ့သော်ငြားလည်း    စာပေဝါသနာကြောင့် ရန်ကုန်တက္ကသိုလ်တွင်      မြန်မာစာဆရာအဖြစ် တစ်နှစ်     တာဝန်ထမ်းဆောင်ခဲ့သေးကြောင်း၊ တက္ကသိုလ်အုပ်ချုပ်ရေးအဖွဲ့က ဦးတင်အား အသက် ၇၁ နှစ်အရွယ် ၁၂၉၄  ခုနှစ်တွင် မဟာဝိဇ္ဇာ (M.A) ဘွဲ့ချီးမြှင့်ခဲ့ကြောင်းနှင့်   ၁၂၉၅  ခုနှစ်  ဝါခေါင် လပြည့်ကျော် ၈ ရက်နေ့တွင် ရန်ကုန်မြို့ အရှေ့ပိုင်း ကရိလမ်း (ယခု   ဗိုလ်မြတ်ထွန်းလမ်း)  နေအိမ်၌ လူကြီးရောဂါဖြင့်   ကွယ်လွန်သွားကြောင်း  သိရ သည်။
ပုဂံဝန်ထောက်မင်း ဦးတင် ပြုစုရေးသားခဲ့သော ကျမ်းပေါင်းများစွာ၊ စာတမ်းပေါင်းများစွာ၊ ပြန်တမ်း ပေါင်းများစွာ၊ အတ္ထုပ္ပတ္တိပေါင်းများစွာ ရှိခဲ့ကြောင်း နှင့် ကဗျာ ဗန္ဓသာရကျမ်း၊ ကတညုတ ကတဝေဒီ စာတမ်း၊    ကျောက်စာဝန်  တော်စိန်ခို  အတ္ထုပ္ပတ္တိ၊ ပုဂံအတ္ထုပ္ပတ္တိအကျယ်၊ မြန်မာနိုင်ငံနှင့် အခြားနိုင်ငံ များ ဆက်ဆံပုံ၊ မြန်မာမင်းအုပ်ချုပ်ပုံနှင့် ဘိုးတော် ဘုရား၏ ရာဇသတ်ခေါ်သော အမိန့်တော်ပြန်တမ်း ကြီး၊    ပုဂံနယ်အတွင်းရှိ   ဘုရားများအကြောင်း၊ မြန်မာစာအသက်ဆက်စာတမ်း၊    သံချက်နည်း အတ္ထုပ္ပတ္တိ၊ ယွန်းထည်လုပ်နည်း အတ္ထုပ္ပတ္တိတို့လည်း ပါဝင်ကြောင်း    သိရသည်။   ပုဂံဝန်ထောက်မင်း ဦးတင်၏ အကြောင်းကို ကျွန်တော် ဤမျှလောက် နိဒါန်းပျိုးနေရခြင်းမှာ ဦးတင်သည် အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း          ယွန်းထည်လုပ်နည်း အတ္ထုပ္ပတ္တိကို    ရေးသားပြုစုခဲ့သလို    ပုဂံခေတ် ၁၂  ရာစုဝန်းကျင်ကတည်းက  စတင်လာခဲ့သည့် ယွန်းထည်လုပ်ငန်းသည် ၁၄ ရာစုနှစ်လောက်တွင် ပိုမိုကျယ်ပြန့်လာပြီးနောက် ဆက်လက်ထွန်းကား ပြန့်ပွားရေးအတွက် ပုဂံဝန်ထောက်မင်း ဦးတင်က ဆက်လက်ကြိုးပမ်း   ဆောင်ရွက်ခဲ့သောကြောင့် ဖြစ်ပါသည်။ ပုဂံဝန်ထောက်မင်း ဦးတင်သည် ပုဂံ ဒေသရှိ ဒေသခံယွန်းထည်လုပ်ငန်း ပညာရှင်ကြီး များနှင့်   ညှိနှိုင်းတိုင်ပင်ကာ  ကိုယ့်အားကိုယ်ကိုး ယွန်းထည်လုပ်ငန်း   အတတ်သင်ကျောင်းတစ်ခု ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ဆရာကြီး ဦးစိန်ကိုမူ အဘဦးမူ (ATN) ပခုက္ကူ မြူနီစီပယ်ဝန်ထောက်နှင့် အမိဒေါ်ရှင်တို့မှ သက္ကရာဇ် ၁၂၅၆ ခုနှစ် (၁၈၉၄)တွင် စလေမြို့၌ မွေးဖွားခဲ့ ကြောင်း၊ အင်းစိန် GTI စက်မှုသင်တန်းကျောင်းဆင်း ဖြစ်ကြောင်း၊ ပခုက္ကူတွင် လမ်းဝန်ထောက် လုပ်ကိုင် နေစဉ် အင်္ဂလိပ်အစိုးရက  ၁၉၂၄  ခုနှစ်တွင် ပုဂံ ယွန်းထည်လုပ်ငန်းအတတ်သင်ကျောင်း အသစ် ဖွင့်လှစ်ရာ၌   ကျောင်းအုပ်ကြီးအဖြစ်  တိုက်ရိုက် ပြောင်းရွှေ့ခန့်ထားခဲ့သည်ဟု ဆိုကြောင်း၊ ဆရာကြီး ၏ ဇနီးမှာ ဒေါ်မေယုဖြစ်ပြီး သားသမီးမထွန်းကား သောကြောင့် ပုဂံမြို့မှ ဒေါ်ဝါပွင့်၏သား ဦးသန်း အောင်ကို မွေးစားခဲ့ကြောင်း သိရသည်။ 
ဆရာကြီး  ဦးစိန်သည်  ယွန်းထည်လုပ်ငန်း အတတ်သင်ကျောင်း၏       ပထမဦးဆုံးသော ကျောင်းအုပ်ကြီးဖြစ်သကဲ့သို့ ကျောင်းသို့လာရောက် လေ့လာကြသော နိုင်ငံခြားသားဧည့်သည်များကို ယွန်းသမိုင်းကြောင်းနှင့်   ယွန်းထည်ထုတ်လုပ်ပုံ အဆင့်ဆင့်တို့ကို အင်္ဂလိပ်လို ပိုင်နိုင်စွာရှင်းလင်း ပြောကြားနိုင်သဖြင့်   နယ်မြေအာဏာပိုင်များက ပုဂံသို့ရောက်ရှိလာသည့် နိုင်ငံခြားအထူးဧည့်သည် များ၊   သံတမန်များအား   ပုဂံဘုရားပုထိုးများ အကြောင်းကိုပါ   လိုက်ပါရှင်းလင်းပြသပေးရန် တာဝန်ပေးအပ်ခဲ့ကြောင်း သိရသည်။
ကျောင်းဝင်းထဲမှ သစ္စာရှင်ပေါ်တော်မူဘုရား
ဆရာကြီး ဦးစိန်နှင့်ပတ်သက်၍ အထူးအမှတ်ရ စရာ အကြောင်းခြင်းရာတစ်ခုမှာ ဆရာကြီး ဦးစိန် သည် မိမိကျောင်းအုပ်နေအိမ်တွင် အိပ်စက်နေစဉ် တစ်ည၌ အိပ်မက်တစ်ခု မြင်မက်ခဲ့သည်။ အိပ်မက် ထဲတွင်   ဝတ်ဖြူစင်ကြယ်နှင့်  ပုဂ္ဂိုလ်တစ်ဦးက ကျောင်းအဆောက်အဦ အရှေ့ဘက်သို့ လက်ညှိုး ညွှန်၍ “ ဦးစိန်…. ကျောင်းနှင့် မျက်နှာချင်းဆိုင် လောက်မှာ တောင်ကမူလေးတစ်ခုရှိတယ်။ ကမူကို ဖြိုလိုက်ရင် ဘုရားငုတ်တိုတစ်ဆူ ပေါ်လာလိမ့်မယ်။ အဲဒီဘုရားငုတ်တိုကို ပြုပြင်ပူဇော်ပါလေ” ဟု ဦးစိန် ၏ အနားသို့ကပ်၍ ပြောလိုက်သလို ကြားလိုက် ရကြောင်း၊ မနက်မိုးလင်းချိန်၌ ဇနီးဖြစ်သူ ဒေါ်မေယု အား    ပြန်လည်ပြောပြရာ   ဒေါ်မေယုကလည်း တိုက်တိုက်ဆိုင်ဆိုင် ထိုကဲ့သို့အိပ်မက်ကို ညက မက်ခဲ့ကြောင်း ပြောသဖြင့် ထူးခြားနေသောကြောင့် ဆရာကြီး   ဦးစိန်သည်  ကျောင်းမှ  ဆရာများ၊ ဝန်ထမ်းများ၏    အကူအညီဖြင့်  ၎င်းမြေကမူကို ရှာဖွေပြီး  ခြုံတွေရှင်းလင်း၍  တူးဖော်ကြည့်ရာ အိပ်မက်ထဲက အတိုင်းပင် ဘုရားငုတ်တိုတစ်ဆူနှင့် လိုဏ်တွင်း ကျိုးပဲ့နေသော ဆင်းတုတော်အချို့ကို တွေ့မြင်ခဲ့ကြကြောင်း၊   ဆင်းတုတော်တစ်ဆူ၏ လက်မောင်း၌   ပျဉ်ပြားမင်း၏   ကုသိုလ်တော် သစ္စာရှင်ဘွဲ့အမည်ရဘုရားဟု      ရေးထွင်းထား ကြောင်း၊ ထိုမှဘုရားကို ဝိုင်းဝန်းပြုပြင်ကာ စာလိပ် နှင့် ကျန်ဌာပနာပစ္စည်းအားလုံး ဌာပနာသွင်းလှူ ပူဇော်ပြီးနောက် ဘုရားဘွဲ့ကိုလည်း ရှေးမူမပျက် အတိုင်းပင် သစ္စာရှင်ဘုရားဟု ဘွဲ့မည်နာမခေါ်တွင် ခဲ့ကြကြောင်းတို့ကို  ဆရာကြီး၏ဇနီး ဒေါ်မေယု၏ တူမတော်စပ်သူ ပခုက္ကူမြို့ ပန်းပဲတိုက်နေ ကျောင်း ဆရာမ ဒေါ်အေးထံမှ ကြားသိခဲ့ရသည်ဟု လေ့လာ မှတ်သားရပါသည်။ ဆရာကြီး ဦးစိန်သည် ၁၃၂၈ ခုနှစ်၊  အသက်  ၇၂  နှစ်တွင် နှလုံးရောဂါဖြင့် ကွယ်လွန်ခဲ့ကြောင်း သိရသည်။
အဆင့်ဆင့်ပြောင်းလဲလာပုံနှင့် 
ကျောင်းအုပ်ကြီးများ
၁၉၂၄   ခုနှစ်  အစိုးရယွန်းထည်လုပ်ငန်း အတတ်သင်ကျောင်းအဖြစ်   စတင်ဖွင့်လှစ်ချိန်ကသင်တန်းကာလမှာ သုံးနှစ်ဖြစ်သည်။ ၁၉၆၀ ပြည့်နှစ် မတ်လတွင် သင်တန်းကာလကို သုံးနှစ်မှ တစ်နှစ် သင်တန်းအဖြစ် နိုင်ငံတော်အစိုးရက ပြောင်းလဲ သတ်မှတ်ခဲ့ပါသည်။ ၁၉၉၄ ခုနှစ်တွင် ယွန်းထည်လုပ်ငန်းအတတ်သင်ကျောင်းကို မြန်မာ့ယွန်းသိပ္ပံ အဆင့်သို့ တိုးမြှင့်ဖွင့်လှစ်ခဲ့ပါသည်။ ၂၀၀၃ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် မြန်မာ့ယွန်းသိပ္ပံအဆင့် မှ    ယွန်းပညာကောလိပ်အဆင့်သို့   တိုးမြှင့်၍ အောက်ပါ ရည်ရွယ်ချက်များနှင့်အညီ ဖွင့်လှစ် သင်ကြားခဲ့ပါသည် -
(က)    မြန်မာ့ယွန်းထည်လုပ်ငန်း အတတ်ပညာ များ   မတိမ်ကော  မပပျောက်စေရေး အတွက် ထိန်းသိမ်းရန်၊
(ခ)    မြန်မာ့ရိုးရာ   ယွန်းထည်နည်းစနစ်များ မပျက်ယွင်းစေဘဲ ခေတ်မီနည်းစနစ်များ ဖြင့်    တိုးတက်တီထွင်ပြီး   ရရှိသည့် နည်းပညာများကို ဖြန့်ဖြူးပေးရန်၊
(ဂ)    ယွန်းအတတ်ပညာရှင်များ   စဉ်ဆက် မပြတ် မွေးထုတ်ပျိုးထောင်ပေးရန်၊
(ဃ)    ယွန်းထည်လုပ်ငန်း       အတတ်ပညာ သင်ကြားရေးကို      ပညာသင်ကြားမှု နည်းလမ်းများနှင့်အညီ       တိုးတက် အကောင်အထည်ဖော် ဆောင်ရွက်ရန်၊
(င)    စီးပွားရေးပညာ   တတ်ကျွမ်းနားလည် သော      ယွန်းအတတ်ပညာရှင်များ ပေါ်ထွန်းလာစေရန်၊
အစိုးရယွန်းထည်လုပ်ငန်း အတတ်သင်ကျောင်း ဘဝက ဆရာကြီး ဦးစိန်၏နောက် ကျောင်းအုပ်ကြီး တာဝန်ထမ်းဆောင်သွားသူများမှာ       ဆရာကြီး ဦးတင်အေး (၁၉၅၆-၁၉၇၅)၊ ဆရာကြီး ဦးတင်ငွေ (၁၉၇၅-၁၉၈၂)၊ ဆရာကြီး ဦးသောင်းထွန်း (၁၉၈၂-၁၉၈၇)၊ ဆရာကြီး ဦးခင်ထွန်း (၁၉၈၇-၁၉၈၉)၊ ဆရာကြီး ဦးသောင်းကြည်(၁၉၈၉-၁၉၉၀)၊ ဆရာကြီး ဦးဌေးအောင်  (၁၉၉၀ - ၁၉၉၂)တို့   ဖြစ်ကြသည်။ မြန်မာ့ယွန်းပညာသိပ္ပံ   ကျောင်းအုပ်ကြီးများမှာ ဆရာကြီး ဦးတင်ငွေ (၁၉၉၂-၁၉၉၈) (ဆရာကြီး ဦးတင်ငွေသည် ယခင်ယွန်းထည်လုပ်ငန်း အတတ်သင် ကျောင်းဘဝ၌ ကျောင်းအုပ်တာဝန်ထမ်းဆောင်ခဲ့ ဖူးသူလည်း  ဖြစ်ပါသည်)၊  ဆရာကြီး ဦးယုသိန်း (၁၉၉၈-၂၀၀၁)တို့    ဖြစ်ကြသည်။   ယွန်းပညာ ကောလိပ်အဆင့်    တိုးမြှင့်ပြီးနောက်      တာဝန် ထမ်းဆောင်ခဲ့ကြသော     ကျောင်းအုပ်ကြီးများမှာ ဆရာကြီး  ဦးသောင်းလင်း  (၂၀၀၄-၂၀၁၀)၊ ဆရာကြီး ဦးကျော်ဖုန်းနိုင်   (၂၀၁၀-၂၀၁၂)၊   ဆရာကြီး ဦးဝင်းဇော်စိုး (၂၀၁၂-၂၀၁၅) နှင့် လက်ရှိယွန်းပညာ ကောလိပ် ကျောင်းအုပ်ကြီး ဒေါ်နီလာမြင့် (၂၀၁၅-ယနေ့ထိ) တို့ ဖြစ်ကြပါသည်။
ကောလိပ်မှသည် သမတက္ကသိုလ်များဆီသို့
ယွန်းပညာကောလိပ်(ပုဂံ)တွင် ယွန်းအတတ် ပညာဒီပလိုမာ တစ်နှစ်သင်တန်းနှင့် ယွန်းအတတ် ပညာဒီပလိုမာ နှစ်နှစ်သင်တန်းများ ဖွင့်လှစ်သင်ကြား ပေးလျက်ရှိသည်။  တစ်နှစ်    သင်တန်းအတွက် တက္ကသိုလ်တစ်ခုခုမှ   ဘွဲ့ရပြီး  အသက်  ၃၅  နှစ် မကျော်သူများ၊    နှစ်နှစ်    သင်တန်းအတွက် တက္ကသိုလ်ဝင်စာမေးပွဲ    အောင်မြင်ပြီးသူများ တက်ရောက်နိုင်ပါသည်။      ယွန်းအတတ်ပညာ ကျွမ်းကျင်သူ   တစ်နှစ်သင်တန်းလည်း   ဖွင့်လှစ် သင်ကြားပေးနေရာ (KG+9) အောင်မြင်၍ အသက် ၂၀ မကျော်သေးသူများ တက်ရောက်နိုင်ပါသည်။ ယွန်းအတတ်ပညာဒီပလိုမာ နှစ်နှစ်သင်တန်းတွင် ကညစ်ယွန်းမေဂျာ၊ ရွှေဇဝါယွန်းမေဂျာ၊ သားရိုး ပန်းကြွယွန်းမေဂျာဟူ၍   အဓိကမေဂျာ  သုံးမျိုး သတ်မှတ်ထားသည်။
 ယွန်းပညာကောလိပ် (ပုဂံ)မှ ဒီပလိုမာ နှစ်နှစ် သင်တန်း အောင်မြင်ပြီးသူများသည် ဒီပလိုမာဘွဲ့ အပြင် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်းနှင့်သန်လျင်) များသို့လည်း ပေါင်းကူး တက်ရောက်ခွင့်ရရှိကြမည်ဖြစ်သည်။    ယွန်း အတတ်ပညာကျွမ်းကျင်သူ    တစ်နှစ်သင်တန်း တက်ရောက် အောင်မြင်ပြီးသူများအနေဖြင့်လည်း မြန်မာနိုင်ငံလုပ်သားများ  ကျွမ်းကျင်မှုစံသတ်မှတ် ပြဋ္ဌာန်းရေးအဖွဲ့ National Skills Standards Authority (NSSA) အသိအမှတ်ပြု ကျွမ်းကျင်မှု အဆင့်-၂ သို့ ဝင်ရောက်ဖြေဆိုခွင့်ရရှိခြင်း၊ တစ်ပိုင် တစ်နိုင်လုပ်ငန်းငယ်များ ထူထောင်လုပ်ကိုင်နိုင်ခြင်း၊ ယွန်းထည်အလုပ်ရုံများတွင် ကျွမ်းကျင်လုပ်သား များအဖြစ်   ဝင်ရောက်လုပ်ကိုင်နိုင်ခြင်း   စသော အကျိုးကျေးဇူးများကို ရရှိကြမည်ဖြစ်ပေသည်။
(ဆက်လက်ဖော်ပြပါမည်)