
ပခုက္ကူ ဖေဖော်ဝါရီ ၂၅
မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင်နှင့် မြို့နယ် ဌာနဆိုင်ရာဝန်ထမ်းများအတွက် ပခုက္ကူမြို့ အမှတ်(၁)ရပ်ကွက် လေယာဉ်ကွင်းဟောင်း၌ ရှစ်ခန်းတွဲငါးထပ် နိုင်ငံ့ဝန်ထမ်းအငှားအိမ်ရာအဆောက်အအုံတစ်လုံး တည်ဆောက်မှု လုပ်ငန်းကို ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ ၉၉ ရာခိုင်နှုန်းပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် မကွေးတိုင်း ဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေကျပ် ၉၈၉ သန်းဖြင့် ရှစ်ခန်းတွဲငါးထပ် နိုင်ငံ့ဝန်ထမ်း အငှားအိမ်ရာ အဆောက်အအုံတစ်လုံးကို တင်ဒါအောင်မြင်သည့် ကုမ္ပဏီက ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁ ရက်မှစတင်ကာ တာဝန်ယူ အကောင်အထည်ဖော် တည်ဆောက်လျက် ရှိရာ ဖေဖော်ဝါရီ ၂၀ ရက်အထိ တည်ဆောက်မှု လုပ်ငန်း ၉၉ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ အဆောက်အအုံ၏ အကျယ် အဝန်းမှာ စတုရန်းပေပေါင်း ၃၃၈၂၂ ပေရှိပြီး တစ်ထပ်အတွင်း၌ အခန်းပေါင်း ရှစ်ခန်းပါရှိ သည့် ငါးထပ်အဆောက်အအုံတစ်လုံးဖြစ် ကြောင်း၊ တည်ဆောက်မှုလုပ်ငန်းများကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ရာနှုန်းပြည့် ပြီးစီးအောင် ဆောင်ရွက်မည်ဖြစ်ပြီး လုပ်ငန်း စံချိန်စံညွှန်းအရည်အသွေးများနှင့် ကိုက်ညီစွာ အကောင်အထည်ဖော်တည်ဆောက်ပြီးစီးရေး ပခုက္ကူခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးအောင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန် ရှိသူများနှင့်အတူ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း တင်ဒါအောင်ကုမ္ပဏီမှ တည်ဆောက်ရေးတာဝန်ခံ အင်ဂျင်နီယာ ဦးတိုးကိုကိုဟန်က ပြောသည်။
ခရိုင်(ပြန်/ဆက်)