
ပခုက္ကူ မတ် ၁၉
မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနက ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ခြောက်လတာကာလတွင် ကျေးရွာ ၁၃ ရွာ၌ သောက်သုံးရေရရှိရေးလုပ်ငန်းများကို ငွေကျပ် ၃၀၄ ဒသမ ၁၃ သန်းဖြင့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှ စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းအားလုံး ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးနေပြီဖြစ် ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများ သောက်သုံးရေဖူလုံစွာရရှိရန် ဦးစားပေး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယခုဘဏ္ဍာနှစ်တွင် ပခုက္ကူခရိုင်အတွင်း ယခင်နှစ်က ရေပေးဝေခဲ့သည့် ကျေးရွာများနှင့် အခြားရေရှားပါးပြတ်လပ်နိုင်သည့် ကျေးရွာ ၁၃ ရွာကို ဦးစားပေးကာ တွင်းနက်စက်ရေတွင်းသစ်တူးဖော်ခြင်းလုပ်ငန်း ၁၁ ခု၊ မြေသားရေကန်တိုးချဲ့ပြုပြင်တူးဖော်ခြင်းလုပ်ငန်းတစ်ခု၊ စင်မြင့်ရေစင်ဆောက်ခြင်း လုပ်ငန်းတစ်ခု စုစုပေါင်း ၁၃ ခုကို ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် ၂၀၇ ဒသမ ၇၃ သန်း၊ တိုင်းဒေသကြီးရန်ပုံငွေကျပ် ၉၆ ဒသမ ၄ သန်း၊ စုစုပေါင်းငွေကျပ် ၃၀၄ ဒသမ ၁၃သန်းဖြင့်၂၀၂၁ နှစ် ဒီဇင်ဘာလ ပထမပတ်မှ စတင်အကောင်ထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း၊ လက်ရှိ အချိန်တွင် ရေရရှိရေးလုပ်ငန်းအားလုံး ရာနှုန်းပြည့် ဆောင်ရွက် ပြီးစီးပြီဖြစ်ကြောင်း ခရိုင်ဦးစီးမှူး ဦးဇော်လင်းနိုင်က ပြောသည်။
အဆိုပါ ရေပေးရေးလုပ်ငန်းများအားလုံး ဆောင်ရွက်နိုင်မှုကြောင့် ကျေးရွာ ၁၃ ရွာရှိ အိမ်ခြေ ၂၂၆၅ အိမ်မှ လူဦးရေ ၁၁၀၀၀ နီးပါးအတွက် ရာသီမရွေး သောက်သုံးရေများ လုံလောက်စွာ ရရှိသုံးစွဲနိုင်ပြီဖြစ် ကြောင်း သိရသည်။
ကိုလှိုင်(ကျေးလက်)