
ပိုင်ကျုံ ဇူလိုင် ၃၀
ကရင်ပြည်နယ် ပိုင်ကျုံမြို့၌ ဇူလိုင် ၂၄ ရက်မှစတင်ကာ မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျချောင်းရေ စီးဆင်းလာ မှုကြောင့် ရေကြီးနစ်မြုပ်မှု ဖြစ်ပွား ခဲ့သော မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများကို မြို့အဆင့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲ ရေးကော်မတီ အဖွဲ့ဝင်များက ဇူလိုင် ၂၈ ရက်တွင် ကွင်းဆင်း ကြည့်ရှုခဲ့ပြီး အပျက်အစီးများအား အမြန်ဆုံးပြန်လည်ပြုပြင်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ အဖွဲ့ဝင်များသည် မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေစီးဆင်းမှုကြောင့် ရေကြီးနစ်မြုပ်ခဲ့သည့် အမှတ်(၂)၊ အမှတ်(၃)၊ အမှတ်(၄)၊ အမှတ်(၅)ရပ်ကွက်ရှိ ရေကြီးနစ်မြုပ်ခဲ့သည့် ရေတွင်းရေကန်များ၊ စိုက်ပျိုးပြီး စပါးထိခိုက်ပျက်စီးမှုစာရင်းများ ကောက်ယူခြင်းနှင့် ရေတိုက်စား မှုကြောင့် အမှတ်(၂)ရပ်ကွက်ရှိ ကျမ်းစာသင်ကျောင်းနှင့် အလက ကြက်တူရွေးကျောင်းတို့၏ အုတ် တံတိုင်း ပြိုကျပျက်စီးမှုအခြေအနေ နှင့် ကြက်တူရွေးကျေးရွာအုပ်စု အတွင်းရှိ ထီလုံ-တာပေါင်-ပတ- နဘူး-ကော့ကရိတ် (တံတားကျိုး လမ်း)လမ်းမကြီးပေါ်၌ တံတား အမှတ်(၃/၂၂) အရှည် ပေ ၂၀ နှင့် တံတားအမှတ်(၁/၂၂) အရှည် ၁၀ ပေ သံကူကွန်ကရစ်တံတား နှစ်စင်း ပြိုကျပျက်စီးမှုအခြေအနေ များကို ကွင်းဆင်းစစ်ဆေးသည်။
ယင်းတံတားများ ပျက်စီးမှု ကြောင့် ပြည်သူများ လမ်းပန်း ဆက်သွယ်ရေး ပြတ်တောက်မှု မရှိစေရေးအတွက် ရွာတွင်း လမ်းလွှဲမှ သွားလာနိုင်ရန် စီစဉ် ဆောင်ရွက်ထားရှိပြီး ယာယီ ဘေလီသံပေါင်တံတား ဆောက် လုပ်ခြင်းလုပ်ငန်းကို ဇူလိုင် ၃၀ ရက်တွင် လမ်းအထူးအဖွဲ့ (၂၂)က လုပ်ငန်းစတင် အကောင်အထည် ဖော် ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။
နော်ခူး(ပြန်/ဆက်)