ပိုးလမ်းမကွန်ရက်မှသည် ကမ္ဘာပတ်လမ်းဆီသို့

Type
5

 

မိုး(MISIS)
 

သုတေသနစာတမ်းဖတ်ပွဲ ပြုလုပ်ခြင်း


မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေး အဖွဲ့ (Myanmar Institute of Strategic and International Studies-MISIS) နှင့်   တရုတ် ပြည်သူ့သမ္မတနိုင်ငံ ယူနန်တက္ကသိုလ်ရှိ    မြန်မာ့ ရေးရာလေ့လာရေးဌာနတို့ပူးပေါင်း၍ မြန်မာနိုင်ငံ နှင့် တရုတ်နိုင်ငံတို့မှ    သုတေသနပညာရှင်များ အကြား စာတမ်းဖတ်ကြားပွဲတစ်ရပ်ကို ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၂၀ ရက်နေ့တွင် ရန်ကုန်မြို့ Lotte Hotel ၌ လူကိုယ်တိုင်ဖြင့်လည်းကောင်း၊ အွန်လိုင်း စနစ်ဖြင့်လည်းကောင်း ပါဝင်သည့်       Hybrid  Format ဖြင့် ကျင်းပခဲ့ပါသည်။            စာတမ်းဖတ်ပွဲသို့     ပြည်ထောင်စုအစိုးရအဖွဲ့ရုံး     ဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်  တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ 


Belt and Road Initiative (BRI) (၁၀)နှစ်ပြည့် အထိမ်းအမှတ်ဖြစ်သည့် “ရပ်ဝန်းနှင့် ပိုးလမ်းမ အဆိုပြုချက်နှင့် မျှဝေခံစားနိုင်သည့်     အနာဂတ် အသိုက်အဝန်းထွန်းကားရေးဆိုင်ရာ     တရုတ်-မြန်မာပူးပေါင်းဆောင်ရွက်မှု”    စာတမ်းဖတ်ပွဲ မည်သို့စတင်ပေါ်ပေါက်လာသည်ကိုလည်း   တင်ပြ လိုပါသည်။ ယူနန်တက္ကသိုလ်၊ မြန်မာ့ရေးရာလေ့လာ ရေးဌာနက   MISIS  ဘက်သို့      အဆိုပြုခဲ့ခြင်းမှ စတင်ပေါ်ပေါက်လာခြင်းဖြစ်ပါသည်။    စာတမ်း ဖတ်ပွဲဟု ဆိုသော်လည်း ပုံမှန်စာတမ်းဖတ်ပွဲများကဲ့သို့မဟုတ်ဘဲ   ပြင်ဆင်မှုအားကောင်းစွာဖြင့် ဖတ်ကြားဆွေးနွေးမည့်စာတမ်းများကို   ကြိုတင် ပုံနှိပ်၍ သုတေသနစာတမ်းများ ပေါင်းစုထားသော မြန်မာဘာသာဖြင့် စာအုပ်ကို ဖွင့်ပွဲ၌ပင်  မိတ်ဆက် ပြသနိုင်ခဲ့ပါသည်။ မြန်မာဘာသာဖြင့် စာတမ်းများ ကိုလည်း တရုတ်ဘာသာသို့   ပြန်ဆိုပုံနှိပ်ခြင်းကို လည်း မကြာမီအချိန်အတွင်း ဆက်လက်ထုတ်ဝေရန် ယူနန်တက္ကသိုလ်၊ မြန်မာ့ရေးရာလေ့လာရေးဌာနက စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။


ယခုကဲ့သို့ သုတေသနစာတမ်းများ ပြုစုပုံနှိပ် ခြင်းနှင့် စာတမ်းဖတ်ပွဲကျင်းပခြင်းတွင် ခိုင်မာသော ရည်ရွယ်ချက်များရှိပါသည်။ ယင်းရည်ရွယ်ချက်များ ၌ တရုတ်-မြန်မာ နှစ်နိုင်ငံ အကြား (၇၃)နှစ်ကျော် သက်တမ်းရှိပြီဖြစ်သော ဆွေမျိုးပေါက်ဖော်ဆက်ဆံ ရေး အဓွန့်ရှည်စေရန်၊ သံတမန်နည်းလမ်းသွယ် (၁.၅) (Track 1.5 Diplomacy)နှင့်    သံတမန် နည်းလမ်းသွယ် (၂)   (Track II    Diplomacy) လမ်းကြောင်းတို့ဖြင့် ဆယ်စုနှစ်တစ်ခုကျော် အသိ ပညာနှင့်   အတွေးအမြင်များ ဖလှယ်ခဲ့ကြသော တတ်သိပညာရှင်အဖွဲ့အစည်း   (Think Tanks) နှစ်ခုကြား  ချစ်ကြည်ရင်းနှီးမှု   ပိုမိုခိုင်မာရန်နှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်ရန်၊ အလားတူ ဆယ်နှစ်သက်တမ်းရှိပြီဖြစ်သော   ရပ်ဝန်းနှင့် ပိုးလမ်းမအဆိုပြုချက် စီမံကိန်းများ၏ အောင်မြင်မှု နှင့် ဆုံးရှုံးမှုသော့ချက်များ၊ အားနည်းချက်များကို လေ့လာ၍ ပိုမိုကောင်းမွန်သော  အနာဂတ်ဖြစ်ထွန်း နိုင်ရေးအတွက် အကြံပြုသုံးသပ်ချက် စာတမ်းများ ပေါ်ထွက်ရန်၊ ထိုမှတစ်ဆင့် သက်ဆိုင်ရာတာဝန်ရှိ အကြီးအကဲများထံ မူဝါဒရေးရာ အကြံပြုချက်များ တင်ပြနိုင်ရန် စသည်တို့ပါဝင်ပါသည်။


ထို့ပြင် မြန်မာနိုင်ငံ၏ နိုင်ငံတကာဆက်ဆံရေး၊ ကုန်သွယ်စီးပွားဆက်ဆံရေး၊ လူမှုဘဝ  ဖြစ်ပေါ် တိုးတက်မှုများကို ကမ္ဘာ့ပြည်သူများနှင့်   မြန်မာ ပြည်သူများအကြား နားလည်သိရှိမှု မြှင့်တင်ရေးနှင့် အသိပညာ        တိုးတက်ပြန့်ပွားစေရေးအတွက် သုတေသနပြုလုပ်ရန်၊ ဆွေးနွေး နှီးနှောဖလှယ်ပွဲများ နှင့် စာတမ်းဖတ်ပွဲများ စီစဉ်ကျင်းပရန် စသည်တို့ သည် မြန်မာနိုင်ငံ မဟာဗျူဟာနှင့်     နိုင်ငံတကာ လေ့လာရေးအဖွဲ့၏   အမြော်အမြင် (Vision)တွင် ပါဝင်သည့် မျှော်မှန်းချက်များ   ဖြစ်ပါသည်။
သုတေသနစာတမ်းစုစည်းမှု      စာအုပ်တွင် မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာ ရေးအဖွဲ့မှ အမှုဆောင်အဖွဲ့ဝင်များနှင့် သုတေသီများ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဘာသာရပ်ကျွမ်းကျင်သူ များ၊ ရန်ကုန်တက္ကသိုလ် နိုင်ငံတကာဆက်ဆံရေးနှင့် နိုင်ငံရေးသိပ္ပံဌာန၊     ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ်တို့မှ ဘွဲ့လွန်ကျောင်းသူများ၏ စာတမ်း (၁၁) စောင်အပြင် ယူနန်တက္ကသိုလ်၊   မြန်မာ့ရေးရာ လေ့လာရေးဌာနက ဦးဆောင်၍ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးအပါအဝင် ပီကင်းတက္ကသိုလ်၊ ရှမန်တက္ကသိုလ်တို့မှ ပါမောက္ခ များ၊ တွဲဖက်ပါမောက္ခများနှင့် သုတေသီပညာရှင် များ၏ စာတမ်း ၁၆  စောင်တို့ကို ဖော်ပြခဲ့ပါသည်။ 


ရပ်ဝန်းနှင့် ပိုးလမ်းမ အဆိုပြုချက်နှင့်စပ်လျဉ်း၍ နိုင်ငံရေး၊ စီးပွားရေး၊ ဘဏ္ဍာရေး၊ ပညာရေးရှုထောင့်စုံ ကဏ္ဍစုံမှနေ၍   ခွဲခြမ်းစိတ်ဖြာ   သုံးသပ်သော သုတေသနစာတမ်းများကို   ရေးသားတင်သွင်းခဲ့ကြ ပါသည်။       လက်တွေ့စာတမ်းဖတ်ကြားပွဲတွင်မူ မြန်မာနိုင်ငံဘက်မှ ပညာရှင်သုတေသီ ၁၁ ဦးနှင့် တရုတ်နိုင်ငံဘက်မှ ခုနစ်ဦး ပါဝင်ဖတ်ကြားခဲ့ပြီး မြန်မာ၊ တရုတ် မိခင်ဘာသာစကားတို့ဖြင့် တင်ပြ ဆွေးနွေး၍ ဘာသာပြန်သူက    တရုတ်ဘာသာသို့ လည်းကောင်း၊ မြန်မာဘာသာသို့လည်းကောင်း ဘာသာပြန်ဆိုရှင်းလင်း ပြောကြားပါသည်။


စာတမ်းဖတ်ပွဲတွင် မြန်မာ-တရုတ်  နှစ်နိုင်ငံမှ ပညာရှင်များသည် ရပ်ဝန်းနှင့် ပိုးလမ်းမ အဆိုပြု ချက် (BRI)နှင့် ပတ်သက်၍ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ဘဏ္ဍာရေး စသည့် ရှုထောင့်စုံမှ လေ့လာ သုံးသပ်ပြီးနောက် နှစ်ဦးနှစ်ဖက်    အကျိုးဖြစ်ထွန်း စေပြီး ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင်နိုင်မည့် အကြံပြုချက်များကို ဆွေးနွေးခဲ့ကြပါသည်။


တရုတ်သုတေသနပညာရှင်များ၏ စာတမ်းများ အရ အိမ်နီးချင်းမြန်မာနိုင်ငံနှင့် ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးကို   အလေးထားပြီး    ကံကြမ္မာတူ အသိုက်အဝန်းကို အတူတကွ ထူထောင်လိုကြောင်း လေ့လာသိရှိရပါသည်။ နှစ်ဖက်ပညာရှင်များနှင့် သုတေသီများသည်   ပိုးလမ်းမ အဆိုပြုချက်၏ သမိုင်းကြောင်းနှင့်  လက်ရှိအခြေအနေတို့အပေါ် မူတည်၍    နှစ်နိုင်ငံအကြား    ပိုမိုနီးကပ်သော ဆက်ဆံရေးတည်ဆောက်နိုင်ရန်နှင့် အတူတကွ ဖွံ့ဖြိုးတိုးတက်နိုင်ရန် စီမံကိန်း၏   အားသာချက်/ အားနည်းချက်တို့ကို    ထောက်ပြဆွေးနွေးခဲ့ကြပါ သည်။


Belt and Road Initiatives ဆိုသည်မှာ


အလျဉ်းသင့်၍  ရပ်ဝန်းနှင့်ပိုးလမ်းမ   အဆိုပြုချက် (Belt and Road Initiatives - BRI) နှင့် ပတ်သက်၍ ဗဟုသုတဖြစ်ဖွယ်အချက်များကိုလည်း မျှဝေလိုပါ သည်။ BRI သည် ၂၀၁၃ ခုနှစ် စက်တင်ဘာလနှင့် အောက်တိုဘာလတို့တွင်  တရုတ်သမ္မတ ရှီကျင့်ဖျင် ၏  ကာဇက်စတန်နှင့် အင်ဒိုနီးရှားနိုင်ငံ ခရီးစဉ်များ အတွင်း    စတင်မိတ်ဆက်ခဲ့သော   တရုတ်နိုင်ငံ၏ ကမ္ဘာတစ်ဝန်း ဖြန့်ကြက်ရန်  ရည်ရွယ်ထားသော ရေရှည်မဟာဗျူဟာစီမံကိန်းတစ်ခု   ဖြစ်ပါသည်။ One Belt One Road (OBOR) တစ်ခုတည်းသော ရပ်ဝန်း၊ တစ်ခုတည်းသော     လမ်းကြောင်းအဖြစ် စတင် မိတ်ဆက်ခဲ့ပြီး   ၂၀၁၆ ခုနှစ်တွင် BRI အဖြစ် ပြောင်းလဲသတ်မှတ်ခဲ့ပါသည်။


BRI သည် ကုန်းလမ်းကြောင်း     ပိုးလမ်းမ စီးပွားရေးရပ်ဝန်း (Silk Road Economic Belt - SREB) နှင့် ၂၁ ရာစုရေကြောင်းပိုးလမ်းမ (21st Century Maritime Silk Road-MSR) အစိတ် အပိုင်းနှစ်ခုကို   ပေါင်းစပ်ထားသည့်     ခေတ်သစ် ပိုးလမ်းမစီမံကိန်းဖြစ်ပါသည်။  ကုန်းလမ်းကြောင်း   ပိုးလမ်းမစီးပွားရေးရပ်ဝန်းသည်    တရုတ်နိုင်ငံမှ အစပြု၍ ကုန်းတွင်းပိတ် အာရှအလယ်ပိုင်း၊ ထိုမှ တစ်ဆင့် အရှေ့တောင်အာရှ၊ တောင်အာရှ၊ အရှေ့ အလယ်ပိုင်းနှင့် ဥရောပနိုင်ငံများကို ကုန်းလမ်း ကြောင်းဖြင့် ချိတ်ဆက်သည့် ကွန်ရက်ဖြစ်ပါသည်။ ပင်လယ်ရေကြောင်းပိုးလမ်းမသည် တောင်တရုတ် ပင်လယ်၊ တောင်ပစိဖိတ်သမုဒ္ဒရာ၊ အိန္ဒိယသမုဒ္ဒရာ တို့မှတစ်ဆင့် အရှေ့တောင်အာရှမှ    တောင်အာရှ၊ အရှေ့ အလယ်ပိုင်း၊ အာဖရိက၊ တောင်အမေရိကနှင့် ဥရောပတို့ကို ဖြတ်သန်းသွားလာနိုင်မည့်    အင်ဒို- ပစိဖိတ်ပင်လယ်ရေလမ်းကြောင်းကွန်ရက်ဖြစ်ပါသည်။
တရုတ်နိုင်ငံသည်  စီမံကိန်းကွန်ရက်အတွင်း ပါဝင်နေသည့် နိုင်ငံများ၏ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရန်   အခြေခံအဆောက်အအုံများ တည်ဆောက်၍ ကုန်စည်စီးဆင်းမှု လွယ်ကူချောမွေ့ မှုမှသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသို့ ရည်ရွယ် သည့် ရင်းနှီးမြှုပ်နှံမှုများကို   ဆောင်ရွက်ပါသည်။ အခြေခံအဆောက်အအုံ    တည်ဆောက်ရေးတွင် ဆိပ်ကမ်းများ၊ မိုးမျှော်တိုက်များ၊ မီးရထားလမ်းများ၊ အဝေးပြေးလမ်းမများ၊ တံတားများ၊ လေဆိပ်များ၊ ဆည်များ၊ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ များ၊ ရထားလမ်းဥမင်များ၊    ရေနံပိုက်လိုင်းများ၊ နယ်စပ်ကုန်သွယ်ရေးကွန်ရက်များ ပါဝင်ပါသည်။


ထို့ပြင် ကုန်းလမ်းကြောင်းကွန်ရက်အတွင်းရှိ နိုင်ငံများအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ကို မြှင့်တင်နိုင်မည့်   နိုင်ငံတကာစီးပွားရေးစင်္ကြံ  (၆) ခုကို မိတ်ဆက်ရမည်ဆိုလျှင် - 


    (၁)    ယူရေးရှားအသစ်    ကုန်းလမ်းပေါင်းကူး စီးပွားရေးစင်္ကြံ  (New Eurasia Land Bridge Economic Corridor)
    (၂)    တရုတ်-မွန်ဂိုလီးယား-ရုရှား စီးပွားရေး စင်္ကြံ  (China-Mongolia-  Russia Economic Corridor)
    (၃)    တရုတ်-အာရှအလယ်ပိုင်း-အာရှအနောက် ပိုင်း စီးပွားရေးစင်္ကြံ (China-Central Asia-West Asia Economic Corridor) 
    (၄)    တရုတ်-    အင်ဒိုချိုင်းနားကျွန်းဆွယ် စီးပွားရေးစင်္ကြံ   (China-Indochina Peninsula Economic Corridor) 
    (၅)    တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ
        (China-Pakistan Economic Corridor) 
    (၆)    ဘင်္ဂလားဒေ့ရှ်-တရုတ်-အိန္ဒိယ- မြန်မာ စီးပွားရေးစင်္ကြံ (Bangladesh- China-India-Myanmar Economic Corridor (BCIM)) တို့ ဖြစ်ကြပါသည်။ 


Fudan University အစိမ်းရောင်စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုစင်တာ၏ ၂၀၂၃ ခုနှစ် ဩဂုတ်လ အထိစာရင်းအရ နိုင်ငံပေါင်း  ၁၅၅ နိုင်ငံက စီမံကိန်း တွင် ပါဝင်ရန် နားလည်မှုစာချွန်လွှာများ လက်မှတ် ရေးထိုးပြီးဖြစ်ကာ ကမ္ဘာ့လူဦးရေ၏ ၇၅ ရာခိုင်နှုန်း နီးပါးရှိပါသည်။ တရုတ်နိုင်ငံ၏ BRI အဆိုပြုချက်နှင့် စပ်လျဉ်း၍ ရင်းနှီးမြှုပ်နှံမှုများမှာ   ၂၀၂၃ ခုနှစ် ဇူလိုင်လအထိ အမေရိကန်ဒေါ်လာတစ်ထရီလီယံကျော်တန်ဖိုးရှိပြီဖြစ်ပါသည်။


မြန်မာနိုင်ငံသည်     ပထဝီအနေအထားအရ ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းတွင် မဟာဗျူဟာ ကျသည့်နေရာ၌ တည်ရှိပြီး  တရုတ်-အင်ဒိုချိုင်းနား ကျွန်းဆွယ်    စီးပွားရေးစင်္ကြံနှင့်  ဘင်္ဂလားဒေ့ရှ်-တရုတ်-အိန္ဒိယ-မြန်မာစီးပွားရေးစင်္ကြံ   အစိတ် အပိုင်းများတွင် ပါဝင်လျက်ရှိပါသည်။ မြန်မာနိုင်ငံ သည် BRI အကောင်အထည်ဖော်ဆောင်မှု အစီ အစဉ်များတွင် ပါဝင်လျက်ရှိပြီး    တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (China-Myanmar Economic Corridor-CMEC) ပူးတွဲတည်ထောင်ရေး နားလည်မှု စာချွန်လွှာတွင်လည်း လက်မှတ်ရေးထိုးပြီးဖြစ်ပါ သည်။ 


တရုတ်-မြန်မာစီးပွားရေးစင်္ကြံ        ပူးတွဲ တည်ထောင်ရေးသည် တရုတ်နိုင်ငံ ယူနန်ပြည်နယ် မှ အစပျိုး၍ မြန်မာနိုင်ငံ မန္တလေးမြို့အထိ၊ ထိုမှ တစ်ဆင့် ရန်ကုန်မြို့နှင့် ကျောက်ဖြူမြို့သို့ ဖြာထွက် သွားသည့်လမ်းကြောင်းများအတိုင်း   ဆောင်ရွက် မည်ဖြစ်ကာ နှစ်နိုင်ငံဘက်စုံစီးပွားကုန်သွယ်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းနှင့်    ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာကိစ္စများတွင်   ဖွံ့ဖြိုးတိုးတက်မှုရရှိစေရေး အတွက် ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပါသည်။


BRI ကမ္ဘာလုံးဆိုင်ရာ      ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတွင် ပါဝင်ဆောင်ရွက်ကြရာတွင် ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက်သာမက  နိုင်ငံတကာကွန်ရက် နှင့်ပါ ချိတ်ဆက်၍ ကုန်သွယ်ရေး၊ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုအလားအလာကောင်းများ ရရှိနိုင်သော ကြောင့်     သဘောကျနှစ်ခြိုက်သူများရှိသကဲ့သို့ စီမံကိန်းများ      အကောင်အထည်ဖော်ဆောင်မှု ကြောင့် ကြွေးမြီထောင်ချောက်ပြဿနာများ ရှိနိုင် သည်။ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝနစ်နာ သည်။  သဘာဝပတ်ဝန်းကျင်ကို   ထိခိုက်သည် ဟူသော ဝေဖန်မှုသုံးသပ်မှုများလည်း ကြုံတွေ့ကြရ ပါသည်။


ပူးပေါင်းဆောင်ရွက်ရာတွင် သတိပြုဖွယ်များ


မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံအကြား ပူးပေါင်း ဆောင်ရွက်မှုများနှင့်      နှစ်နိုင်ငံစီးပွားရေးစင်္ကြံ ဖော်ဆောင်ရာတွင် သတိပြုဖွယ်များလည်း ရှိနေပါ သည်။  ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က ၎င်း၏ အဖွင့်အမှာစကားတွင်  “မည်သည့်ကိစ္စတွင်မဆို ဒင်္ဂါးပြား၏ ခေါင်းနှင့်ပန်းကဲ့သို့ အကောင်းအဆိုး ဒွန်တွဲတည်ရှိနေတတ်ပြီး အားသာချက် အားနည်း ချက်တို့ကို အကဲဖြတ်စိစစ်မည်ဆိုလျှင်   ယင်း စီမံကိန်းကြောင့် အကျိုးကျေးဇူး  မည်မျှခံစားနိုင် မည်။ အများပြည်သူ၏ လူမှုစီးပွားဘဝ  မည်မျှ တိုးတက်နိုင်မည်ကို ယှဉ်ထိုးစဉ်းစား တိုင်းတာကြရ မည်ဖြစ်ကြောင်း။  အကဲဖြတ်   တိုင်းတာရာတွင် လည်း  ယခင်က    သဘာဝပတ်ဝန်းကျင်နှင့် သက်ဆိုင်ရာ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ ထိခိုက်နိုင်ခြေများအတွက်   EIA (Environmental Impact Assessment)၊ SIA (Social Impact Assessment) တို့ကို    လေ့လာသုံးသပ်ချက်များ ပြုလုပ်လေ့ရှိပြီး ယခုနောက်ပိုင်းတွင် ဖွံ့ဖြိုးဆဲနိုင်ငံ များ၌ ကြုံတွေ့ရလေ့ရှိသည့် ပြည်တွင်းနိုင်ငံရေး အခြေအနေနှင့် နိုင်ငံတကာ    လှုပ်ရှားမှုများ၏ မဟာဗျူဟာတို့ကို  စဉ်းစားရန် Political Impact Assessment နှင့် Strategic Impact Assessment တို့ကိုလည်း ထည့်သွင်းတွက်ချက်ရန်    လိုအပ် ကြောင်း၊    သို့မှသာ   အထိခိုက် အနည်းဆုံးနှင့် အကျိုးမြတ်အများဆုံးရနိုင်သည့်    စီမံကိန်းကို ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း”     ထည့်သွင်း ပြောကြားခဲ့ပါသည်။


စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရာ တွင် စိန်ခေါ်မှုများစွာရှိနေသောကြောင့် စီမံကိန်း ဖြစ်နိုင်ခြေကို ဂဃနဏ လေ့လာဆုံးဖြတ်ရမည်မှာ ကနဦးလိုအပ်ချက်ဖြစ်ပါသည်။ ထို့အပြင် တာဝန် ရှိသူများက သက်ဆိုင်ရာနယ်မြေရှိ ဒေသခံပြည် သူလူထုနှင့် ပတ်ဝန်းကျင်ထိခိုက်ဆုံးရှုံးမှု   အနည်း ဆုံးဖြစ်ရေး၊  လူမှုစီးပွားဘဝများ    ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အာမခံချက်ရှိစေရေးတို့ကို အဓိကအလေးထား ဆောင်ရွက်ရန် လိုအပ်ပါသည်။ စီမံကိန်းလုပ်ငန်းများကို မစတင်မီကပင်  ပွင့်လင်း မြင်သာမှုရှိရှိဖြင့် စီမံကိန်း၏ တိုက်ရိုက်သက်ရောက်မှု များ ခံစားရမည့်   ဒေသခံပြည်သူများအမြင်ကို အများပြည်သူထံ အသိပေးရမည်ဖြစ်သည်။ 


BCIM Corridor နှင့် CMEC Corridor စီမံကိန်း များ   အကောင်အထည်ဖော်ရာတွင်   အခြေခံ အဆောက်အအုံများ    တည်ဆောက်ခြင်းဖြင့် လမ်းပန်းဆက်သွယ်ရေး ပိုမိုဖွံ့ဖြိုးတိုးတက်လာပြီး ဈေးကွက်များ    ဖြစ်ထွန်းနိုင်ခြင်း၊    ကုန်သွယ်မှု လျင်မြန်စွာ  စီးဆင်းနိုင်ခြင်း  အကျိုးကျေးဇူးများ ရရှိနိုင်သည်။ အလားတူ    စီမံကိန်းလမ်းကြောင်း တစ်လျှောက်ရှိ နိုင်ငံအသီးသီးရှိ    ပြည်သူလူထု အားလုံးတန်းတူညီမျှအခွင့်အရေးရရှိရန်၊ အားလုံး အတူတကွ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုရရှိရန် စသည် တို့လည်း မဖြစ်မနေ လိုအပ်ပါသည်။


လူ့သမိုင်း ဖြစ်ပေါ်တိုးတက် ပြောင်းလဲမှုများ သည် လူတို့၏   လုပ်ဆောင်ချက်များကြောင့်ပင် ဖြစ်သကဲ့သို့ ကိစ္စရပ်တိုင်းတွင်လည်း အကောင်း အဆိုး အကြောင်းအကျိုးတို့က အစဉ်အမြဲ ယှဉ်တွဲ နေတတ်ပါသည်။ ထို့ကြောင့် မိမိတို့လက်ထက်တွင် ပေါ်ပေါက်လာသော အခွင့်အလမ်းများ၊ စိန်ခေါ်မှု များကို မိမိတို့က နောင်အနာဂတ် မျိုးဆက်သစ် များအတွက် မည်ကဲ့သို့  ပုံဖော် ထုဆစ်ကြမည်ဆိုသည် မှာ ယနေ့ခေတ်မျိုးဆက်ဖြစ်သည့် မိမိတို့လက်ဝယ် တွင် ရှိနေပါသည်။ 


မြန်မာနိုင်ငံသည် BRI စီမံကိန်းများအတွက် အလွန်မဟာဗျူဟာကျသည့် တည်နေရာတွင် ရှိနေ သဖြင့် နှစ်နိုင်ငံ၏ ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးကို အလေးထား ထိန်းသိမ်းကာ မိမိနိုင်ငံ၏ လုံခြုံရေးနှင့် အမျိုးသားစီးပွားကို ထိခိုက်မှုမရှိစေသည့် ပူးပေါင်း ဆောင်ရွက်မှုများကို လုပ်ဆောင်၍   နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကို ဖော်ဆောင်သင့်ပါ သည်။ ကမ္ဘာ့အင်အားကြီး တရုတ်နှင့် အိန္ဒိယနိုင်ငံတို့ အကြား တည်ရှိနေပြီး ပထဝီအနေအထား  ပေးထား ချက်၏ အားနည်းချက်တို့ကို သတိထားကိုင်တွယ် ရင်း အားသာချက်တို့ကို ပါးပါးနပ်နပ် အသုံးချရမည် ဖြစ်ပါသည်။ 


BRI  စီမံကိန်းများကို တရုတ်နိုင်ငံတည်ထောင်မှု နှစ်(၁၀၀)ပြည့်သည့် ၂၀၄၉ ခုနှစ်တွင် ပြီးမြောက်ရန် ရည်မှန်းပါသည်။ ထိုရည်မှန်းချက်  ပြည့်မြောက် ချိန်တွင် မြန်မာနိုင်ငံနှင့် ပြည်သူများသည်လည်း ဒေသတွင်းနိုင်ငံများနှင့်သာမက ကမ္ဘာ့နိုင်ငံများနှင့်ပါ စီးပွားရေး၊ ကုန်သွယ်ရေး၊ လူမှုစီးပွားဘဝ  စသည့် ကဏ္ဍအသီးသီးတို့တွင် ဖွံ့ဖြိုးတိုးတက်မှု အသီးအပွင့် များ    ခံစားရမည်ဟု      ယုံကြည်မျှော်လင့်     မိပါ သည်။      ။ 
 

ကျမ်းကိုးစာရင်း
ရပ်ဝန်းနှင့်ပိုးလမ်းမအဆိုပြုချက်နှင့်  မျှဝေ ခံစားနိုင်သည့်အနာဂတ်     အသိုက်အဝန်း ထွန်းကားရေးဆိုင်ရာ တရုတ်-မြန်မာပူးပေါင်း ဆောင်ရွက်မှု သုတေသနစာတမ်းများ