မြင့်မြတ်သစ္စာ
ပဲခူးတိုင်းဒေသကြီး ဖြူးမြို့သည် အမြန်လမ်း ၁၁၅ မိုင်အနီးတွင်တည်ရှိပြီး မိုးရာသီတွင် မိုးကောင်းသောဒေသဖြစ်၍ မိုးစပါးအောင်မြင်ဖြစ်ထွန်းရာ ဒေသတစ်ခုဖြစ်သည်။ အလယ်ရိုးမမှ စီးဆင်းလာသောရေကို ဖြူးမြို့၏အနောက်ဘက် ခုနစ်မိုင်ခန့်အကွာ ဖြူးချောင်းပေါ်တွင် ဖြူးချောင်းရေလှောင်တမံဖြင့် ထိန်းသိမ်းထားရှိပြီး နွေရာသီတွင် နွေစပါးများအတွက် ဆည်ရေများပို့လွှတ်ပေးနေသည့်အပြင် ရေအားလျှပ်စစ်ထုတ်၍ နိုင်ငံတော်ဓာတ်အားလိုင်းအတွင်း ပို့လွှတ်ကာ ပြည်သူတို့လိုအပ်သော လျှပ်စစ်ဓာတ်အား ဖြည့်ဆည်းပေးရာ ဆည်တမံတစ်ခုလည်းဖြစ်သည်။
မြန်မာနိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်ဒေသတွင် နေထိုင်ကြပြီး အများစု၏ စီးပွားရေးလုပ်ငန်းမှာ လယ်ယာစိုက်ပျိုးရေး ဖြစ်သည်။ တစ်မျိုးသားလုံး၏ ပြည်တွင်းအသားတင် ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (GDP) ၏ ၃၀ ရာခိုင်နှုန်းခန့်ကို လယ်ယာကဏ္ဍမှ ရရှိလျက် ရှိသည်။ နိုင်ငံတော်အနေဖြင့် နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် ရေရှည်တည်တံ့သော လယ်ယာကုန်ထုတ်မှုစနစ် ထွန်းကားစေခြင်းဖြင့် ပြည်တွင်းစားနပ်ရိက္ခာဖူလုံ၍ အာဟာရပြည့်ဝပြီး ကျေးလက်နေပြည်သူတို့၏ လူမှုစီးပွားဘဝ မြင့်မားလာစေရေးနှင့် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေရန် စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍကို အရှိန်မြှင့်တင်ဆောင်ရွက်လျက် ရှိသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနအနေဖြင့် လယ်ယာစိုက်ပျိုးရေးကဏ္ဍ၊ တောင်သူတို့၏ လူမှုစီးပွားဘဝတိုးတက်ရေး၊ အရည်အသွေးမြင့် လယ်ယာနှင့် သားငါးထုတ်ကုန် များ တိုးမြှင့်ထုတ်လုပ်နိုင်ရေး၊ ပြည်သူအားလုံး စားရေရိက္ခာနှင့် အာဟာရဖူလုံမှုရရှိစေရေး၊ နိုင်ငံ တကာနှင့် ယှဉ်ပြိုင်နိုင်သည့် ပြည်ပပို့ကုန် တိုးမြှင့် တင်ပို့နိုင်ရေးတို့ကို ကြိုးပမ်းဆောင်ရွက်လျက် ရှိသည်။
တောင်သူတို့အတွက် အိုအေစစ်
ထိုသို့ကြိုးပမ်းရာတွင် တောင်သူတို့ ရာသီ မပြတ် သီးထပ်စိုက်ပျိုးထုတ်လုပ်နိုင်မှုအပေါ် မူတည်လျက်ရှိသည်။ အထူးသဖြင့် စိုက်ပျိုးရေ လိုအပ်ချက်ရှိသည့် နွေရာသီတွင် ဆည်တမံများ၏ အခန်းကဏ္ဍသည် အထူးအရေးပါလာသည်။ နိုင်ငံ တစ်ဝန်း၌ တောင်သူတို့ အားပြုစိုက်ပျိုးလေ့ရှိသည့် နွေစပါးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းရန် ရေလှောင်တမံများသည် တောင်သူတို့အတွက် အိုအေစစ်သဖွယ် အရေးပါလာခြင်းဖြစ်သည်။
ဖြူးမြို့သည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရာသီ အလိုက်သီးနှံများ လှိုင်လှိုင်ထွက်ရှိခြင်းဖြင့် စိုက်ပျိုး မွေးမြူရေးမှ စီးပွားရေးပွင့်လန်းနေသော မြို့လေး ဖြစ်သည်။ ယခင်က မိုးစပါးနှင့် ဆောင်းသီးနှံကိုသာ အမှီပြုခဲ့ရာမှ ဖြူးချောင်းရေလှောင်တမံ ဘက်စုံ စီမံကိန်း၏ အကျိုးကျေးဇူးဖြင့် ရာသီမရွေး စိုက်ပျိုး ရေရရှိမှုကြောင့် ယခင်ကထက် စိုက်ပျိုးမွေးမြူရေး ကို ပိုမိုအာရုံပြုလာကြခြင်းဖြစ်သည်။ ယခုလို မိုးရာသီတွင် စပါးခင်းများ စိမ်းလန်းစိုပြည်လျက်ရှိပြီး ကြက်၊ ဝက်၊ ဘဲနှင့်ငါးမွေးမြူရေးလုပ်ငန်းများ ဟန်ချက်ညီမှုဖြင့် တိုင်းဒေသကြီးအတွင်း ဝမ်းစာ ဖူလုံစေသည့်အပြင် ဆန်စပါးကို ပြည်ပပို့ကုန်အဖြစ် ထုတ်လုပ်တင်ပို့နိုင်လျက်ရှိသည်။
ထိုသို့ စိုက်ပျိုးမွေးမြူရေးကဏ္ဍ အောင်မြင် လာခြင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာနမှ ဝန်ထမ်းများ၏ စွမ်းဆောင်မှုများ အဓိကပါဝင်သည်။ အမြန်လမ်းမကြီး မိုင်တိုင် (၁၁၄) ၏ အနောက်ဘက်ငါးမိုင်ခန့်အကွာတွင် တည်ရှိသည့် ဖြူးချောင်းရေလှောင်တမံသည် ဖြူး မြို့နယ်၏ စိုက်ပျိုးမွေးမြူရေးကို အကျိုးပြုလျက် ရှိသည့်အပြင် ရေအားလျှပ်စစ်ထုတ်လုပ်ခြင်းဖြင့် ဘက်စုံစီမံကိန်း၏ အသီးအပွင့်ကို ဒေသခံပြည်သူ များ ခံစားရရှိနေကြသည်။ နိုင်ငံတော်၏စီးပွားရေး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုတွင် လိုအပ်နေသည့် ဒေါက်တိုင်တစ်ခုကို တာဝန်ကျေကျေ ဟန်ချက် ညီစွာဖြင့် လက်တွဲစိုက်ထူခဲ့ကြသည့် အကျိုးရလဒ် တစ်ခုပင်ဖြစ်သည်။
နှစ်စဉ်ပျမ်းမျှ ဧကပေ ၆၆၈၀၀၀ ရေစီးဝင်
ဖြူးချောင်းရေလှောင်တမံသည် ဇုန်အမျိုးအစား ကျောက်ဖြည့်တမံဖြစ်ပြီး ရေလှောင်တမံ၏အလျား မှာ ပေ ၁၀၂၀ ရှိကာ ရေလှောင်တမံအမြင့်သည် ၂၄၅ ပေမြင့်သည်။ ဖြူးမြို့နယ်သည် နှစ်စဉ်ပျမ်းမျှ မိုးရေချိန် ၁၀၀ လက်မ ရရှိလေ့ရှိရာ တမံအတွင်း၌ နှစ်စဉ်ပျမ်းမျှ ဧကပေ ၆၆၈၀၀၀ ရေစီးဝင်လျက်ရှိပြီး ကန်ရေပြည့် ရေလှောင်ပမာဏဖြစ်သော ဧကပေ ၆၃၂၅၃၀ သိုလှောင်ထားနိုင်ကာ ရေဆင်းဧရိယာသည် ၄၂၂ စတုရန်းမိုင် ကျယ်ဝန်းသည်။ ရေပိုလွှဲသည် သံကူကွန်ကရစ် (Ogee Crest)အမျိုးအစားဖြစ်ပြီး ရေပိုလွှဲ အကျယ် ပေ ၁၀၀ မှ ရေထုစီးနှုန်း ၂၃၀၅၀ ကုဗပေ/စက္ကန့်ဖြင့် တမံရေပြည့်ချိန်တွင် ထပ်မံ ဝင်ရောက်လာနိုင်သည့်ရေများကို ထုတ်နုတ်နိုင်ရန် တည်ဆောက်ထားခြင်းဖြစ်သည်။
ရေယူအဆောက်အအုံသည် သံကူကွန်ကရစ် ဖြစ်ပြီး အလျား ပေ ၇၀၊ အနံ ၄၈ ပေနှင့် အမြင့် ၄၈ ပေရှိ၍ ရေထိန်းတံခါးပြွန်သည် အချင်း ၂၇ ပေ၊ အမြင့် ပေ ၁၃၀ နှင့် ရေသွယ်ဥမင်လိုဏ်ခေါင်းသည် အချင်း ၁၈ ပေနှင့် အလျား ပေ ၂၀၀၀ ရှည်လျားသည်။ အချင်း ၅ ဒသမ ၆ မှ ၁၈ ဒသမ ၄ ပေရှိသော ဖိအား မြင့် သံမဏိပိုက်လိုင်းတပ်ဆင်ထားပြီး ပိုက်လိုင်း အရှည်သည် ၅၆၇ ပေ ရှိသည်။
ဓာတ်အား ကီလိုဝပ်နာရီ သန်း ၁၂၀ ထုတ်လုပ်
ဓာတ်အားပေးစက်ရုံသည် အလျား ပေ ၁၃၀၊ အနံ ပေ ၁၁၀ နှင့် အမြင့် ပေ ၁၁၀ ရှိပြီး တာဘိုင်သည် Francis – Vertical Shaft အမျိုးအစားဖြစ်ပြီး တာဘိုင်မှ ၂၀၃၁ ဒသမ ၆၅ ကုဗပေ(တစ်စက္ကန့်) ရေစီးနှုန်းကို ပေးစွမ်းလျက်ရှိသည်။ တပ်ဆင်ထား သော စက်စွမ်းအားသည် ၂၀ မဂ္ဂါဝပ်နှစ်လုံးဖြင့် ၄၀ မဂ္ဂါဝပ်ဖြစ်ပြီး ရေအားလျှပ်စစ်ဖြင့် နှစ်စဉ်ပျမ်းမျှ ဓာတ်အား ကီလိုဝပ်နာရီ သန်း ၁၂၀ ထုတ်လုပ် ပေးလျက်ရှိကာ ၂၃၀ ကေဗွီတောင်ငူလိုင်းမှ နိုင်ငံတော်ဓာတ်အားလိုင်းအတွင်းသို့ ပို့လွှတ် ပေးလျက်ရှိသည်။
ဖြူးချောင်းရေလှောင်တမံ ဘက်စုံစီမံကိန်းကို ၂၀၀၀-၂၀၀၁ ခုနှစ် ဒီဇင်ဘာလတွင် စတင်အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ပြီး တမံတည်ဆောက်ခြင်း လုပ်ငန်းကို ၂၀၁၂-၂၀၁၃ ခုနှစ်တွင် ပြီးစီးအောင် ဆောင်ရွက်ခဲ့ကာ ရေလွှဲဥမင်ကို အပြီးသတ်ပိတ်၍ ရေစတင်သိုလှောင်နိုင်ခဲ့သည်။ ထိုနှစ်တွင် ဖြူးချောင်း ရေလှောင်တမံစီမံကိန်း၏ ရေပိုလွှဲတည်ဆောက် ခြင်းလုပ်ငန်းသည်လည်း ရာနှုန်းပြည့်ပြီးစီးခဲ့ သည်။
ဆည်ရေသောက်စနစ်အပြင် ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ တည်ဆောက်ခြင်းကို ၂၀၀၁ ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၁၄ ခုနှစ် ဩဂုတ်လတွင် လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးသည့် အတွက် ဩဂုတ် ၂၉ ရက်တွင် လျှပ်စစ်ဓာတ်အား ၄၀ မဂ္ဂါဝပ်ကို စတင်ပို့လွှတ်နိုင်ခဲ့သည်။ ဖြူးချောင်း ရေလှောင်တမံသည် အလယ်ရိုးမမှ စီးဆင်းလာသော ရေကို သိုလှောင်ထိန်းညှိပေးခြင်းဖြင့် ဖြူးမြို့နယ်နှင့် အုတ်တွင်းမြို့နယ်တို့၏ စိုက်ပျိုးရေးနှင့် မွေးမြူရေး ကဏ္ဍ သာမက လျှပ်စစ်ဓာတ်အားထုတ်လုပ်ပေးရာ ရေလှောင်တမံတစ်ခုအဖြစ် နိုင်ငံနှင့်ပြည်သူကို အကျိုးပြုလျက်ရှိသည်။
လယ်မြေဧက ၃၀၀၀၀ ကို ရေပေးဝေ
ဖြူးချောင်းရေလှောင်တမံစီမံကိန်းတွင် လက်ရှိ လုပ်ငန်းပြီးစီးမှုအရ လယ်မြေဧက ၃၀၀၀၀ ကို ရေပေးဝေလျက်ရှိပြီး လုပ်ငန်းအားလုံး ပြီးစီးသွားပါ က လယ်ဧက ၉၀၀၀၀ ကို ရေပေးဝေနိုင်မည်ဖြစ် သည်။ ဆည်ရေသောက်စနစ် တည်ဆောက်ခြင်း လုပ်ငန်းတွင် တူးမြောင်းမကြီး နှစ်ခု၊ မြောင်းခွဲ တစ်ခု၊ လက်တံမြောင်း ၂၄ ခု၊ လက်တံမြောင်းခွဲ ၂၀၆ ခုဖြင့် စုစုပေါင်း ၄၇၂ မိုင်နှင့် တူးမြောင်း အဆောက်အအုံ ၃၅၉၅ ခုကိုလည်း တည်ဆောက် သွားမည်ဖြစ်ရာ လုပ်ငန်းပြီးစီးပါက ရာသီမပြတ် စိုက်ပျိုးထုတ်လုပ်နိုင်သည့် အစိမ်းရောင်စီးပွားရေး မြို့တော်အဖြစ် တွေ့မြင်လာရမည်ဖြစ်သည်။
ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီး ဌာန တည်ဆောက်ရေး(၁) မှ ညွှန်ကြားရေးမှူး ဦးအောင်မြတ်မျိုးက တည်ဆောက်ပြီး ရေလှောင် တမံများ ရေရှည်တည်တံ့ခိုင်မြဲရန်အတွက် ဂရု တစိုက် ထိန်းသိမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ဆည်များတည်ဆောက်ပေးခြင်းဖြင့် ရေဘေး ကာကွယ်ရေးအတွက်လည်း အကျိုးကျေးဇူးများ သည့်အပြင် လျှပ်စစ်ဓာတ်အား ပြည့်စုံစွာရရှိခြင်း၊ စိုက်ပျိုးရေနှင့် သောက်သုံးရေပေးဝေနိုင်ခြင်း၊ စက်မှုကုန်ထုတ်လုပ်ငန်းများတွင် လိုအပ်သည့် လျှပ်စစ်ဓာတ်အား ပြည့်စုံစွာရရှိခြင်းတို့ကြောင့် များစွာအကျိုးရှိကြောင်း၊ အကယ်၍ရာသီဥတု ဖောက်ပြန်ခြင်းကြောင့် ရေကြီးမှု၊ ရေရှားပါးမှုတို့ကို လည်း အထိုက်အလျောက် ကာကွယ်ပေးနိုင်မည် ဖြစ်သဖြင့် ဖြူးချောင်းရေလှောင်တမံသည် အကျိုး ကျေးဇူးများသော ဘက်စုံရေလှောင်တမံ စီမံကိန်း တစ်ခုဖြစ်ကြောင်း ပြောကြားသည်။
ဖြူးချောင်းရေလှောင်တမံစီမံကိန်း၏ တည် ဆောက်ရေး(၁)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကျော်ဦးကလည်း ဖြူးချောင်းရေလှောင် တမံသည် စိုက်ပျိုးရေပေးဝေမှုအပြင် လျှပ်စစ် ဓာတ်အားတစ်နှစ်လျှင် ကီလိုဝပ်နာရီ သန်း ၁၂၀ ထုတ်လုပ်လျက်ရှိကာ တောင်ငူ ၂၃၀ ကေဗွီ ဓာတ်အားလိုင်းမှ နိုင်ငံတော်ဓာတ်အားလိုင်းစနစ် သို့ ပို့လွှတ်ပေးလျက်ရှိကြောင်း၊ ရေအားလျှပ်စစ် ထုတ်လုပ်ရာမှ ကျဆင်းလာသောရေများကို ချောင်း အောက်ဘက်တွင် ရေလွှဲဆည်ဖြင့်ခံ၍ ထိုရေလွှဲဆည် တစ်ဖက်တစ်ချက်ရှိ လက်ဝဲမြောင်းနှင့် လက်ယာ မြောင်းတို့မှတစ်ဆင့် ဖြူးမြို့နယ်နှင့် အုတ်တွင်း မြို့နယ်အတွင်းရှိ လယ်မြေဧက ၉၀၀၀၀ ခန့်ကို ရေပေးဝေနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး နှစ်စဉ်ရေလွှမ်းမိုးမှုကိုလည်း ကာကွယ်ပေးလျက် ရှိကြောင်း၊ တည်ဆောက်ပြီး လက်ဝဲမြောင်းနှင့် လက်ယာမြောင်းမှ လယ်မြေဧက ၃၀၀၀၀ ခန့်ကို ရေပေးဝေလျက်ရှိပြီး စီမံကိန်း၏ ဆည်ရေသောက် စနစ် သုံးပုံနှစ်ပုံကို ဆက်လက်ဆောင်ရွက်ရန် လိုသေးကြောင်း။
လူမှုစီးပွားဘဝများ
ပိုမိုတိုးတက်လာ
စီမံကိန်းလျာထားချက်ဖြစ်သော လယ်ဧက ၉၀၀၀၀ ခန့်အတွက် မြောင်းခွဲနှင့်လက်တံမြောင်း များ အားလုံးတည်ဆောက်ပြီးပါက စိုက်ပျိုးရေပေးဝေနိုင်ခြင်းဖြင့် ပဲခူးတိုင်းဒေသကြီးတွင် စပါးနှင့် ပဲမျိုးစုံအောင်မြင်ဖြစ်ထွန်းရာ နေရာတစ်ခုဖြစ်လာ ပြီး တောင်သူတို့၏ လူမှုစီးပွားဘဝများ ပိုမိုတိုးတက် လာမည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ ဖြူးမြို့နယ် သည် မိုးရာသီတွင် မိုးများသောဒေသဖြစ်သော်လည်း နွေရာသီတွင် ရေလိုအပ်လေ့ရှိ၍ တောင်သူတို့ လိုအပ်သော နွေစပါးအတွက် စိုက်ပျိုးရေကိုပေးဝေနိုင်ခြင်းကြောင့် ယခုအခါ နွေစပါးကို တိုးချဲ့စိုက်ပျိုး လာလျက်ရှိကြောင်း၊ နှစ်စဉ်ဇန်နဝါရီ ၁ ရက်မှ စတင်၍ နွေစပါးအတွက် စိုက်ပျိုးရေကိုပေးဝေပြီးရေအားလျှပ်စစ်ကိုလည်း စဉ်ဆက်မပြတ် ထုတ်လုပ် ပေးလျက်ရှိကြောင်း။
ဖြူးချောင်းရေလှောင်တမံ ဘက်စုံစီမံကိန်း၏ ထူးခြားချက်သည် လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်နေစဉ်အတွင်း စိုက်ပျိုးရေနှင့် လျှပ်စစ် ဓာတ်အားကို ထုတ်လုပ်နိုင်ခြင်းဖြစ်ကြောင်း၊ စိုက်ပျိုးရေပေးဝေခြင်းနှင့် ရေအားလျှပ်စစ် ထုတ်လုပ်မှုသာမက ငါးမွေးတောင်သူများနှင့် မွေးမြူရေးတောင်သူတို့ အသုံးပြုနိုင်ရန်အတွက် လည်း ဆည်ရေပို့လွှတ်ပေးလျက်ရှိကြောင်း ပြော ကြားသည်။
ဖြူးချောင်းနှင့် စစ်တောင်းမြစ်ဆုံရာ လွင်ပြင် သည် ယခင်က မိုးရာသီတွင် ရေကြီးနစ်မြုပ်မှုများ ဖြစ်ပေါ်လေ့ရှိရာ ဖြူးချောင်းရေလှောင်တမံ တည်ဆောက်ပြီးချိန်မှစ၍ ရေစီးဆင်းမှုကို ထိန်းညှိ ပေးခဲ့သည့်အတွက် ရေကြီးနစ်မြုပ်မှုမှ ကင်းဝေးခဲ့ပြီး ရေဘေးအန္တရာယ်ကိုလည်း ဒေသခံများ ကျော်လွှား နိုင်ခဲ့သည့်အပြင် စိုက်ခင်းများပျက်စီးဆုံးရှုံးမှုကို လည်း ဖြူးချောင်းရေလှောင်တမံစီမံကိန်းက ကာကွယ်ပေးနိုင်ခဲ့သည်။
ရေအားလျှပ်စစ်စီမံကိန်း
ဖြူးချောင်း ရေအားလျှပ်စစ်စီမံကိန်းနှင့် ပတ်သက်၍ စက်ရုံမှူး ဦးမင်းသူအောင်က စီမံကိန်း အကောင်အထည်ဖော်သည့် ရည်ရွယ်ချက်တွင် စက်ရုံမှထုတ်လုပ်သည့် လျှပ်စစ်ဓာတ်အားကို နိုင်ငံတော်ဓာတ်အားကွန်ရက်မှတစ်ဆင့် တစ်နိုင်ငံ လုံး ဓာတ်အားဖြန့်ဖြူးပေးရန်လည်း ပါဝင်ကြောင်း၊ စစ်တောင်းမြစ်ဝှမ်း ရေလွှမ်းမိုးမှုဒဏ်မှ ကာကွယ် ပေးနိုင်ရန်နှင့် ဖြူးနှင့်ဇေယျဝတီမြို့မှ တောင်သူ များလိုအပ်သည့် စိုက်ပျိုးရေရရှိရန် ရည်ရွယ် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ စိုက်ပျိုးရေပေးဝေမှု နှင့်အတူ နိုင်ငံတော်အတွက်လိုအပ်သော လျှပ်စစ် ဓာတ်အား ထုတ်လုပ်ပေးနိုင်ရန်ဖြစ်ကြောင်း၊ ရေအားလျှပ်စစ် ဓာတ်အားပေးစက်ကြီးများကို နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်နှင့် အညီ မောင်းနှင်၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ် ပေးလျက်ရှိကာ နိုင်ငံတော်ဓာတ်အားပေးစနစ် အတွင်းသို့ ၂၀၁၄ ခုနှစ် ဩဂုတ်လမှစ၍ ပို့လွှတ် ပေးနိုင်ခဲ့ကြောင်း၊၊
ရေအားလျှပ်စစ်ထုတ်လုပ်မှုအပိုင်းတွင် စက် တပ်ဆင်အင်အား ၂၀ မဂ္ဂါဝပ် နှစ်လုံးဖြစ်သော ၄၀ မဂ္ဂါဝပ်ဖြင့် ထုတ်လုပ်ပေးလျက်ရှိကြောင်း၊ လျှပ်စစ်ဓာတ်အား အဆက်မပြတ်ထုတ်လုပ်နိုင်ရန် စက်များ၏ကြံ့ခိုင်ရေးကိုလည်း နေ့စဉ်၊ လစဉ်၊ နှစ်စဉ် စသည်ဖြင့် ကာလအပိုင်းအခြားအလိုက် စစ်ဆေး ခြင်း၊ ပြစ်ချက်တွေ့ရှိပါက အမြန်ဆုံးပြုပြင်ခြင်းနှင့် နှစ်အလိုက်စီမံချက်များ ရေးဆွဲ၍ပြုပြင်ခြင်း စသည် စီမံချက်များထားရှိကာ အထူးအလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊ လျှပ်စစ်ဓာတ်အားပေး စက်ကြီးများ၏ အစိတ်အပိုင်းစနစ်များကို အဆင့် မြှင့်တင်ခြင်း စီမံကိန်းလည်းရှိကြောင်း၊ ဖြူးဒေသ သည် မိုးရာသီတွင် မိုးများသည့်အတွက် လျှပ်စစ် ဓာတ်အားကို တမံအတွင်း ရေဝင်ရောက်မှုအပေါ် မူတည်၍ ပိုမိုထုတ်လုပ်ပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
အလုပ်အကိုင်အခွင့်အလမ်းများ ပွင့်လန်းလာစေမည်
ဖြူးချောင်းရေလှောင်တမံ ဘက်စုံစီမံကိန်းသည် တောင်သူတို့လိုအပ်သည့် စိုက်ပျိုးရေချိန်ခါမရွေးရရှိ နိုင်ရန် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပြီး ဒေသခံတောင်သူများ သီးထပ်/သီးညှပ် စိုက်ပျိုး ထုတ်လုပ်နိုင်မှုဖြင့် ကျေးလက်နေပြည်သူတို့၏ လူမှုစီးပွားဘဝ တိုးတက်မြင့်မားလာစေမည့်အပြင် ရေသောက်စနစ်တွင် ကုန်ထုတ်လမ်းများနှင့် တံတား များပါဝင်သည့်အတွက် လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်လာကာ ဒေသထွက်ကုန်များ မြန်ဆန်စွာပို့ဆောင်နိုင်ပြီး စိုက်ပျိုးထုတ်လုပ်မှု ပိုမိုတိုးတက်လာသည်နှင့်အမျှ အလုပ်အကိုင် အခွင့် အလမ်းများ ပွင့်လန်းလာစေမည်ဖြစ်သည်။
စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံ သည့် နိုင်ငံတစ်နိုင်ငံအနေဖြင့် ရွှေရောင်လွှမ်းသည့် အစိမ်းရောင်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် စိုက် ပျိုးရေးကဏ္ဍသည် တောင်သူတို့အတွက် အသက် သွေးကြောပမာ အရေးပါလျက်ရှိသည်။ တောင်သူ များလိုအပ်သော စိုက်ပျိုးရေရရှိရေးကို ဆည်မြောင်း နှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက အစဉ် မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ဖြူးချောင်း ရေလှောင်တမံ ဘက်စုံစီမံကိန်းသည်လည်း ထိုဒေသ၏ စိုက်ပျိုးရေရရှိရေးနှင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုကို အကျိုးပြုခြင်းဖြင့် ဘက်စုံဖွံ့ဖြိုး တိုးတက်မှု၏ လင်းရောင်ခြည်များ ယှက်သန်းလျက် ရှိနေပေသည်။ ။
- Log in to post comments