ဖြူစင်သောစိတ်ထားနဲ့ သူများကောင်းအောင်ကြိုးစားပါ

 

မောင်မောင်လင်း (သံအမတ်ကြီး) 
 

မြတ်ဗုဒ္ဓရဲ့ တရားဓမ္မများကို Organizational Behavior ဘာသာရပ်နဲ့ ချဉ်းကပ်လေ့လာတဲ့ ပုံစံမျိုးနဲ့ရေးသားပြီး ဖတ်ရှုသူများရဲ့ အပြုအမူပြောင်းလဲရာမှာ အထောက်အပံ့ဖြစ်စေရေး ရည်ရွယ်ချက်၊   နိုင်ငံတကာပညာရှင်များရဲ့ အတွေးအခေါ်သဘောတရားများ၊ သီအိုရီများနဲ့ ပေါင်းစပ်ရေးသားနေမှုမှာ မြတ်ဗုဒ္ဓရဲ့ တရားတော်များက လိုအပ်ချက်ရှိနေခြင်းကြောင့်မဟုတ်ဘဲ လွန်ခဲ့သောနှစ်ပေါင်း ၂၆၀၀ လောက်ကတည်းက ဟောကြားခဲ့တဲ့  တရားတော်များဟာ ဘယ်လောက် ပြည့်စုံမှန်ကန်မှုရှိကြောင်း ဖော်ထုတ်ရေးသားနေခြင်း ဖြစ်ပါတယ်။ စာရေးသူရဲ့ ဦးတည်ရည်ရွယ်ရေးသားမှုအပေါ် စာဖတ်သူများကိုယ်တိုင် ဖတ်ရှုပြီး ကိုယ်ပိုင် အသိနဲ့  ချင့်ချိန်ဆုံးဖြတ်သွားနိုင်စေဖို့  ရည်မှန်းချက် ထားရှိပါတယ်။ 


ဘာကြောင့်လဲဆိုတော့       ဘာသာပေါင်းစုံ ချစ်ကြည်ရေး (Interfaith) လုပ်ငန်းစဉ်ကို  လေ့လာ မှတ်သားခွင့်ရခဲ့တယ်။  ဂျူး၊ အစ္စလာမ်နဲ့ ခရစ်ယာန် အသိုင်းအဝိုင်းမှာ ငါးနှစ်ကျော် ဖြတ်သန်းခဲ့ဖူးတယ်။ အဲဒီကာလမှာပဲ  ဟိန္ဒူဘာသာဝင်၊  ကွန်ဖျူးရှပ်ဝါဒီ၊ မာ့က်စ်ဝါဒီ၊ မော်ဝါဒီ၊ ဘာသာမဲ့ဝါဒီနဲ့  မဟာယန ဗုဒ္ဓဘာသာဝင်များနဲ့ပါ ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံ ခဲ့တဲ့ အတွေ့အကြုံရှိထားတာနဲ့အညီ သစ္စာလေးပါး ရဲ့ အခြေခံအကျဆုံး ရုပ်၊ နာမ် အပေါင်းအစည်းဖြစ်တဲ့ လူသားဖြစ်လာခဲ့ရမှုအပေါ် ဒုက္ခလို့ လက်မခံတဲ့ သူ နဲ့လည်း စကားပြောဆိုခဲ့ဖူးသလို ကံ၊ ကံရဲ့ အကျိုး ကို လက်မခံ၊ အရာရာကို ထာဝရဘုရားသခင်ကသာ ဖန်ဆင်းပေးတာမို့ ထူးထူးခြားခြား အောင်မြင်မှုများ ကိုတောင်မှ   အကြောင်းတိုက်ဆိုင်မှု/    ကံတရား (Chance)နဲ့ ကံကောင်းမှု (Luck) ကြောင့်ဖြစ်တာ၊ ဒါကိုလည်း ဘုရားသခင်က ချီးမြှင့်ပေးမှု (Blessing) ပြုလိုက်တာလို့ မြင်တဲ့သူလည်းရှိတယ်။   သိပ္ပံပညာ ရှင်များဘက်က ထာဝရဘုရားသခင်ဆိုတာ မရှိဘူး လို့ ဆိုတာကြောင့် ၎င်းဖြစ်စဉ်ဟာ သဘာဝတရား ကြီးက ဖန်တီးပေးလိုက်တာပဲဖြစ်တယ်လို့ ယူဆသူ များနဲ့လည်း စကားပြောဆိုခဲ့ဖူးပါတယ်။


သစ္စာလေးပါးမြတ်တရား


မြတ်ဗုဒ္ဓကတော့ အရိယသစ္စာလေးမျိုးရှိတယ်။ အဲဒီလေးမျိုးက    ဘဝတစ်ခုကို   ခြုံကြည့်လိုက်တဲ့ အခါမှာ ဘဝဆိုတဲ့အရာဟာ အားလုံးမတည်ငြိမ်ဘဲ ဖြစ်ပျက်နေတယ်။ ဒီဖြစ်ပျက်မှုတွေရဲ့ နှိပ်စက်မှုတွေ က    မိမိထင်ထားတဲ့အတိုင်းလည်း   မဟုတ်လို့ အားလုံးကို   ဒုက္ခလို့   သတ်မှတ်တယ်။   ဘဝဆိုတာ ကျေနပ်စရာ   မကောင်းဘူး၊   လူတွေရဲ့သန္တာန်မှာ ဖွဲ့စည်းထားတဲ့  ရုပ်နာမ်တရားတွေဟာ ကျေနပ်စရာ မကောင်းလို့  ဒုက္ခလို့ သတ်မှတ်တာ။   အဲဒီအတိုင်း လည်းမှန်ကန်တယ်။     ဒီဒုက္ခကိုသိမှ    လူတွေရဲ့ သန္တာန်မှာရှိတဲ့ တွယ်တာမှုတွေကို  ဖယ်ရှားနိုင်မှာ ဖြစ်တယ်။ ပိုင်းခြားသိအောင် ကြိုးစားရတယ်။ ဒုက္ခ လို့သိတဲ့  ဒုက္ခဟာ မှန်ကန်ပြီး ဒါကို ဖယ်ရှားနိုင်ရင် မြင့်မြတ်တဲ့ပုဂ္ဂိုလ်ဖြစ်မယ်။ ဒါကြောင့်မို့လို့  ဒုက္ခ အရိယသစ္စာလို့ခေါ်ခြင်းဖြစ်တယ်။ ဒုက္ခဟာ သူ့ဟာသူ ဖြစ်လာတာမဟုတ်။   တွယ်တာမှုဆိုတဲ့     တဏှာ ဦးဆောင်တဲ့ ကိလေသာတွေကြောင့်  ဖြစ်လာတာ။ ဒါကြောင့်မို့ အဲဒီကိလေသာတွေဟာ   ဒုက္ခဖြစ် ကြောင်းတရားတွေလို့ အမှန်အကန်သိတယ်။  သိလို့ အဲဒီ    အကြောင်းတရားတွေက ဖယ်နိုင်အောင် ကြိုးစားလာတယ်။   အဲဒီလို    ဖယ်ရှားလို့ရမယ့် အကြောင်းတရားတွေကို သိရှိတာနဲ့ပဲ  မြင့်မြတ်တဲ့ ပုဂ္ဂိုလ်အဖြစ် ရောက်စေနိုင်တာကြောင့် ဖယ်ရှား ရမယ့် ဒုက္ခသမုဒယ၊ ဒုက္ခရဲ့အကြောင်းတရားဟာ လည်းပဲ   မြင့်မြတ်တဲ့ပုဂ္ဂိုလ်အဖြစ်   ရောက်စေတဲ့ နေရာမှာ မှန်ကန်တာကြောင့်  ဒါကိုလည်း သစ္စာလို့ ခေါ်ပါတယ်။ 


ဒါကဘဝနဲ့ပတ်သက်ပြီးတော့     အကြောင်း တရားရယ်၊ အကျိုးတရားရယ် နှစ်ခု။  အဲဒီမှာ ဘဝ ကြီးရဲ့ ချုပ်ငြိမ်းတဲ့အဆင့်၊ နောက်ဆုံးမှာ  လုံးဝမဖြစ် တော့တဲ့ အဆင့်မျိုးကို သိရှိနားလည်မှ ဒုက္ခကလွတ် မှာဖြစ်တယ်။ အဲဒီအဆင့်ကိုသိတာ ဒုက္ခနိရောဓိလို့ ဆိုတဲ့ တတိယသစ္စာ။  အဲဒီ တတိယသစ္စာဟာလည်း တကယ်ရှိတာဖြစ်လို့   တကယ်သိပြီး    တကယ် မျက်မှောက်ပြုနိုင်ပြီဆိုရင် သတ္တဝါတွေရဲ့ သန္တာန်မှာ ဖြစ်တဲ့ ကိလေသာတွေ  အားလုံးငြိမ်းသွားတယ်။ ကိလေသာတွေ ငြိမ်းသွားတာကြောင့် ကံတွေလည်း အလုပ်မဖြစ်တော့ဘူး။ ကိလေသာရော၊  ကံရော ငြိမ်းသွားတဲ့အတွက်ကြောင့်   ဒုက္ခတွေအားလုံး ငြိမ်းသွားတယ်။ အဲဒါကိုရဖို့ နည်းလမ်းကို မဂ္ဂသစ္စာ လို့ ခေါ်တယ်။ ဒါကြောင့်မို့ သစ္စာလေးပါးဆိုတာ တစ်ခုနဲ့တစ်ခု ကွင်းဆက်ဖြစ်နေတယ်လို့ ပါမောက္ခ ချုပ်ဆရာတော်ကြီးက  ဟောကြားခဲ့ဖူးပါတယ်။ ဆေးပညာသဘောအရဆိုရင်  လူတွေမှာ ရောဂါ ဆိုတာရှိတယ်။  ရောဂါဖြစ်ကြောင်း အကြောင်းရင်းခံ ဆိုတာရှိတယ်။  ရောဂါပျောက်ခြင်းဆိုတာရှိတယ်။ ရောဂါပျောက်တဲ့နည်းလမ်းဆိုတာ  ရှိတယ်ပေါ့။ 


အကျဉ်းချုပ်လိုက်ပြီး        သံသရာဘက်ကို ကြည့်လိုက်မယ်ဆိုရင်     ဒုက္ခရယ်၊     ဒုက္ခဖြစ်ခြင်း အကြောင်းတရားရယ်။ သံသရာက လွတ်မြောက်မှုနဲ့ ကြည့်မယ်ဆိုရင်   ဒုက္ခရဲ့   ချုပ်ငြိမ်းသွားမှုရယ်၊ ချုပ်ငြိမ်းသွားစေတဲ့ နည်းလမ်းရယ်။ နေ့စဉ်နေထိုင်မှု ဘဝမှာ လူပုဂ္ဂိုလ်တစ်ဦးချင်းစီအလိုက် ကျန်းမာ ရေး၊ လူမှုရေး၊ စီးပွားရေး စတဲ့ပြသနာတွေ မရှိဘူး လား။  ရှိတယ်။  ရှိတာကို  သိတယ်။ ဒါဟာဒုက္ခ သစ္စာပဲပေါ့။  အဲဒီလိုဖြစ်တဲ့   အကြောင်းတရားဟာ သမုဒယသစ္စာ။ ပြဿနာကို     ဖြေရှင်းနိုင်မယ်လို့ သိတာ   နိရောဓသစ္စာ၊  ပြဿနာကို ဖြေရှင်းနိုင်တဲ့ နည်းလမ်းဟာ  မဂ္ဂသစ္စာ။   ဒါဆို    လူတိုင်းဟာ ပြဿနာနဲ့ ကြုံနေရတော့ မဂ္ဂင်ရှစ်ပါးနည်းလမ်းဟာ လူတိုင်းအတွက်      လိုက်နာကျင့်သုံးရမယ့်အရာ ဖြစ်တယ်ဆိုတာ သဘောပေါက်ကြမှာပါ။ 
နောက်တစ်ခုက ဘယ်လိုကိုးကွယ်ယုံကြည်မှု မျိုး  သက်ဝင်ယုံကြည်သူဖြစ်ဖြစ်၊     နောက်ဆုံး ဘာသာမဲ့၊  ပစ္စည်းမဲ့ဝါဒီဖြစ်ဖြစ်  လူသားတစ်ဦး ဖြစ်လာခဲ့ပြီဆိုမှတော့  လူမှုကျင့်ဝတ်စည်းကမ်းတွေ ကိုလိုက်နာပြီး လူပီသအောင် ပြုမူ၊ ပြောဆို၊ နေထိုင်၊ လုပ်ဆောင်သွားရမယ်ဆိုတာ  ကမ္ဘာပေါ်မှာရှိတဲ့ ဘယ်နိုင်ငံက လူမျိုးမဆို  အတူတူပဲ ဖြစ်ပါတယ်။ ဒီနေ့  ကျင့်သုံးနေတဲ့      လူမှုသိပ္ပံပညာအရလည်း ပြဿနာတစ်ရပ်   ဖြစ်ပေါ်လာခဲ့ရင် ဖြေရှင်းရမယ့် အဆင့်လေးဆင့်   ရှိပါတယ်။  (၁) Define the Problem-   ပြဿနာကို   သိအောင်လုပ်ပါ။ (၂) Generate the Possible Solutions- ဖြေရှင်းနိုင် မယ့် နည်းလမ်းများကို ရှာဖွေပါ။(၃) Evaluate and Select the Solution- ပြဿနာကို လုံးဝချုပ်ငြိမ်း သွားနိုင်မယ့် နည်းလမ်းကို  ဖော်ထုတ်ရွေးချယ်ပါ။ (၄) Implement and Monitor the Solution- ၎င်းနည်းလမ်းအတိုင်း    လိုက်နာအကောင်အထည် ဖော်ပြီး ပေါ်ထွက်လာမယ့် ရလဒ်ကို စောင့်ကြည့်ပါ ဆိုတာပဲ  ဖြစ်ပါတယ်။ ဒါကြောင့် မိမိရဲ့နေ့စဉ်ဘဝကို မဂ္ဂင်ရှစ်ပါးတရားတော်ဆိုတဲ့   နည်းလမ်းအတိုင်း နေထိုင်သွားကြည့်ဖို့ အကြံပြုနေခြင်းပဲ ဖြစ်ပါတယ်။


ကံ၊ ကံ၏ အကျိုး


မြတ်ဗုဒ္ဓက ဘဝတစ်ခုဖြစ်ပေါ်လာခြင်းဆိုတာ အတိတ်ဘဝက   ပြုလုပ်ခဲ့တဲ့အလုပ်ဆိုတဲ့   ကံနဲ့ လောဘ၊   ဒေါသ၊ မောဟ၊ မာန၊ ဣဿာ၊ မိစ္ဆရိယ ဆိုတဲ့ ကိလေသာစိတ်တွေနဲ့ ပြုလုပ်ချိန်မှာ ထားရှိ တဲ့ စေတနာကပေးလိုက်တဲ့  အကျိုးတရားဖြစ်တာ နဲ့အညီ   သံသရာနဲ့လက်ရှိဘဝမှာ   မိမိပြုလုပ်ခဲ့တဲ့ ကမ္မ (Kamma)ဆိုတဲ့ အလုပ်ကပေးတဲ့ အကျိုးတရား (Cause and Effect )ကြောင့်လို့ ဟောကြားခဲ့တယ်။ ကံရဲ့ သဘောသဘာဝအရ  အချို့ကံက  ထုတ်လုပ် ပေးမှုမျိုးဆိုတဲ့ အကျိုးပေးတဲ့ကံ။  သူ့ကြောင့် ဘဝ တစ်ခု အစပြုပြီးနောက် မသေခင်အထိ ဆက်လက် ဖြစ်ပေါ်နေစေတယ်။     အဲဒီမှာ      ကုသိုလ်ကံနဲ့ အကုသိုလ်ကံပါဝင်ပြီး   ကောင်းတဲ့      အကျိုးနဲ့ မကောင်းတဲ့အကျိုးကို ဖြစ်စေတယ်။ တချို့ကံက တော့  အကျိုးကို မထုတ်လုပ်ဘူး၊ ထောက်ပံ့ကူညီ ပေးတာမျိုး၊ နောက်တစ်ခုက မထောက်ပံ့ဘဲ ဒုက္ခ တွေ  လိုက်ပေးတာမျိုးလည်းရှိသလို    ကြားဖြတ်၊  ဖြတ်တောက်လိုက်တာမျိုးလည်းရှိလို့   သာမန်လူ ပုဂ္ဂိုလ်တစ်ဦးအနေနဲ့   အလွယ်တကူ  မသိနိုင်ပါ။ နောက်ပြီး ကံဆိုတာ သူ့အချိန်နဲ့သူ အကျိုးပေးပြီး ဆိုင်ရာဆိုင်ရာ အကျိုးကိုသာပေးတော့ ဘဝတစ်ခု အတွက်ပဲ ခံစားခွင့်ရှိတာမျိုး၊ နောက်ဘဝမှာမှ ခံစား ခွင့်ရှိတာမျိုး   ရှိနိုင်သလို ခံစားခွင့်ရမယ့်ဘဝမှာ တောင် အခြားသောအကြောင်းတွေရဲ့ အကူအညီမရ လို့ အကျိုးပေးခွင့်မကြုံလိုက်ဘဲ    အဟောသိကံ ဖြစ်သွားတာမျိုးလည်း ရှိနိုင်တယ်လို့ ဆရာတော်ကြီး က ဟောကြားခဲ့ဖူးပါတယ်။ 


ဒါ့အပြင် ပြုလုပ်ချိန်မှာ   ဖြစ်ပေါ်တဲ့     စေတနာ ကြောင့်လည်း   ကံ၊   ကံရဲ့   အကျိုးဆက်ပမာဏ ပြောင်းလဲမှုရှိနိုင်တယ်လို့ တရားတော်များမှာ နာယူ ခဲ့ဖူးပါတယ်။   ဆရာတော်ကြီးရဲ့   “နိဗ္ဗာန်တံခါး ကြီးဖွင့်တော်မူပါ” စာအုပ်ကို ဖတ်ကြည့်စေလိုပါ တယ်။ ဗုဒ္ဓတရားတော်များ     အားလုံးကိုတော့ ပါမောက္ခချုပ်ဆရာတော်ကြီးရဲ့   ဟောကြားမှုများ ပေါ်မှသာ အတိမ်းအစောင်းလုံးဝမခံဘဲ  ရေးသား တင်ပြထားပါတယ်။ ကျွန်တော်ကတော့  လောကီ နေ့စဉ် နေထိုင်မှုဘဝပုံစံမှာ မဂ္ဂင်ရှစ်ပါးတရားတော် အတိုင်း ကြိုးစားနေထိုင်နိုင်ခဲ့ရင်  ကုသိုလ်တရား မပွားများနိုင်ခဲ့ရင်တောင်မှ  အကုသိုလ်  မဖြစ်ဘူး။ စိတ်အေးချမ်းသာစွာနဲ့ လက်ရှိဘဝကို အေးငြိမ်းစွာ ဖြတ်သန်းသွားလိုရေးအတွက်သာ ဦးတည်ရေးသား နေခြင်းဖြစ်ပြီး သံသရာခရီးသည်တစ်ဦးအတွက် အတိုင်းအတာတစ်ရပ်အထိ အထောက်အပံ့ရရှိခဲ့ရင် ကျေနပ်ပြီဖြစ်ပါတယ်။ သံသရာနဲ့ ကံ၊ ကံရဲ့ အကျိုး ကို မယုံကြည်ရင်လည်း လက်ရှိဘဝအတွက်တော့ လုပ်ကိုလုပ်ရမယ့်အရာတွေဆိုတာတော့  အားလုံး သဘောပေါက်ကြမှာပါ။


မဂ္ဂင်ရှစ်ပါးတရားတော်


ဗုဒ္ဓမြတ်စွာဟာ ဘုရားအဖြစ်သို့   ရောက်လျှင် ရောက်ချင်း   ဓမ္မစကြာတရား   ဟောကြားခဲ့ရာမှာ နိဗ္ဗာန်သွားရာလမ်းဖြစ်တဲ့ မဂ္ဂင်ရှစ်ပါးတရားတော်ကို ဟောကြားခဲ့ပါတယ်။ မဂ္ဂင်ရှစ်ပါးကို ရှုဉာဏ်တရား ငါးပါးနဲ့ သီလမဂ္ဂင်သုံးပါးဆိုပြီး အုပ်စုနှစ်စုခွဲသလို ပညာအုပ်စု၊ သမာဓိအုပ်စုနဲ့ သီလအုပ်စုဆိုပြီး သုံးစု ခွဲထားတာလည်း ရှိပါတယ်။ အဲဒီအထဲမှာ အခြေခံ အကျဆုံးနဲ့ ပထမဆုံးဖြစ်တဲ့ သမ္မာဒိဋ္ဌိ မှန်ကန်စွာ ရှုမြင်တတ်ရေး သို့မဟုတ် နားလည်တတ်ရေး(Right View/Right Understanding ) ဖြစ်နိုင်ဖို့အတွက် မှန်ကန်စွာတွေးတောဆင်ခြင်ခြင်း(Right Thought) ဟာ အလွန်အရေးကြီးတယ်လို့ ပါမောက္ခချုပ် ဆရာ တော်ကြီးရဲ့   တရားတော်မှာ   နာယူခဲ့ဖူးပါတယ်။ လူမှာ စိတ်ဟာ လွန်စွာအရေးပါပြီး မိမိရဲ့ ပြောဆို၊ ပြုမူ၊ နေထိုင်လုပ်ဆောင်မှုအားလုံးအပေါ် စိတ်က ဦးဆောင်   လုပ်ဆောင်နေခြင်း     ဖြစ်တာကြောင့် အတွေးမှန်၊ အသိမှန်မှသာ မှန်ကန်စွာပြောဆို၊ ပြုမူမှု လုပ်ဆောင်နိုင်မှာဖြစ်ကြောင်း နာယူခဲ့ရပါတယ်။ လူများဟာ    မိမိနေ့စဉ်    နေထိုင်လုပ်ဆောင်နေတဲ့ လူမှုနဲ့လုပ်ငန်းခွင်ဝန်းကျင်ထဲမှာပင်  သမ္မာဝါစာ ကောင်းစွာပြောဆိုခြင်း(Right Speech) ၊ သမ္မာကမ္မန္တ ကောင်းစွာလုပ်ဆောင်ခြင်း (Right Action) နဲ့ သမ္မာ အာဇီဝ ကောင်းစွာ အသက်မွေးဝမ်းကျောင်းပြုခြင်း (Right Livelihood)ဆိုတဲ့ သီလမဂ္ဂင်တရားနဲ့ ညီညွတ် အောင်   နေထိုင်ခြင်းမျိုးနဲ့    လောကီ၊ လောကုတ္တရာ    နှစ်ဖြာသောအကျိုးကို  ရရှိခံစားနိုင်တယ်လို့  နာယူ ခဲ့ရပါတယ်။ 


သီလမဂ္ဂင်ကို ခါးဝတ်ပုဆိုးလို  လိုက်နာကျင့်ကြံ နေထိုင်သူဟာ Right View နဲ့ Right Thought ရရှိစေနိုင်တယ်လို့လည်း မြတ်စွာဘုရားကိုယ်တိုင် ဟောကြားခဲ့ဖူးတယ်လို့ ဆရာတော်ကြီးရဲ့ တရား တော်တွေမှာ နာယူခဲ့ရဖူးပါတယ်။ လူတွေရဲ့အခြေခံ သဘောဟာ ကိုယ်ကျင့်သီလကောင်းနေရမှာကို သိပြီး အဲဒီသီလ မကျိုးပေါက်အောင်  နေထိုင်သွား ခြင်းဆိုတဲ့ မှန်ကန်သောအမြင် ရရှိစေနိုင်ခြင်းမျိုး ဖြစ်ပါတယ်။ ကိုယ်ကျင့်သီလနဲ့ ပြည့်စုံနေသူတစ်ဦး ဟာ မိမိရဲ့  ကိုယ်ကျင့်သီလကို    အကြောင်းပြုပြီး  စိတ်ကကြည်နူးလာတယ်။ ကြည်နူးမှုကို အကြောင်း ပြုပြီး ဝမ်းသာတယ်။ ဝမ်းသာမှုကို အကြောင်းပြုပြီး ပီတိ ဖြစ်တယ်။ ပီတိကို အကြောင်းပြုပြီး ပဿဒ္ဓိ ကိုယ်စိတ်ငြိမ်းချမ်းတယ်။ ကိုယ်စိတ်ငြိမ်းချမ်းရင် သုခဆိုတဲ့ချမ်းသာမှုဆိုတာ   ဖြစ်လာတယ်။ ချမ်းသာ မှု ဖြစ်လာရင်     သမာဓိဆိုတဲ့   စိတ်တည်ငြိမ်မှုဟာ လွယ်လွယ်လေးနဲ့ ရလာတယ်။   စိတ်တည်ငြိမ်မှု ရလိုက်တာနဲ့  ယထာဘူတဉာဏဒဿန   မှန်မှန် ကန်ကန်  သိတယ်ဆိုတဲ့ အသိဉာဏ်ဟာ  ဝင်လာတယ်။  သီလမစင်ကြယ်ဘူးဆိုရင် အဲဒါတွေ ဆုံးရှုံးနိုင်တယ် ပေါ့။ ဒါကြောင့်မို့ သီလဝါ သီလရှိပါစေဆိုပြီး  ဆရာ တော်ကြီးက မိန့်မှာခဲ့ပါတယ်။


မိမိရဲ့  နေ့စဉ်ဘဝမှာ      ဝစီဒုစရိုက်တွေဖြစ်တဲ့ “လိမ်တာ၊     တစ်ဦးနဲ့တစ်ဦး       မတည့်အောင် လုပ်တာ၊    
ရိုင်းပြတဲ့   စကားပြောတာ၊     အကျိုးမဲ့တဲ့စကား ပြောတာ။   ကာယဒုစရိုက်တွေဖြစ်တဲ့    “သူများ အသက်ကို သတ်တာ၊ သူများပစ္စည်းဥစ္စာကို ခိုးတာ၊ သူများသားမယားကို  ပြစ်မှားတာ။”     မနောကံ ဒုစရိုက်တွေဖြစ်တဲ့  “အဘိဇ္စျာ  (လွန်ကဲစွာအလိုရှိ ခြင်း)၊ ဗျာပါဒ(ပျက်စီးစေရန်ကြိမ်ဆဲခြင်း)နဲ့ မိစ္ဆာ ဒိဠိ(အယူမှားခြင်း)”စတဲ့    ဒုစရိုက်မှု ၁၀ မျိုးကို မလုပ်မိအောင် ကြိုးစားနေဖို့ လိုအပ်ပါတယ်။ အဲဒီ  ၁၀ မျိုးမှာပဲ “ကိုယ်တိုင်၊   တိုက်တွန်း၊    ချီးမွမ်း၊ စိတ်တူ” ဆိုတဲ့လေးမျိုးနဲ့ ငြိစွန်းသွားခဲ့ရင်   စုစု ပေါင်းမျိုး၄၀ အထိ ဖြစ်သွားမှာ ဖြစ်တယ်လို့လည်း နာယူခဲ့ဖူးပါတယ်။ 


အဲဒီလို  လုပ်ဆောင်ပြုမူမိသွားခဲ့ရင်  မိမိဟာ သမ္မာဝါစာ (Right Speech) မဂ္ဂင်နဲ့    သမ္မာကမ္မန္တ (Right Action) မဂ္ဂင်ပျက်စီးသွားပြီဆိုတာ  သတိ ပြုမိဖို့ လိုအပ်ပါတယ်။ အဲဒီ  ဒုစရိုက်မှုမျိုးများနဲ့ ငွေကြေးရယူခဲ့ရင်တော့ မိစ္ဆာအာဇီဝနဲ့ အသက်မွေးမိ သလို ဖြစ်သွားမှာပါ။  မြတ်ဗုဒ္ဓကတော့  အထက် မှာဖော်ပြထားတဲ့  အကုသိုလ်တရား ၁၀ ပါးကို လုပ်ဆောင်ရင် အကုသိုလ်ခံစားရမယ်၊ အဲဒီ ၁၀ ပါး ကို ရှောင်ကြဉ်နိုင်ခဲ့ရင်တော့ အကျိုးတရားဖြစ်ထွန်း မယ်လို့ ဟောကြားခဲ့ပါတယ်။ အဲဒီထဲက ကာယကံနဲ့ ဝစီကံ ကျူးလွန်မှုများအားလုံးနီးပါးကို ကမ္ဘာပေါ်ရှိ ကိုးကွယ်ယုံကြည်လက်ခံထားတဲ့ ဘာသာတရား အသီးသီးကလည်း  တားမြစ်ထားတဲ့  အဆုံးအမများ ဖြစ်သလို    လောကဓမ္မအနေနဲ့လည်း   ကျူးလွန် ဖောက်ဖျက်သူအပေါ် အရေးယူနိုင်ဖို့ တားမြစ်ချက်နဲ့ ပြစ်ဒဏ်တွေကို  ဥပဒေနဲ့အညီ   ပြဋ္ဌာန်းထားရှိပါ တယ်။ ဒီလိုအရေးယူတဲ့အခါမှာလည်း “ကိုယ်တိုင်၊ တိုက်တွန်း၊ ချီးမွမ်း၊ စိတ်တူ” ဆိုတဲ့  လေးမျိုးနဲ့ လိုက်လျောညီထွေမှုရှိတဲ့   အပြစ်ပေးအရေးယူခြင်း သာမက ပြစ်မှုကျူးလွန်ချိန်မှာ  ထားရှိတဲ့ စိတ်ဆန္ဒ (စေတနာ) အပေါ်လိုက်ပြီး  ပြစ်ဒဏ်ချမှတ်ခြင်းမျိုး ဖြစ်လို့  မြတ်ဗုဒ္ဓရဲ့အဆုံးအမနဲ့ သွေဖည်မှု  သိပ်မရှိ ကြောင်း တွေ့ရှိရပါတယ်။ 


မနောကံဒုစရိုက်တွေဖြစ်တဲ့ “အဘိဇ္စျာ(လွန်ကဲ စွာ အလိုရှိခြင်း)၊ ဗျာပါဒ (ပျက်စီးစေရန်  ကြိမ်ဆဲ ခြင်း) နဲ့ မိစ္ဆာဒိဋ္ဌိ(အယူမှားခြင်း)”  သုံးမျိုးအနက် လွန်ကဲစွာအလိုရှိခဲ့ရင်  ကာယကံနဲ့ ဝစီကံဒုစရိုက် တွေပြုလုပ်ဖို့ တိုက်တွန်းအားပေးသကဲ့သို့  ဖြစ်နေ ပြီး  သူတစ်ပါးပျက်စီးစေရန် ကြိမ်ဆဲခြင်းဟာလည်း အခန့်မသင့်ရင် လောကဥပဒေအရ အရေးယူခြင်း ခံရဖွယ် ရှိပါတယ်။    မိစ္ဆာဒိဋ္ဌိ  (အယူမှားခြင်း)နဲ့ စပ်လျဉ်းပြီး   မြတ်ဗုဒ္ဓကတော့ ဘယ်လိုကိုးကွယ် ယုံကြည်မှုမျိုးဖြစ်တယ်ဆိုတာ အတိအကျ အဓိပ္ပာယ် ဖွင့်ဆိုမှု  မပြုခဲ့သလို သူဟောကြားတဲ့ တရားတော် များအပေါ်မှာလည်း အတင်းအကျပ် ယုံကြည်လိုက် နာရမယ်လို့လည်း ပညတ်ထားခြင်း   မရှိခဲ့ပါ။ မြတ်စွာဘုရားဟာ    မစဉ်းစားဘဲ   လက်ခံတာကို သဘောမကျဘူး၊   ဝိမံသကသုတ်မှာ    ဘုရားက “မင်းတို့စူးစမ်းကြ၊ လေ့လာကြ၊  ငါပြောတဲ့အတိုင်း ငါ့ကိုမယုံကြနဲ့၊ကျေနပ်လောက်စရာရှိလား၊ ကျေနပ် လောက်မှလက်ခံ” အဲဒီလို ဟောကြားခဲ့ပါတယ်။ 


ဗုဒ္ဓခေတ်က  အိန္ဒိယနိုင်ငံမှာတောင် အယူဝါဒ ဂိုဏ်းကြီးခြောက်ဂိုဏ်း  ရှိခဲ့ပြီး ဂျိန်းဘာသာက လက်ရှိအချိန်အထိလည်း     အားကောင်းနေဆဲ၊ အချို့သော မြန်မာဗုဒ္ဓဘာသာဝင်တွေတောင် အမြင် လွဲရာမှ   အလေ့အကျင့်လွဲနေဆဲ   ဖြစ်ပါတယ်။ ဒါပေမယ့် အထက်ကဖော်ပြထားတဲ့ ကုသိုလ်တရား  ၁၀ ပါးကို လုပ်ဆောင်ရင်  အကျိုးတရားဖြစ်ထွန်း မယ်။  အဲဒါနဲ့ဆန့်ကျင်ဘက် ၁၀ ပါးကို လုပ်ဆောင် ရင် အကုသိုလ်ခံစားရမယ်လို့  ဟောကြားခဲ့ခြင်း အပေါ် ဖီလာဆန့်ကျင်တဲ့ အယူဝါဒမျိုး ကိုင်စွဲထား ရှိသူများကသာ “မိစ္ဆာဒိဋ္ဌိ (အယူမှားခြင်း)” ဖြစ်မယ် လို့ ကိုယ်ပိုင်အသိနဲ့ ဆင်ခြင်သုံးသပ်မိပါတယ်။


သီလမဂ္ဂင်စောင့်ထိန်းရမယ့်     ၁၀ မျိုးထဲမှာ “သူရာမေရယ”မပါဝင်ပါ။ ဒါပေမယ့် ထိုအရာကိုမှီဝဲ သုံးစွဲထားသူအနေနဲ့ “အကုသိုလ်   ဖြစ်စေနိုင်မှု အလွန်လွယ်ကူ၊ ကုသိုလ်ဖြစ်စေနိုင်မှု    အလွန် နည်းပါးမယ်” ဆိုတာကို ချင့်ချိန်စဉ်းစားတတ်သူ အားလုံးသိရှိနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့်    ဗုဒ္ဓ ဘာသာဝင်တစ်ဦးအနေနဲ့    အခြေခံအကျဆုံးနဲ့ နေ့စဉ်စောင့်ထိန်းရမယ့် ငါးပါးသီလထဲမှာ “သူရာ မေရယမဇ္ဇပမာဒဋ္ဌာနာ”ဆိုတာကို    ထည့်သွင်း သတ်မှတ်ပေးခဲ့ပါတယ်။    အသေးစိတ်ဆိုရရင် သေရည်သေရက်သာမက  စိတ်ကို ညစ်နွမ်းစေမယ့် အမှားအမှန်   ဝေဖန်ပိုင်းဖြတ်မှုအပေါ်   ထိခိုက်မှု (Impact) ဖြစ်စေမယ့် မူးယစ်ထုံထိုင်းစေတတ်တဲ့ အရာအားလုံးကို   နေ့စဉ်ဘဝမှာ    ရှောင်ရှားရမှာ ဖြစ်ပါတယ်။   ဒါပေမယ့်   ကျန်တဲ့အရာတွေက ကျွန်တော်တို့နိုင်ငံမှာသာမက   အချို့သောကမ္ဘာ့ နိုင်ငံများမှာပါ   လောကဓမ္မအနေနဲ့ပင်   မသုံးစွဲဖို့ ဥပဒေအရ   တားမြစ်ချက်နဲ့    ပြစ်ဒဏ်ရှိပေမယ့် အရက်ကိုတော့   ထုတ်လုပ်၊  သောက်သုံး၊ ရောင်း ဝယ်ဖြန့်ဖြူးခွင့်  တရားဝင်ခွင့်ပြုထားပါတယ်။ 
အစ္စလာမ္မစ်နိုင်ငံတွေမှာတော့ လုံးဝလက်မခံပါ။ အခြားမူးယစ်ဆေးဝါးများနဲ့ ပတ်သက်လို့ ကတော့ “တစ်ကျောင်းတစ်ဂါထာ” ဖြစ်ပါတယ်။ အမေရိကန် နိုင်ငံမှာဆိုရင်       ဖက်ဒရယ်ပြည်ထောင်စုစနစ် ဖြစ်တာနဲ့အညီ ပြည်နယ်အလိုက်တောင် တူညီခြင်း မရှိပါ။ ထိုင်းနိုင်ငံမှာ ဆေးခြောက်ကို    တရားဝင် သုံးစွဲခွင့်    ပြဋ္ဌာန်းပေးလိုက်ပါတယ်။    ကျွန်တော် တာဝန်ထမ်းဆောင်ခဲ့တဲ့ အစ္စရေးနိုင်ငံမှာ Medical Cannabis ဆိုပြီး ဆရာဝန်ဆေးလက်မှတ်နဲ့ ဝယ်ယူ သုံးစွဲခွင့်  ရှိပါတယ်။ အချို့သော ကင်ဆာဝေဒနာ ရှင်များက သူတို့ခံစားနေရတဲ့ ဝေဒနာ သက်သာစေဖို့ အတွက် သုံးစွဲချင်ကြတယ်လို့ ကြားသိရပါတယ်။ သို့သော်ငြားလည်း ကင်ဆာအထူးကုဆရာဝန်တွေရဲ့ အကြံပြုချက်ကတော့ ၎င်းဆေးဝါးတွေဟာ အမှန် တကယ်ရောဂါ    သက်သာပျောက်ကင်းစေနိုင်မှု အတွက် တိုက်ရိုက် အကျိုးသက်ရောက်စေခြင်းမျိုး မဟုတ်ဘဲ ဝေဒနာသက်သာသလိုမျိုး ဖြစ်ပေါ်စေတဲ့ စိတ်ကိုလှည့်ဖြားမှုသာဖြစ်တယ်လို့ မှတ်ချက်ပေးပြီး မသုံးစွဲစေကြပါဘူး။ 


အထက်မှာဖော်ပြခဲ့တဲ့ ဒုစရိုက်အပြုအမူတွေနဲ့ ဆန့်ကျင်တဲ့၊     ကောင်းမွန်တဲ့   အလုပ်တွေကို ကိုယ်တိုင်လုပ်ဆောင်ရမယ်။ မဟုတ်ရင်တောင်မှ “တိုက်တွန်း၊ ချီးမွမ်း၊ စိတ်တူ” ဖြစ်နေဖို့တော့ လိုအပ်မှာ ဖြစ်တယ်လို့ ပါမောက္ခချုပ်ဆရာတော်ကြီး ရဲ့   တရားတော်များမှာ နာယူရဖူးပါတယ်။ နောက် တစ်ခါ  ကောင်းတာကို  မလုပ်နိုင်ခဲ့ရင်တောင်မှ မကောင်းမှန်းသိနေတဲ့ အရာတွေကို မလုပ်မိစေဖို့ အနည်းဆုံးတော့ “ကိုယ်တိုင်၊ တိုက်တွန်း၊ ချီးမွမ်း၊ စိတ်တူ” ဆိုတဲ့     လေးမျိုးအတိုင်း   နေ့စဉ်ပြောဆို၊ ပြုမူ၊    ကျင့်ကြံ၊    နေထိုင်သွားနိုင်ဖို့  အားထုတ် လုပ်ဆောင်နေခြင်းမျိုးဟာ လူသားတစ်ဦးအနေနဲ့ လူ့အသိုင်းအဝိုင်းထဲမှာ  ပုံမှန်နေထိုင်နေရင်းနဲ့ပင် သီလမဂ္ဂင်တရားများနဲ့ ညီညွတ်တဲ့  ကိုယ်ကျင့်သီလ မပျက်ယွင်းအောင်     ကြိုးစားပြီး   ပြုမူနေထိုင် လုပ်ကိုင်ခြင်းမျိုးဟာ  သမ္မာဝါယာမ   (Right Effort) မဂ္ဂင်ကို  ကျင့်သုံးစောင့်ထိန်းနေတာပဲ ဖြစ်တယ်လို့ နာယူမှတ်သားမိပါတယ်။ 


အဲဒီလို ကျင့်သုံးဆောက်တည်နိုင်အောင် အမြဲ မပြတ် မိမိကိုယ်ကို   သတိပေးနေခြင်း၊   သတိရှိရှိနဲ့ နေထိုင်ခြင်းဟာ သမ္မာသတိ (Right Mindfulness) မဂ္ဂင်ကို ကျင့်သုံးစောင့်ထိန်းနေတာပဲ ဖြစ်တယ်လို့ နာယူမှတ်သား  မိပါတယ်။ အဲဒီလိုပုဂ္ဂိုလ်မျိုးဟာ ကောင်းမွန်၊ မှန်ကန်တဲ့ “အပြောအဆို၊ အပြုအမူ၊ အလုပ်အကိုင်” ဆိုတဲ့   သီလမဂ္ဂင်   ကျိုးပေါက်မသွား အောင်၊ တိမ်းစောင်းသွားခြင်း မရှိအောင်  အမြဲဂရု တစိုက် ထိန်းသိမ်းလုပ်ဆောင်နေမှာ ဖြစ်တဲ့အပြင်၊ တကယ်လို့ သူ့ရဲ့သီလကို ညစ်နွမ်းစေနိုင်တဲ့ အာရုံ မျိုး မတော်တဆ ဝင်လာခဲ့ရင်တောင်မှ    ချက်ချင်း သတိကပ်ပြီး ဖယ်ရှားရှင်းလင်းနိုင်မှာ  ဖြစ်ပါတယ်။ ဒါဟာ  သမ္မာသတိလို့ခေါ်တဲ့ Right Mindfulness မဂ္ဂင်ကို ကျင့်သုံးပြီး နေထိုင်နေတာဖြစ်လို့  အဲဒီလို ပုဂ္ဂိလ်မျိုးဟာ ကုသိုလ်တရား မပွားများနိုင်တောင်မှ အကုသိုလ်တွေကိုတော့ သေချာပေါက် ရှောင်လွှဲနိုင် မှာ ဖြစ်ပါတယ်။ လူတစ်ယောက်ဟာ စိတ်မတည်ငြိမ် ဘူး၊   ဂနာမငြိမ်ဘူးဆိုရင်လည်း    အောင်မြင်မှုမရ နိုင်လို့ စိတ်တည်ငြိမ်မှုဟာ အလွန်အရေးကြီးတယ်၊ တရားအားထုတ်မှ သမာဓိလိုတာမဟုတ်။   ဘယ်လို အလုပ်မျိုးပဲလုပ်လုပ် စိတ်တည်ငြိမ်မှု၊ သမာဓိရှိရမှာ ဖြစ်တယ်။ 
စိတ်တည်ငြိမ်မှုမရှိရင်    ဘယ်လိုကိစ္စမျိုးမှ အောင်မြင်မှာ  မဟုတ်ဘူး။ သမာဓိဆိုတာ အာရုံ တစ်ခုတည်းပေါ်မှာ    စိတ်တည်ငြိမ်နေတာမျိုးကို ခေါ်တာဖြစ်တယ်။ စိတ်ပျံ့လွင့်နေတာမျိုး မဖြစ်စေဖို့ အရေးကြီးလို့ စိတ်တည်ငြိမ်ပြီး သမာဓိရှိမှသာ မိမိ လုပ်ဆောင်နေတဲ့ လုပ်ငန်းကိစ္စအဝဝ အောင်မြင်မှာ ဖြစ်တယ်လို့ ဟောကြားခဲ့ပါတယ်။ ဒါဟာ မှန်ကန် သော စိတ်တည်ငြိမ်မှုရှိခြင်း၊  သမ္မာသမာဓိ (Right Concentration) မဂ္ဂင်ကို   လိုက်နာကျင့်သုံးနေတာပဲ ဖြစ်တယ်လို့ နာယူမှတ်သားမိပါတယ်။


စိတ်ဖြူစင်အောင်ထား၊ သူများအတွက်ပါ ကောင်းအောင်လုပ်


ဒီနေရာမှာလည်း သမာဓိထူထောင်နိုင်ဖို့ သမထ နဲ့ဝိပဿနာတရားတွေ မပြတ်အားထုတ်နေရမယ် လို့လည်း မြတ်ဗုဒ္ဓက   အတင်းအကျပ်   တိုက်တွန်း ထားခြင်းမပြုခဲ့ပါ။ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက် ဟာ    မိမိဘာလုပ်ရမယ်ဆိုတာကို    စဉ်းစားပြီး လုပ်ကိုင်နေခြင်းဟာ မှန်ကန်တယ်လို့ ထင်ကြောင်း ဆရာတော်ကြီးက မိန့်မှာခဲ့ပါတယ်။ မိမိရဲ့သန္တာန်မှာ စိတ်ဘယ်လောက်ဖြူစင်နေပြီလဲ ဆိုတာက ပိုပြီး အရေးကြီးတယ်လို့    မိန့်ကြားခဲ့ဖူးပါတယ်။  ဗုဒ္ဓ မြတ်စွာဘုရားက စိတ္တာနုပဿနာ ဆိုပြီး ကိုယ့်စိတ် ကလေးကို    အမြဲတမ်းရှုနေပါ။  သိမှုကို ဆင်ခြင် သုံးသပ်ခြင်း (Contemplation of Consciousness)၊ အတွေးအာရုံ/  စိတ်ကို    ဆင်ခြင်သုံးသပ်ခြင်း (Contemplation of Mind) တို့ကို အချိန်တိုင်း လုပ်ဆောင်နေကြဖို့ ဟောကြားခဲ့ပါတယ်။   ကိုယ့် စိတ်ထဲမှာ ရာဂတွေဖြစ်နေလား၊ ဒေါသတွေဖြစ်နေ သလား သိပြီးတော့   ရာဂဖြစ်ရင်  မဖြစ်အောင် ကြိုးစားဖို့၊   ဒေါသဖြစ်ရင်လည်း   မဖြစ်အောင် ကြိုးစားဖို့ဆိုတာ ပိုပြီး   အဓိကကျပါတယ်လို့ ဆရာတော်ကြီးရဲ့    မိန့်ကြားခဲ့မှုအပေါ်    နာယူ မှတ်သားခဲ့ဖူးပါတယ်။ ဗုဒ္ဓခေတ်တုန်းက ထေရီကာ ဆိုတဲ့ အမျိုးသမီးလေးတစ်ဦးဟာ အိမ်မှုလုပ်ငန်းလုပ်နေရင်းကနေပြီး ဘုရားတရားတော်  သွားနာယူ တယ်။ သေချာ မှတ်သားနာယူတယ်။ နေ့စဉ်မှတ်တဲ့ ကမ္မဋ္ဌာန်းကို မှတ်တယ်။ ဟင်းရွက်ကြော်နေရင်း ကပင် ဖြစ်ပျက်နေတဲ့  သဘောတရားကို ရှုမြင်နိုင်ခဲ့ လို့    တရားထူးရသွားတယ်လို့   ဆရာတော်ကြီးရဲ့ တရားမှာ နာယူဖူးခဲ့လို့  နေ့စဉ်ဘဝထဲမှာ   နေထိုင် လုပ်ကိုင်နေရင်းနဲ့ပင် နိဗ္ဗာန်သွားတဲ့လမ်းကို ရှုမြင် နိုင်မှုအပေါ် အသိတရားရယူနိုင်မှာ ဖြစ်ပါတယ်။ 


လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်တိုင်းဟာ ဘယ် အလုပ်မျိုးကိုမဆို လုပ်ဆောင်ရတော့မယ်ဆိုရင် ဓမ္မမျက်စိလေးနဲ့ပါ ရှုမြင်တတ်ဖို့   လိုအပ်တယ်လို့ လည်း ဆရာတော်ကြီးက သတိပေးခဲ့ပါသေးတယ်။ ဥပမာအားဖြင့် ကုန်သည်ပွဲစား စီးပွားရေး လုပ်ငန်း ရှင်တစ်ဦးအနေနဲ့ ရောင်းဝယ်ဖောက်ကားမှုပြုခြင်း အပေါ် မိမိတစ်ဦးတည်း   အမြတ်အစွန်းရရှိစေမှု အတွက်သာ ရှေးရှုတာမျိုးမဟုတ်ဘဲ တစ်ဖက်သား အတွက်လည်း အကျိုးရှိစေတဲ့ Win-Win စိတ်ထား မျိုး ထားရှိစေခြင်းမျိုး  ဖြစ်ပါတယ်။ ဒီအပြင် မိမိရဲ့ ပြုလုပ်ဆောင်ရွက်မှုအပေါ်ထားရှိတဲ့ စေတနာက ပြဋ္ဌာန်းတဲ့    အကျိုးရလဒ်ကိုသာ     ရရှိခံစားရမှုနဲ့ စပ်လျဉ်းပြီး   တံငါသည်အလုပ်နဲ့   တစ်သက်လုံး အသက်မွေးဝမ်းကျောင်း    ပြုခဲ့သူတစ်ဦးရဲ့  ဘဝ နောက်ဆုံးနိဂုံးမှာ အာရုံပြုမှန်ခဲ့ရာမှ  ရရှိသွားခဲ့တဲ့ အကျိုးရလဒ်။ နှစ်ပေါင်း ၅၀ ကျော် ရာဇဝတ်သား တွေကို သေဒဏ်စီရင်ပေးရတဲ့ ပါးကွက်သားလုပ်ငန်း နဲ့    အသက်မွေးရသူမျိုးတောင်မှ   သူတစ်ပါးရဲ့ အသက်ကို   သေစေလိုတဲ့   စိတ်ဆန္ဒနဲ့သတ်ခဲ့တာ မဟုတ်တဲ့အတွက်ကြောင့်   နောက်ဆုံးရရှိခဲ့တဲ့ အကျိုးရလဒ်၊ နိုင်ငံတော်လုံခြုံရေးနဲ့  ကာကွယ်ရေး အတွက်    လိုအပ်ချက်ရှိလို့   အမိန့်ပေးစေခိုင်းရတဲ့ ပြည့်ရှင်မင်းမြတ်အနေနဲ့လည်းထားရှိတဲ့  စိတ်ထား ပေါ် မူတည်ပြီးမှ သူရရှိခံစားရမယ့်  အကျိုးရလဒ် တွေကို တရားတော်များမှာ နာယူမှတ်သားခဲ့ရခြင်း များကြောင့် ဘဝတစ်ခုရလာတဲ့အခါမှာ  နံပါတ်တစ် အနေနဲ့ ကိုယ့်စိတ်စင်ကြယ်အောင် ထားဖို့နဲ့ စိတ်ဖြူ စင်အောင်ထားဖို့ဟာ အရေးကြီးဆုံး ဖြစ်ပါတယ်။ နောက်တစ်ချက်အနေနဲ့ လူတိုင်းလူတိုင်းဟာ မိမိ တစ်ဦးတည်း နေတာမဟုတ်ဘဲ လူ့အဖွဲ့အစည်းနဲ့ နေရတာဖြစ်တာနဲ့အညီ ကိုယ့်အတွက် ကောင်းနေရုံ မျှသာမကဘဲ သူများအတွက်ပါ  ကောင်းအောင်လုပ်ဖို့  က  ဒုတိယအချက်ဖြစ်တယ်လို့    ပါမောက္ခချုပ် ဆရာတော်ကြီးက    ဩဝါဒပေးခဲ့တာကို    နာယူ မှတ်သားခဲ့ရပါတယ်။
ဒါကြောင့်မို့ လူပုဂ္ဂိုလ်တစ်ဦးချင်း တစ်ယောက် တိုင်းဟာ   မိမိရဲ့နေ့စဉ်ဘဝကို  မဂ္ဂင်ရှစ်ပါးတရား တော်အတိုင်း မတိမ်းမစောင်း  လျှောက်လှမ်းနိုင်မယ် ဆိုပါက မိမိရဲ့  ပြောဆို၊ ပြုမူ၊ နေထိုင်၊ လုပ်ဆောင် နေမှု အားလုံးဟာ တစ်ပါးသူအပေါ် ထိခိုက်နစ်နာ စေနိုင်မှုမျိုးကိုလည်း ရှောင်လွှဲပြီးဖြစ်တာနဲ့အညီ လက်ရှိဘဝမှာ မိမိကိုယ်တိုင်အတွက်  ငြိမ်းအေးမှု ခံစားရရှိနိုင်မှာဖြစ်သလို သံသရာခရီးအတွက်လည်း စိုးရိမ်ကြောင့်ကြရမှု လျော့ပါးစေနိုင်မှာ    ဖြစ်ပါ ကြောင်း...။     ။