
ဒီအက်ပလီကေးရှင်းဟာ ၂၀၂၂ ခုနှစ်အတွက် မြန်မာပြက္ခဒိန်အဖြစ် အသစ်ထွက်ရှိလာတာဖြစ်ပေမယ့် ၂၀၂၂ တစ်နှစ်တည်းမဟုတ်ဘဲ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်အထိ ငါးနှစ်စာ မြန်မာပြက္ခဒိန် ပါဝင်ပါတယ်။ ဒီပြက္ခဒိန်ထဲမှာ ၂၀၂၁-၂၀၂၅ ခုနှစ်အတွင်း မြန်မာရက်စွဲ၊ ရက်ရာဇာ/ပြဿဒါး၊ နဂါးခေါင်းလှည့် စတာတွေကို အသေးစိတ် ဖော်ပြ ထားပြီး ဥပုသ်နေ့တွေနဲ့ ရုံးပိတ်ရက်တွေကိုလည်း အရောင်၊ အစက်လေး တွေနဲ့ ခွဲခြားဖော်ပြထားလို့ အလွယ်တကူ ကြည့်နိုင်ပါတယ်။
ငါးနှစ်စာပြက္ဒဒိန်ကြည့်ရုံအပြင် မြန်မာ-အင်္ဂလိပ်နဲ့ အင်္ဂလိပ်-မြန်မာ ရက်စွဲတွေလည်း ပြောင်းလဲတွက်ချက်နိုင်ပါတယ်။ အင်္ဂလိပ်ရက်စွဲ တစ်ခုကို ရိုက်ထည့်လိုက်ရုံနဲ့ မြန်မာရက်ကို ချက်ချင်းတွက်ပေးနိုင်သလို မြန်မာရက်စွဲတစ်ခုကို ရိုက်ထည့်လိုက်ရင်လည်း အင်္ဂလိပ်ပြက္ခဒိန် ရက်စွဲကို ချက်ချင်းတွက်ပေးနိုင်ပါတယ်။ ဒါ့အပြင် လက်ရှိခုနှစ်အတွက် မဟာဘုတ်ကို ကြည့်နိုင်ပြီး နှစ်အလိုက် မဟာဘုတ်ကိုလည်း တွက်နိုင်ပါတယ်။
ဒီအက်ပလီကေးရှင်းကို ပလေးစတိုးမှာ Myanmar Calendar Neon A လို့ ရိုက်ရှာနိုင်ပြီး အခမဲ့ဒေါင်းယူနိုင်ပါတယ်။ အန်းဒရွိုက်ဗားရှင်း 4.4 ကနေ 11 အထိ ဖုန်းတိုင်းမှာအသုံးပြုနိုင်ပြီး ဇန်နဝါရီ ၂ ရက်က ထပ်ထွက်ထားတဲ့ အပ်ဒိတ်မှာတော့ နောက်ဆုံးထွက် အန်းဒရွိုက်ဗားရှင်း ဖြစ်တဲ့ Android 12 မှာပါ အသုံးပြုနိုင်အောင် ပြုပြင်မှုတွေ လုပ်ပေးထား ပါတယ်။ ဖိုင်ဆိုက်က 6MB ပဲရှိပြီး တစ်ကြိမ်ဒေါင်းပြီးရုံနဲ့ အော့ဖ်လိုင်း အသုံးပြုနိုင်ပါတယ်။
ကျော်ဇင်ဦး