ဖွံ့ဖြိုးတိုးတက်မှုအမြင်နှင့် အလှမ်းဝေးနေသော လူကုန်ကူးမှုဆိုင်ရာ ထုတ်ပြန်ချက်

Type

 

မိုးမြင့်  

 

ကမ္ဘာလုံးဆိုင်ရာ အချို့ကိစ္စရပ်များဟာ ပူးပေါင်းဆောင်ရွက်သင့်တဲ့အရာဆို   ပူးပေါင်းဆောင်ရွက်ရမှာပဲ  ဖြစ်ပါတယ်။   မပူးပေါင်းလို့မရပါဘူး။  ဒီအချက်ကို မျက်ကွယ်ပြုပြီး  ပူးပေါင်းဆောင်ရွက်ရမယ့်အစား ပိတ်ဆို့ဖို့၊ ဖြတ်တောက်ဖို့၊ တားဆီးဖို့ချည်းပဲ လုပ်နေမယ်ဆိုရင် ထိုအရေး၊ ထိုပြဿနာဟာ အောင်မြင်မှုရဲ့   ပြောင်းပြန်ရလဒ်တွေကိုသာ ရရှိတတ်ပါတယ်။   လူကုန်ကူးမှု တိုက်ဖျက်ရေး အရေးဟာ တစ်နိုင်ငံတည်းမက   နိုင်ငံအားလုံးနဲ့ ဆက်စပ်နေတဲ့ကိစ္စပါ။ အနည်းဆုံးတော့ လူတွေစထွက်ခွာရာ မူရင်းနိုင်ငံနဲ့ ဖြတ်သန်းရာနိုင်ငံတွေ၊ နောက်ဆုံးသူတို့အလုပ်လုပ်မယ့် ဆိုက်ရောက်နိုင်ငံ တွေဆိုပြီး  ပါဝင်ပတ်သက်တဲ့   နိုင်ငံတွေရှိကြပါ တယ်။ အားလုံးပါဝင်ပူးပေါင်းဆောင်ရွက်မှ  အဖြေထွက်တဲ့ ကိစ္စရပ်တစ်ခုဖြစ်ပါတယ်။

 

နားလည်မှုပေးသင့် 


 လူကုန်ကူးမှုကိစ္စ ဖြေရှင်းမယ်ဆိုရင် ဟန်ချက် ညီရပါတယ်၊ မျှတရပါမယ်။ အထူးသဖြင့် ဖွံ့ဖြိုးဆဲ နိုင်ငံတွေ၊ ဆင်းရဲတဲ့နိုင်ငံတွေ၊ နိုင်ငံအရေးပဋိပက္ခ တွေနဲ့ လူမျိုးရေး ပဋိပက္ခတွေရှိနေတဲ့   နိုင်ငံတွေ အပေါ်မှာ ဘက်မလိုက်ဘဲ နိုင်ငံကြီးတွေအနေနဲ့ ပိုပြီး ညီမျှတဲ့ အနေအထားမျိုး ထားရှိဖို့သင့်ပါတယ်။ ယခုလို ကိုဗစ်ကပ်ကို   ရင်ဆိုင်နေရချိန်၊   စစ်ပွဲနဲ့ သဘာဝဘေးဒဏ်တွေ   သင့်နေချိန်မှာ   ချမ်းသာတဲ့ နိုင်ငံတွေဟာ ဆင်းရဲတဲ့နိုင်ငံတွေအပေါ်မှာ  ပို၍ စာနာထောက်ထား    နားလည်မှုပေးသင့်တယ်လို့ ယူဆပါတယ်။ စီးပွားရေးနဲ့   အလုပ်အကိုင် အခွင့် အလမ်း နည်းပါးတဲ့အခြေအနေရှိနေခိုက်မှာ  နိုင်ငံ အတော်များများမှာ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးအစီအစဉ်တွေနဲ့   ကြိုးပမ်းဆောင်ရွက်နေကြ ပေမယ့် ရည်မှန်းချက်မရောက် တစ်ခါတရံ ထိုက်သင့် သလောက်    အောင်မြင်မှုမရနိုင်ဘဲ       အခက်အခဲ တွေရှိနိုင်တယ်ဆိုတာ နားလည်မှုပေးနိုင်ရပါမယ်။ 

 


ဘက်လိုက်မှုရှိနိုင်တဲ့ထုတ်ပြန်ချက် 


မြန်မာနိုင်ငံလည်း ထို့အတူပါပဲ။ လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာကိစ္စမှာ   အမေရိကန်ရဲ့   မလို တစ်မျိုး၊ လိုတစ်မျိုးအနေအထားကို ယခင်ကလိုပဲ ရင်ဆိုင်ရပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ၂၀၂၂ ခုနှစ်  အောက်တိုဘာ   ၁၄   ရက်က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ  လူကုန်ကူးမှုတိုက်ဖျက် ရေးဆိုင်ရာကိစ္စနဲ့ပတ်သက်ပြီး      အမေရိကန် လွှတ်တော်က ၂၀၀၀  ပြည့်နှစ်ကတည်းက   သူတို့ စံနှုန်းနဲ့သူတို့ပြဋ္ဌာန်းထားတဲ့အနိမ့်ဆုံး စံနှုန်းအတိုင်း သို့မဟုတ် စံနှုန်းတွေနဲ့အညီ လိုက်လျောညီထွေ ဖြစ်အောင် ကြိုးပမ်းအားထုတ်မှုမှာ   မြန်မာနိုင်ငံ ဘက်ကအားနည်းတယ်ဆိုပြီး ကြိုးပမ်းအားထုတ်မှု   အားအနည်းဆုံးနိုင်ငံတွေစာရင်း    TIER   (3)   မှာ ထည့်သွင်းထားလိုက်ပါတယ်။ ယခင်နှစ်တွေ အတိုင်း ပါပဲ၊   မြန်မာနဲ့ပတ်သက်တဲ့ အစီရင်ခံစာ  သတ်မှတ် ချက်မှာ အပြောင်းအလဲ မရှိခဲ့ပါဘူး။ 
ဒါဟာ အမေရိကန်တို့ လုပ်နေကျ ဘက်လိုက် ခွဲခြားမှုတွေထဲက   တစ်ခုဆိုတာထက်   မပိုပါဘူး။ သူ့ကိုထောက်ခံတဲ့နိုင်ငံ၊ အကျိုးပြုတဲ့နိုင်ငံ၊ မဟာ မိတ်နိုင်ငံဆိုလျှင် ဘယ်လို လူကုန်ကူးမှုတိုက်ဖျက် ရေးမှာ အားနည်းချက်တွေရှိနေပါစေ၊   ဘယ်လိုပဲ လူ့အခွင့်အရေး ချိုးဖောက်မှုတွေရှိနေပါစေ လျစ်လျူရှု ခံရတဲ့အပြင်      အမေရိကန်ရဲ့     မျက်နှာသာပေးမှု လည်း ခံရပြီး TIER (3) စာရင်းထဲမှာ ပါဝင်တာလည်း မတွေ့ရပါဘူး။ ထုံးစံအတိုင်း အီရန်၊ ဂီနီယာ၊ တရုတ်၊  အာဖဂန်နစ္စတန်စတဲ့ အမေရိကန်မလိုလားတဲ့ နိုင်ငံ တွေကတော့ ဒီစာရင်းမှာ ထည့်သွင်းထားခြင်း  ခံရ ပါတယ်။ ဒီလိုစာရင်းသွင်းခံရတဲ့နိုင်ငံတွေအနေနဲ့ လူသားချင်း          စာနာထောက်ထားမှုဆိုင်ရာနဲ့ ကုန်သွယ်ရေးမဟုတ်တဲ့ အကူအညီတွေ၊   အခြား အကူအညီတွေကို အမေရိကန်ဆီက  ရနိုင်တော့မှာ မဟုတ်ပါဘူး။ 

 


ခေတ်သစ်ကျွန်လူကုန်ကူးမှုကို 
ဘယ်နိုင်ငံကမှ လက်မခံပါ 


ဘယ်လိုပဲဖြစ်ဖြစ်ပါ၊          မြန်မာအပါအဝင် အထက်ပါနိုင်ငံတွေအနေနဲ့ လူကုန်ကူးခြင်းဆိုတာ လုပ်အားကို    ခေါင်းပုံဖြတ်တဲ့လုပ်ငန်း၊    လိင်ပိုင်း ဆိုင်ရာအမြတ်ထုတ်ခံရပြီး ဘဝရပ်တည်ဖို့ ခက်ခဲတဲ့ သူတွေကို ပိုပြီးပစ်မှတ်ထားခံရတဲ့   မကောင်းမှု ဒုစရိုက်လုပ်ငန်းတစ်ခုဆိုတာ သိရှိပြီးသားပါ။ ဖွံ့ဖြိုး တိုးတက်မှုနိမ့်ကျတာနဲ့အမျှ  လူကုန်ကူးမှု ပြဿနာ တွေကို      ပိုပြီးခံစားကြရတယ်ဆိုတာကိုလည်း အားလုံးထက်ပိုသိပါတယ်။ အမျိုးသမီးနဲ့  ကလေး သူငယ်တွေဟာ  အဓိကသားကောင်တွေဖြစ်ကြရပါ တယ်။ 

 


အဓမ္မထိမ်းမြားခံရပြီး       အဓမ္မပြည့်တန်ဆာ လုပ်ခိုင်းခြင်းခံကြရတယ်။ ကြွေးမြီ အတင်ခံရတယ်။ ကလေးသူငယ်ပါမချန်        လူကုန်ကူးခံရတဲ့အထိ ကျေးကျွန်စနစ်တစ်ခုအဖြစ် သတ်မှတ်ခံရတဲ့ လူလူ ချင်းအမြတ်ထုတ်ခံရတဲ့    မကောင်းမှုလုပ်ငန်းမျိုး ဖြစ်လို့ မြန်မာနိုင်ငံအပါအဝင်   ဘယ်လိုအစိုးရ၊  ဘယ်လိုယဉ်ကျေးတဲ့     လူ့အဖွဲ့အစည်းမျိုးကမှ လက်ခံလို့မရဘူးဆိုတာ   နားလည်သဘောပေါက် သင့်ပါတယ်။

 


မြန်မာနိုင်ငံအခြေအနေကို      ကြည့်မယ်ဆိုရင် ပြည်တွင်းရေးအခြေအနေတွေကို     အခွင့်ကောင်း ယူပြီး ပြည်ပနိုင်ငံတွေရဲ့ ဆွဲဆောင်မှုတွေပါနေတာ တွေ့ရပါလိမ့်မယ်။    ပြည်ပမှာ  အလုပ်အကိုင်သစ် ရှာဖွေလိုတဲ့ လူငယ်တွေကို ဈေးကွက်လိုအပ်ချက် အရ     စည်းရုံးသိမ်းသွင်းမှုတွေရှိနေတာကြောင့် ပြည်ပထွက်ခွာ၊ ပြည်ပလူကုန်ကူးမှု အရေအတွက် ဟာ ပြည်တွင်းလူကုန်ကူးမှုထက် လေးဆလောက် ပိုများနေပါတယ်။    အမျိုးသမီးနဲ့   ကလေးသူငယ် ကတော့ ၅၀ ရာခိုင်နှုန်းခန့်ထိ ရှိပါတယ်။ 
ပွဲစားတွေရဲ့    ပစ်မှတ်ထားခံရတဲ့     အဓိက သားကောင်တွေပါ။  မိန်းကလေးငယ်တွေ အဓမ္မ ထိမ်းမြားခံရ၊ အငှားကိုယ်ဝန်ဆောင်ကြရ၊ လုပ်အား ခေါင်းပုံဖြတ်ခံရ၊ ကြွေးမြီနှောင်ဖွဲ့ခံရ၊ မွေးစားခံရ၊ အလွဲသုံးစားလုပ်ခံရ၊     ခြိမ်းခြောက်ခံရ   စသဖြင့် စိတ်မကောင်းစရာ ဖြစ်ရပ်တွေကို ဘယ်လိုလူ့အဖွဲ့ အစည်းကမှ လျစ်လျူရှုထားမယ်မထင်ပါဘူး။ ဗုဒ္ဓ ဘာသာ မြန်မာနိုင်ငံအနေနဲ့တော့ ဗြဟ္မာစိုရ်တရား လက်ကိုင်ထားတဲ့ လူမျိုးများပီပီ မေတ္တာ၊ ကရုဏာနဲ့ လူကုန်ကူးမှုကို    အရေးယူတားဆီးတိုက်ဖျက်တဲ့ နေရာမှာ ကျရာကဏ္ဍကနေ ပါဝင်ကူညီဆောင်ရွက် ပေးနေတယ်ဆိုတဲ့အချက်ကို အသိအမှတ်ပြုသင့် ပါတယ်။ 

 


အမျိုးသားရေးတာဝန်တစ်ခုအဖြစ်
သတ်မှတ်ဆောင်ရွက်နေ 


ဒါကြောင့်လည်း မြန်မာနိုင်ငံအနေနဲ့ လူကုန် ကူးမှုတားဆီးကာကွယ် တိုက်ဖျက်ရေးလုပ်ငန်းကို ၁၉၉၇  ခုနှစ်ကတည်းက အမျိုးသားရေးတာဝန် တစ်ခုနှယ်သတ်မှတ်ပြီး  ငါးနှစ်စီမံကိန်းနဲ့ မဟာ ဗျူဟာသုံးရပ်၊      နည်းဗျူဟာလေးရပ်ချမှတ်ပြီး  တိုက်ဖျက်ခဲ့ကြပါတယ်။      လူကုန်ကူးမှုတားဆီး တိုက်ဖျက်ရေးနဲ့ဆက်နွှယ်တဲ့ နိုင်ငံတကာပူးပေါင်း ဆောင်ရွက်မှုအပိုင်းများမှာလည်း     တက်တက် ကြွကြွ  ပါဝင်ခဲ့ပါတယ်။ နိုင်ငံတကာ   ဖြတ်ကျော် အုပ်စုဖွဲ့    မှုခင်းတိုက်ဖျက်ရေးဆိုင်ရာ   ကုလသမဂ္ဂ ကွန်ဗင်းရှင်း UNTOC နဲ့  နောက်ဆက်တွဲစာချုပ် တွေဖြစ်တဲ့  အမျိုးသမီးနှင့် ကလေးသူငယ်များအား အထူးပြုသည့်       လူကုန်ကူးမှုနှိမ်နင်းခြင်းနှင့် ပြစ်ဒဏ် ပေးရေးဆိုင်ရာစာချုပ်နဲ့   ကုန်းလမ်း၊ ရေလမ်းနှင့် လေကြောင်းအသုံးပြု၍ ရွှေ့ပြောင်းသွားလာသူတွေ အား   မှောင်ခိုပို့ဆောင်မှုဆိုင်ရာ    စာချုပ်တွေမှာ ၂၀၀၄   ခုနှစ်    မတ်  ၃၀  ရက်ကတည်းက  ပါဝင် လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်ပါတယ်။

 


ဒါ့အပြင်   ဒေသတွင်း    လူကုန်ကူးမှုတားဆီး ကာကွယ်နှိမ်နင်းရေးဆိုင်ရာ ယန္တရားတွေမှာလည်း တိုးမြှင့်ပါဝင်ဆောင်ရွက်တဲ့အနေနဲ့  မဲခေါင်ဒေသ တွင်း ခြောက်နိုင်ငံ ပူးပေါင်းလူကုန်ကူးမှု၊ ပူးပေါင်း တိုက်ဖျက်ရေးစီမံကိန်းမှာလည်း       မြန်မာနိုင်ငံ ပါဝင်ဆောင်ရွက်နေပါတယ်။ တရုတ်၊  ထိုင်း၊ လာအို၊ အိန္ဒိယ   နိုင်ငံအသီးသီးနဲ့လည်း MoU  လက်မှတ် ရေးထိုးထားပြီး BIMSTEC အဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ သီရိလင်္ကာ၊ ထိုင်း၊ နီပေါ၊ ဘူတန်နိုင်ငံတွေနဲ့လည်း       ၂၀၀၄      ခုနှစ်ကစပြီး ပူးပေါင်းဆောင်ရွက်နေပါတယ်။    ၂၀၁၅     ခုနှစ် နို၀င်ဘာ ၂၁  ရက်က  ရေးဆွဲပြဋ္ဌာန်းခဲ့တဲ့ အာဆီယံ လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ    ကွန်ဗင်းရှင်း အောက်မှာ မြန်မာနိုင်ငံဟာ ဒေသတွင်း  နိုင်ငံတွေ နဲ့အတူ   ပူးပေါင်းပါဝင်ဆောင်ရွက်ပေးလျက်ရှိပါ ကြောင်း တင်ပြလိုပါတယ်။ 

 


ပြင်ဆင်ခဲ့ပြီး လူကုန်ကူးမှုဆိုင်ရာ
ဥပဒေအသစ်ပြဋ္ဌာန်းချက်များ 


  မြန်မာနိုင်ငံမှာ    ၂၀၀၅    ခုနှစ်ကတည်းက လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေတစ်ရပ် ကို ပြဋ္ဌာန်းခဲ့ပါတယ်။ နောက်ပိုင်းမှာ လူကုန်ကူးမှု ပုံစံတွေမှာ     ပြောင်းလဲမှုတွေ      ရှိလာပါတယ်။ အွန်လိုင်းနဲ့ အီလက်ထရွန်နစ်နည်းပညာတွေ အသုံး ပြုပြီး လူစုပြီး လူကုန်ကူးလာကြပါတယ်။   ယခုလို ပြောင်းလဲတိုးတက်လာတဲ့           အခြေအနေမှာ ခေတ်စနစ်နဲ့အညီဖြစ်စေဖို့ မူလဥပဒေကို ပြန်လည် ပြင်ဆင်ရေးဆွဲဖို့ အကြောင်းဖန်လာပါတယ်။ 

 


ဒါကြောင့်လည်း ၂၀၂၂ ခုနှစ် ဇွန်   ၁၆  ရက်မှာ  လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး     အမည်သစ်နဲ့ ဥပဒေသစ်တစ်ရပ်ကို အတည်ပြုပြဋ္ဌာန်းပေးခဲ့ပြန် ပါတယ်။ ဥပဒေအဟောင်းနဲ့အသစ်ကြား ကွာခြား ချက်ကို   ပြန်ကြည့်ရင် မြန်မာနိုင်ငံအစိုးရအနေနဲ့ လူကုန်ကူးမှုအပေါ် ပိုပြီး အာရုံစိုက်တွန်းအားပေးအားထုတ်ဆောင်ရွက်လိုစိတ်ကို တွေ့မြင်ရပါတယ်။ 
လူကုန်ကူးမှုမှာ      ကာကွယ်ရေးအသွင်မှ တားဆီးနှိမ်နင်းရေးအသွင်သို့ တိုးမြှင့်လာခဲ့ပါပြီ။ အွန်လိုင်းအသုံးပြု           ကျူးလွန်သူတွေအတွက် ထိရောက်တဲ့ပြစ်ဒဏ်တွေပေးဖို့ ထည့်သွင်းပြင်ဆင် လာခဲ့ပါပြီ။ ဥပဒေအဟောင်းမှာ  လူကုန်ကူးခံရသူ တွေကိုပဲ အကာအကွယ်ပေးနိုင်တဲ့ အနေအထားရှိ ခဲ့တဲ့အတွက် သက်သေတွေကိုပါ အကာအကွယ် ပေးနိုင်ဖို့အထိ    ရည်ရွယ်တဲ့   အသစ်ထည့်သွင်း ပြဋ္ဌာန်းချက်တွေ ပါ၀င်လာတာကိုလည်း လေ့လာ မိပါတယ်။ 

 


ပြင်ဆင်ဖွဲ့စည်းခဲ့သည့် 
ဗဟိုအဖွဲ့နှင့် ဆက်စပ်ဥပဒေများ 


တစ်ဆက်တည်းမှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဟာ ဥပဒေပါပြဋ္ဌာန်းချက်တွေကို   ထိထိရောက်ရောက်အကောင်အထည်ဖော်နိုင်ဖို့ ရည်ရွယ် ပြီး ပြည်ထဲရေးဝန်ကြီးက ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌလေးဦး၊ အဖွဲ့ဝင်   ၂၀   အထိ    ပါဝင်သင့်ပါဝင်ထိုက်သူတွေ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်တဲ့ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့ကို ပြန်လည်ပြင်ဆင်ဖွဲ့စည်း ပေးခဲ့ပါတယ်။ ဗဟိုအဖွဲ့အနေနဲ့ ယခင်ဆောင်ရွက် ချက်တွေအပေါ်မှာ     ပိုပြီးဆောင်ရွက်ပေးနိုင်တဲ့ အနေအထားမျိုးနဲ့ လုပ်ပိုင်ခွင့်အခွင့်အလမ်းတွေ ရရှိလာတော့မယ်လို့ ယူဆရပါတယ်။ 

 


မြန်မာနိုင်ငံမှာ     လူကုန်ကူးမှုနဲ့     တိုက်ရိုက် ပတ်သက်တဲ့   ဥပဒေရှိသလို ခေတ်အဆက်ဆက် ပြဋ္ဌာန်းခဲ့တဲ့  
ဆက်နွှယ်ဥပဒေတွေလည်း        ရှိပြီးဖြစ်ပါတယ်။     ရာဇသတ်ကြီး၊     လူဝင်မှုကြီးကြပ်ရေး   (၁၉၄၇)၊ အဂတိလိုက်စားမှုတားမြစ်ရေး            (၁၉၄၈)၊ ပြည့်တန်ဆာနှိပ်ကွပ်ရေး (၁၉၄၉)၊ ကလေးသူငယ် (၁၉၉၃)၊   ပြည်ပအလုပ်အကိုင်ဆိုင်ရာ    (၁၉၉၉)၊ တရားမဝင်နည်းလမ်းဖြင့်ရရှိသည့်     ငွေကြေးနှင့် ပစ္စည်းများ ထိန်းချုပ်ရေး (၂၀၂၂)၊ ကိုယ်အင်္ဂါအစိတ် အပိုင်းဆိုင်ရာ  (၂၀၀၄)၊  ပြစ်မှုဆိုင်ရာ ကိစ္စရပ်များ တွင် နိုင်ငံအချင်းချင်းအကူအညီပေးရေး (၂၀၀၄)၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ (၂၀၁၉) စသဖြင့် ဆက်နွှယ်ဥပဒေတွေနဲ့လည်း       လူကုန်ကူးမှု ကျူးလွန်သူတွေကို အရေးယူလျက်ရှိပါတယ်။ 

 


အသိပညာပေး၊ ထူထောင်ပေးမှုများ 


လက်ရှိဆောင်ရွက်ချက်တွေကို     လေ့လာ ကြည့်ရင်-   ပြည်သူလူထုကို    ရုပ်မြင်သံကြားက တစ်ဆင့်    သီချင်းဇာတ်လမ်းတွေ၊    လက်ကမ်း စာစောင်တွေ၊ ပညာပေးဆိုင်းဘုတ်တွေ၊ မိုဘိုင်းဖုန်း အော်ပရေတာတွေကတစ်ဆင့် SMS တွေ၊  ကျောင်း သင်ခန်းစာတွေမှာ လူကုန်ကူးခံရပုံနည်းလမ်းတွေ၊ ကာကွယ်မှုနည်းလမ်းတွေ၊     အသိပေးသတင်းပို့ နည်းလမ်းတွေနဲ့ပတ်သက်ပြီး       ထည့်သွင်းပို့ချခြင်း တွေကို ကျယ်ကျယ်ပြန့်ပြန့်  ထိထိရောက်ရောက် အသိပညာပေး ဆောင်ရွက်လျက်ရှိကြောင်း  တွေ့ရှိ ရမှာဖြစ်ပါတယ်။ 

 


လူကုန်ကူးခံရသူတွေကို အချိန်မီကယ်တင်နိုင်ဖို့ Hot line    တွေထားရှိပါတယ်။     နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ မူဆယ်မြို့တွေမှာရှိတဲ့ Hot line တွေကတစ်ဆင့် ၂၄ နာရီ သတင်းပေးတိုင်ကြားမှု တွေအပေါ် အချိန်မီ ဖော်ထုတ်အရေးယူ ကယ်တင် ပေးလျက် ရှိနေပါတယ်။ လူကုန်ကူးခံရဖို့ ဖြစ်နိုင် ခြေတွေရှိတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေအတွက် လည်း သတင်းအချက်အလက်တွေ မျှဝေအသိပေး၊ ပညာပေးနိုင်ဖို့        ထောက်ပံ့ကူညီရေးဌာနတွေကို ဖွင့်လှစ်ထားရှိပါတယ်။ 
     လူကုန်ကူးခံရသူတွေဟာ  မူလပုံမှန်ဘဝမှာ ပြန်လည်ရပ်တည်ဖို့ စိုးရွံ့တတ်ကြပါတယ်။ မိသားစု နဲ့ပြန်လည်ပေါင်းစည်းဖို့၊     လူ့အဖွဲ့အစည်းထဲ ပြန်လည်ဝင်ရောက်ဖို့    အနေအထားမှာ    သူတို့ အတွက်    စိန်ခေါ်မှုတွေရှိနိုင်ပါတယ်။    သူတို့ရဲ့ အခက်အခဲနဲ့စိန်ခေါ်မှုတွေကို ကြိုတင်မျှော်တွေး ဖြေရှင်းဆောင်ရွက်ပေးနိုင်မှသာ တားဆီးနှိမ်နင်း ရေး လုပ်ငန်းတွေဟာ  ရာနှုန်းပြည့်အောင်မြင်နိုင်မှာ ဖြစ်ပါတယ်။ 

 


လူကုန်ကူးခံရသူတွေကို ပြန်လည်လက်ခံသည် မှအစ လူတွေကြားထဲ ပြန်လည်ဝင်ဆံ့ဖို့အတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းကို အမျိုးသားအဆင့် စံလုပ်ငန်းအစီအစဉ်တွေအတိုင်း ဆောင်ရွက်ပေး နေပါတယ်။ သူတို့ကို တရားရုံးမှာ စစ်ဆေးခံနေရ စဉ်မှာ ခရီးစရိတ်၊ ဆေးကုသစရိတ်၊ ကျွေးမွေးစရိတ် တွေ ထောက်ပံ့ပေးပါတယ်။ သီးခြားရန်ပုံငွေတစ်ရပ် ထူထောင်ပေးပြီး ဘဝရပ်တည်နိုင်ရေး   တတ်နိုင် သမျှ    ထောက်ပံ့ပေးနေပါတယ်။    ယာယီလက်ခံ စောင့်ရှောက်ရေးဂေဟာတွေမှာ    ရောက်ရှိနေတဲ့ သူတွေအတွက် အခြေခံလိုအပ်ချက်တွေကိုလည်း ဖြည့်ဆည်းပေးလျက်ရှိပါတယ်။ 

 


အထက်ပါအချက်တွေအရတော့ မြန်မာနိုင်ငံ ဟာ   လူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်ငန်းတွေကို ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံအနေနဲ့   ပြည်တွင်းရေးရာ တွေနဲ့ ပြည်ပဖိအားမျိုးစုံကြားကနေ တတ်နိုင်သမျှ ကြိုးပမ်းအားထုတ်        တိုက်ဖျက်နေတယ်ဆိုတာ သုံးသပ်လို့ရပါတယ်။        လူကုန်ကူးမှုပြဿနာဟာ နိုင်ငံတိုင်းနဲ့  တစ်နည်းမဟုတ်တစ်နည်း   ဆက်စပ် ပါဝင်  မကင်းနိုင်တဲ့ ပြဿနာတစ်ခုပါ။ 

 


ကမ္ဘာတစ်ဝန်း    ကိုဗစ်ကပ်၊   သဘာဝဘေး၊ စီးပွားရေးကျဆင်းမှုနဲ့    ဆင်းရဲမှု၊     ငတ်မွတ်မှု အခြေအနေတွေဟာ လူကုန်ကူးမှုတိုက်ဖျက်ရေးမှာ ကြီးမားတဲ့   ဖွံ့ဖြိုးမှုဆိုင်ရာ   စိန်ခေါ်မှုတွေအဖြစ် တည်ရှိနေပါတယ်။ ထိုပြဿနာတွေကို  မရှင်းနိုင် သမျှ စိန်ခေါ်မှုတွေအဖြစ် ရေရှည်တည်ရှိနေမှာ ဖြစ်ပါ တယ်။ ဒါကြောင့် အမေရိကန်အစိုးရရဲ့ နိုင်ငံရေး အာဃာတတွေနဲ့ ပြည့်နှက်နေပြီး ဒဏ်ရာနဲ့  ဆေး မတည့်တဲ့ လူကုန်ကူးမှုဆိုင်ရာ ထုတ်ပြန်ချက်တွေ ဟာ ထပ်တလဲလဲ ပိတ်ဆို့မှု၊တားဆီးမှု၊ ဖြတ်တောက်  မှုတွေနဲ့အတူ ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ပန်းတိုင် တွေနဲ့ အလှမ်းကွာဝေးလွန်းသထက် ကွာဝေးနေမည် သာဖြစ်ပါကြောင်း ရေးသားလိုက်ရပါတယ်။       ။