မနီလာ ဇွန် ၈
ဖိလစ်ပိုင်မီးတောင်နှင့် ငလျင်အင်စတီကျု (PHIVOLCS) က ပြင်းအား ၇ ဒသမ ၈ အဆင့်ရှိ ငလျင် လှုပ်ခတ်မှုဖြစ်ပွားပြီးနောက် ဆူနာမီလှုပ်ရှားမှုများ ကို စဉ်ဆက်မပြတ် စောင့်ကြည့်စစ်ဆေးမှု ရလဒ်များ အပေါ် အခြေခံ၍ ဇွန် ၈ ရက် နံနက်အစောပိုင်းတွင် ထုတ်ပြန်ထားသော ဆူနာမီသတိပေးချက်ကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
ပင်လယ်ရေမျက်နှာပြင် အခြေအနေ စောင့်ကြည့် ရေးစခန်းများ၏ မှတ်တမ်းများအရ ဆူနာမီလှိုင်းများ ဖြစ်ပေါ်ခဲ့ပြီး ဆာရန်ဂါနီပြည်နယ် ကီယမ်ဘာမြို့တွင် လှိုင်းအမြင့် ၁ ဒသမ ၄၈ မီတာအထိရှိခဲ့ကြောင်း၊ အခြား စောင့်ကြည့်ရေး စခန်းများတွင်လည်း လှိုင်းအမြင့် ၀ ဒသမ ၀၉ မီတာမှ ၀ ဒသမ ၈၄ မီတာအထိ ရှိခဲ့ကြောင်း သိရသည်။
ယခုတွေ့ရှိရသော လှိုင်းအမြင့်များသည် ထိခိုက် ပျက်စီးမှုဖြစ်ပွားရန် အလွန်သေးငယ်ကြောင်း PHIVOLCS က ထုတ်ပြန်သည်။ ထို့ကြောင့် ငလျင်လှုပ်ခတ်မှုဖြစ်စဉ်နောက်ဆက်တွဲ ထုတ်ပြန်ထားသော ဆူနာမီသတိပေးချက်ကို ရုပ်သိမ်းရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ငလျင်ကြောင့် လူရှစ်ဦး သေဆုံးခဲ့ကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ် လျှော့ချရေးနှင့် စီမံခန့်ခွဲရေး ကောင်စီက ပြောကြားပြီး သေဆုံးသူများကို အတည်ပြုနိုင်ရန် စိစစ်လျက်ရှိကြောင်းနှင့် ဒေသမီဒီယာများ၏ ဖော်ပြချက်အရ လူ ၂၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ပြင်းအား ၇ ဒသမ ၈ အဆင့်ရှိ အဆိုပါ ငလျင် သည် မင်ဒါနာအိုကျွန်း ဆာရန်ဂါနီပြည်နယ် မာအာဆင်မြို့၏ အနောက်တောင်ဘက် ၃၂ ကီလို မီတာအကွာ မြေအောက်အနက် ၃၃ ကီလိုမီတာကို ဗဟိုပြု၍ ဇွန် ၈ ရက် ဒေသစံတော်ချိန် နံနက် ၇ နာရီ ၃၇ မိနစ်တွင် လှုပ်ခတ်ခဲ့ခြင်း ဖြစ်သည်။
ဆင်ဟွာ