ဖောင်းပြင်မြို့နယ်၌ ပဲအထွက်နှုန်း‌လျော့နည်းသော်လည်း ဈေးကောင်းရရှိ

 

ဖောင်းပြင်  ဖေဖော်ဝါရီ   ၄
စစ်ကိုင်းတိုင်းဒေသကြီး ဖောင်းပြင် မြို့နယ်၌  ပဲစိုက်ပျိုးချိန်တွင် အလွန် အမင်း မိုးရွာသွန်းခဲ့ခြင်းကြောင့် ပဲစိုက်ခင်းများ   ပျက်စီးခဲ့သည့် အတွက် ပဲအထွက်နှုန်းလျော့နည်းမှု များရှိသော်လည်း ပဲများရိတ်သိမ်း ချိန်တွင် ဈေးကောင်းရရှိနေကြောင်း တောင်သူများထံမှ သိရသည်။
“ ဒီနှစ်မှာ ပဲဈေးနှုန်းကတော့ ပြီးခဲ့တဲ့နှစ်တွေထက်  ဈေးပိုရပါ တယ်။ ပြီးခဲ့တဲ့နှစ်က မြေထောက်ပဲ တစ်တင်းကို လေးသောင်းဝန်းကျင် ရှိတယ်။ ဒီနှစ်မှာ လက်ရှိပေါက်ဈေး ကတော့ ကျပ်  ၆၈၀၀၀   ရှိပါတယ်။ အခြားပဲတွေလည်း ပြီးခဲ့တဲ့နှစ်တွေ ထက် ဈေးပိုရပါတယ်။ ပဲအထွက် နှုန်းကတော့   ထက်ဝက်လောက် ကျဆင်းတယ်။ စိုက်တဲ့ရာသီမှာ မိုးများပြီးတော့ ပဲတွေအသေများ တာရယ်၊ ပဲပင်အစိုဓာတ်လိုချိန်မှာ မိုးပုံမှန်မရွာတာရယ်ကြောင့်  ပဲ အထွက်နှုန်းက  ကျဆင်းခဲ့တာပါ” ဟု ပိုးစာကုန်းကျေးရွာမှ ပဲစိုက် တောင်သူတစ်ဦးက ပြောသည်။
ပဲစိုက်   တောင်သူများအနေ ဖြင့် ပဲဈေးနှုန်းကောင်းစွာရရှိ၍ အဆင်ပြေသည့်  တောင်သူများ ရှိသော်လည်း ပဲအထွက်နှုန်းကျဆင်း သောကြောင့် အဆင်မပြေသည့် တောင်သူများလည်း  ရှိကြောင်း၊ အထူးသဖြင့် မြေထောက်ပဲ၊ ပုပံပဲ (နိုင်လွန်ပဲ)၊ ပဲစာဥနှင့် မြေထောက်ပဲ အဖြူတို့မှာ    ပျက်စီးမှုများပြီး အထွက်နှုန်းကျဆင်းခဲ့ကာ ပဲယင်း စိုက်ပျိုးသူများမှာ    အထွက်နှုန်း ကောင်းမွန်ကြောင်း သိရသည်။
ထိုဒေသတွင် ပဲအမျိုးမျိုးအနက် မြေထောက်ပဲ၊ မြေပဲ၊ ပုဂံပဲနှင့် ပဲယင်း တို့ကို အများအပြားစိုက်ပျိုးကြပြီး မြေထောက်ပဲအဖြူ၊ ပဲစာဥ၊ မတ်ပဲ နှင့် ပဲငုံးဥတို့ကို အနည်းငယ်စိုက်ပျိုး ကြောင်း၊ ထို့ပြင် နေကြာ၊ ပန်းနှမ်း နှင့်ပြောင်းတို့ကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြကြောင်း    ဒေသခံ တောင်သူများထံမှ သိရသည်။
ကိုထွန်း
(ဖောင်းပြင်)