
နေပြည်တော် ဩဂုတ် ၈
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုဝန်ကြီးဌာနများမှ တာဝန်ရှိသူများအား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ငုရွှေဝါခန်းမ၌ တွေ့ဆုံအမှာစကားပြောကြားသည်။
တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စု ဝန်ကြီးများ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသနှင့်တိုင်းဥက္ကဋ္ဌများ၊ ပြည်ထောင်စု ဝန်ကြီးဌာနများမှ ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ကြသည်။
နိုင်ငံကောင်းအောင် ဆောင်ရွက်ရမည့်တာဝန်ရှိ
ထို့သို့ တွေ့ဆုံစဉ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာ၌ နိုင်ငံတော်၏အခြေအနေ အရ သက်တမ်းထပ်မံတိုးမြှင့်သည့် ကာလအတွင်း ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့် ဆောင်ရွက်သင့် သည်များကို မှာကြားလိုခြင်းကြောင့် ယခုကဲ့သို့ တွေ့ဆုံရခြင်းဖြစ်ကြောင်း၊ အသစ်ထပ်မံ ချမှတ်ထား သည့် ရှေ့လုပ်ငန်းစဉ်များနှင့် ဦးတည်ချက်များ ကိုလည်း ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း၊ ရှေ့လုပ်ငန်းစဉ်များနှင့် ဦးတည်ချက်များကို အကောင် အထည်ဖော်ဆောင်ရွက်ရန်မှာ အစိုးရ၏တာဝန် ဖြစ်ကြောင်း၊ နိုင်ငံတော်၏တာဝန်ကို ထမ်းဆောင် သည့် မည်သည့်အစိုးရမဆို နိုင်ငံကောင်းအောင် ဆောင်ရွက်ရမည့်တာဝန်ရှိကြောင်း။
စားရေရိက္ခာပေါများရေး အလေးထားဆောင်ရွက်
မိမိတို့အစိုးရ၏ နိုင်ငံရေးရည်မှန်းချက် နှစ်ရပ်မှာ စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးနှင့် အမျိုးသားရေးရည်မှန်းချက်နှစ်ရပ်မှာ တိုင်းပြည် သာယာဝပြောရေး၊ စားရေရိက္ခာဖူလုံရေးတို့ပင်ဖြစ် ပြီး တိုင်းပြည်သာယာဝပြောရေး၌ ပြည်သူပြည်သား များအားလုံး အေးအေးချမ်းချမ်းဖြင့် နေထိုင်လုပ်ကိုင် စားသောက်နိုင်ရမည်၊ ပညာသင်ကြားနိုင်ရမည်ဖြစ် ကြောင်း၊ လူတိုင်းသည် အေးချမ်းစွာ နေထိုင်လုပ်ကိုင် စားသောက်လိုကြပြီး မိမိတို့ဘဝတိုးတက်ရေးအတွက် ရည်မှန်းချက်၊ မျှော်မှန်းချက်များ ကိုယ်စီရှိကြကာ အေးချမ်းလုံခြုံစိတ်ချစွာဖြင့် နေထိုင်လုပ်ကိုင် စားသောက်လိုကြကြောင်း၊ ထို့ကြောင့် တည်ငြိမ် အေးချမ်းမှုကို ဆောင်ရွက်ပေးရန်လိုကြောင်း၊ စားရေ ရိက္ခာသည် လူတိုင်းအတွက်လိုအပ်ပြီး လက်ရှိ ကမ္ဘာ ပေါ်တွင်လည်း စားနပ်ရိက္ခာလုံခြုံရေး(Food Security) မှာ အကြီးမားဆုံးစိန်ခေါ်မှုဖြစ်နေကြောင်း၊ မိမိတို့ နိုင်ငံအနေဖြင့်လည်း စားနပ်ရိက္ခာလုံခြုံရေးအတွက် စားရေရိက္ခာပေါများရေးကို အလေးထား ဆောင်ရွက် လျက်ရှိကြောင်း။
အလားတူ အစိုးရတစ်ရပ်အနေဖြင့် နိုင်ငံတစ်ဝန်း လမ်းပန်းဆက်သွယ်မှုများ ကောင်းမွန်ရေး ဆောင် ရွက်ပေးရန်လိုကြောင်း၊ ဆက်သွယ်မှုကွန်ရက်များ လည်း ကောင်းမွန်ရန်လိုအပ်သဖြင့် တစ်နိုင်ငံလုံးကို လွှမ်းခြုံနိုင်သည့် ဆက်သွယ်မှုကွန်ရက်များကို တည်ဆောက်ရန်လိုကြောင်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးလုပ်ငန်းများ ကောင်းမွန်နေရေး အလေးပေးဆောင်ရွက်ပေးရန်လိုကြောင်း။
တိုင်းပြည်တစ်ခုတိုးတက်ခြင်း၏ အခြေခံမှာ ပညာတတ်များ ပေါကြွယ်ဝခြင်းပင်ဖြစ်ကြောင်း၊ အသိပညာ၊ အတတ်ပညာနှင့် ပြည့်စုံသည့် လူသား အရင်းအမြစ်ကောင်းများ မဖြစ်မနေလိုအပ်သည့် အတွက် နိုင်ငံသားတိုင်း ပညာရည်မြင့်မားရေးကို အစိုးရအနေဖြင့် ဆောင်ရွက်ပေးရန်လိုကြောင်း၊ ကျန်းမာမှ ပညာသင်ကြားနိုင်မည်၊ ကျန်းမာမှ အလုပ် လုပ်နိုင်မည်ဖြစ်သဖြင့် ကျန်းမာရေးကောင်းမွန် နေရန်လည်းလိုကြောင်း၊ မိမိတို့နိုင်ငံ၏ မျှော်မှန်း သက်တမ်းသည် နည်းပါးလျက်ရှိသဖြင့် ပြည်သူ ပြည်သားတိုင်း ကျန်းမာရေးကောင်းမွန်ပြီး သက်ရှည် ကျန်းမာစွာ နေထိုင်နိုင်ရေးအတွက် ညီညွတ်မျှတ သည့် နေထိုင်စားသောက်မှုရှိရန်လိုသကဲ့သို့ ကျန်းမာ ရေးစောင့်ရှောက်မှုလုပ်ငန်းများကိုလည်း ပြည့်ပြည့် ဝဝ ဆောင်ရွက်ပေးနိုင်ရန်လိုကြောင်း။
အဓိကဦးစားပေးအကောင်အထည်ဖော်
နိုင်ငံတစ်ခုတွင် လျှပ်စစ်ဓာတ်အားများ လုံလောက် စွာ ရရှိနေရန်လိုကြောင်း၊ မိမိတို့နိုင်ငံတွင် လျှပ်စစ် ဓာတ်အားလိုအပ်ချက်များရှိနေသေးပြီး ယခုအချိန် အထိ နိုင်ငံလိုအပ်ချက်၏ ၅၀ ရာခိုင်နှုန်းကိုပင် ဖြည့်ဆည်းပေးနိုင်ခြင်း မရှိသေးသည်ကို တွေ့ရှိရ ကြောင်း၊ လွန်ခဲ့သည့်ဆယ်စုနှစ်ခန့်က အကောင် အထည်ဖော်ဆောင်ရွက်ခဲ့သည့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးစီမံကိန်းကြီးများမှာ အကြောင်း အမျိုးမျိုးကြောင့် ရပ်တန့်ခဲ့ရကြောင်း၊ အဆိုပါ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး စီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့မည်ဆိုပါက ယခုအချိန်တွင် မိမိတို့နိုင်ငံ၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို များစွာဖြည့်ဆည်းပေးနိုင်မည်ဖြစ် ကြောင်း၊ ထို့ ကြောင့် လျှပ်စစ်ဓာတ်အားလိုအပ်ချက်မှာ မိမိတို့အစိုးရအတွက် စိန်ခေါ်မှုတစ်ရပ်အနေဖြင့် ရှိသဖြင့် လတ်တလောဆောင်ရွက်နိုင်သည့် နေရောင် ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း နှင့် လေအားဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း၊ စပါးခွံသုံးဓာတ်ငွေ့လောင်စာအသုံးပြု၍ လျှပ်စစ် ဓာတ်အား ထုတ်လုပ်ခြင်းလုပ်ငန်းများကို အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ လျှပ်စစ် ဓာတ်အားများ လုံလောက်စွာရရှိမှသာ ပြည်သူများ၏ လူမှုစီးပွားဘဝများ တိုးတက်အောင်ဆောင်ရွက် နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် စားရေရိက္ခာဖူလုံမှု ရှိစေရေး၊ လမ်းပန်းဆက်သွယ်မှုများ ကောင်းမွန်စေ ရေး၊ ပညာရည်မြင့်မားစေရေး၊ သက်ရှည်ကျန်းမာမှု ရှိစေရေးနှင့် လျှပ်စစ်ဓာတ်အားလုံလောက်စွာ ရရှိစေ ရေးတို့ကို မိမိတို့အစိုးရအနေဖြင့် အဓိကဦးစားပေး အကောင်အထည်ဖော် ဆောင်ရွက်ပေးရမည်ဖြစ် သည်ကို ဦးစွာပြောကြားလိုကြောင်း။
နိုင်ငံအတွက် အမည်းစက်တစ်ခုကိုဖြစ်ပေါ်စေခဲ့
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၏ အသစ်ထပ်မံချမှတ်ထားသည့် ဦးတည်ချက် (၉) ရပ် ကို ရှင်းလင်းပြောကြားလိုကြောင်း၊ နိုင်ငံရေးရည်မှန်း ချက် ပထမအချက်ကို “စစ်မှန်၍စည်းကမ်းပြည့်ဝ သော ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်နိုင်ရေး” ဟု ချမှတ် ထားကြောင်း၊ မိမိတို့အနေဖြင့် ပါတီစုံဒီမိုကရေစီစနစ် ကို ခိုင်မာစွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အရေးကြီးကြောင်း၊ သို့သော် ပါတီစုံဒီမိုကရေစီစနစ် သည် စစ်မှန်ပြီးစည်းကမ်းပြည့်ဝသည့် ပါတီစုံ ဒီမိုကရေစီစနစ်ဖြစ်ရန်လိုကြောင်း၊ အဆိုပါစနစ်ကို ကျင့်သုံးရာတွင် အစိုးရတစ်ရပ်(သို့မဟုတ်) နိုင်ငံကို ဦးဆောင်သည့် သမ္မတ၊ ဝန်ကြီးချုပ်တို့က ဦးဆောင် အကောင်အထည်ဖော်ရခြင်းပင်ဖြစ်ကြောင်း၊ “စစ်မှန် စည်းကမ်းပြည့်ဝသည့်” ဟူသည့် စကားရပ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေ၌ ထည့်သွင်းထားရခြင်းမှာ ဒီမိုကရေစီစနစ်ကို စည်းကမ်းပြည့်ဝစွာဖြင့် အသုံးပြု နိုင်ရန် ဖြစ်ကြောင်း၊ ယခင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကို စည်းကမ်းမဲ့စွာဖြင့် ဆောင်ရွက်ခဲ့ခြင်းသည် နိုင်ငံအတွက် အမည်းစက် တစ်ခုကိုဖြစ်ပေါ်စေခဲ့ပြီး မိမိတို့အတွက် သင်ခန်းစာ တစ်ခုပင်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် စစ်မှန် စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ကို ခိုင်ခိုင်မာမာဖြင့် ဆောင်ရွက်နိုင်ရန်အတွက် ကြိုးပမ်း ဆောင်ရွက်ကြရန်လိုကြောင်း။
ဒေသကိုအခြေခံ၍ ဆောင်ရွက်ရမည်
ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးနှင့် ပတ်သက်၍ မိမိအနေဖြင့် မကြာခဏ ရှင်းလင်းပြောကြားခဲ့ကြောင်း၊ ဒီမိုကရေစီဆိုသည်မှာ ဒီမိုကရေစီအုပ်ချုပ်ရေးနှင့် ဖက်ဒရယ်စနစ်ဆိုသည်မှာ ဖက်ဒရယ်လုပ်ပိုင်ခွင့် များကို ပေါင်းစပ်ထားသည့် ပြည်ထောင်စုပင်ဖြစ် ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအားလုံး တွင် တိုင်းရင်းသားများအားလုံး စုစည်းနေထိုင်ကြ ကြောင်း၊ ထို့ကြောင့် ဒေသအလိုက် တိုင်းရင်းသား လူမျိုးပေါင်းစုံ နေထိုင်ကြခြင်းဖြစ်သဖြင့် ဖက်ဒရယ် စနစ်ကိုဆောင်ရွက်ရာတွင် လူမျိုးကို အခြေခံ၍မရဘဲ ဒေသကို အခြေခံ၍ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၌ ဖက်ဒရယ်အခွင့်အရေးနှင့် ပတ်သက်၍ ပေးထားပြီးဖြစ်သည်ကို လေ့လာကြည့် ပါက သိရှိနိုင်မည်ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ သည် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲပြုလုပ်ပြီး ပြည်သူ့ ဆန္ဒနှင့်အညီ ပြဋ္ဌာန်းထားသည့်ဥပဒေဖြစ်သဖြင့် ပြည်သူအများဆန္ဒနှင့် ကိုက်ညီမည်ဆိုပါက ပြုပြင် သင့်သည့်အချက်များကိုပြုပြင်ရန်အတွက် တပ်မတော် အနေဖြင့် သဘောတူညီထားပြီဖြစ်ကြောင်း၊ သို့သော် နိုင်ငံအတွက်အရေးကြီးသည့် တို့တာဝန်အရေးသုံးပါး ကို မထိခိုက်ရန်လိုပြီး ဒီမိုကရေစီအုပ်ချုပ်ရေးနှင့် ဖက်ဒရယ်လုပ်ပိုင်ခွင့်များကို ညီညွတ်မျှတစွာဖြင့် ဆောင်ရွက်နိုင်ရန် လိုကြောင်း။
ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးကို ဆောင်ရွက်ရန် အတွက် အဓိကအားဖြင့် ဆူးငြောင့်ခလုတ်ဖြစ်နေ သည်မှာ တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း၊ တိုင်းရင်းသားများ၏ အခွင့်အရေးများနှင့်ပတ်သက်၍ လက်ရှိနိုင်ငံ၏ ပကတိ အခြေအနေများနှင့်ကိုက်ညီစွာ စဉ်းစားဆောင်ရွက်၍ အရှည်မျှော်တွေး ဆောင်ရွက်ကြရန်လိုကြောင်း၊ အခြေခံကောင်းအောင်ဆောင်ရွက်သည့် လုပ်ငန်းရပ် များသည်သာ ခိုင်မာမှုရှိသဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် အခြေခံကောင်းအောင် ဆောင်ရွက်ကြရန်လိုကြောင်း၊ ထို့ကြောင့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များနှင့်ပတ်သက်၍ ဖြစ်သင့် ဖြစ်ထိုက်သည်များနှင့် ဖြစ်နိုင်သည်များကို ဆောင်ရွက် ပေးရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ကို လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း၊ NCA မှာ ပြည့်စုံမှုမရှိသေးသော်လည်း တိုင်းရင်းသားများ၏ တောင်းဆိုချက်များကို သဘောတူညီချက်စာချုပ် အဖြစ် ချုပ်ဆိုခဲ့ခြင်းဖြစ်ပြီး ကတိကဝတ်ပေးထား သည့် အကြောင်းအရာများဖြစ်ကြောင်း၊ အဆိုပါ စာချုပ်ကို နိုင်ငံတကာမှ အသိသက်သေများ မျက်မှောက်တွင် လက်မှတ်ရေးထိုးထားခြင်းဖြစ် သဖြင့် မျက်ကွယ်ပြု၍ ဆောင်ရွက်ခြင်းမပြုရန် လိုကြောင်း၊ မိမိတို့အနေဖြင့် NCA အပေါ်တွင် အလေးထား၍ ထိန်းသိမ်းဆောင်ရွက်လျက်ရှိကြောင်း၊ NCA သဘောတူညီချက်အတိုင်း အလေးထား လုပ်ဆောင်ပြီး ထာဝရငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်သွားရ မည်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံရေးဦးတည်ချက် ဒုတိယအချက်ကို “တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေး ရရှိရေးအတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA)ပါအတိုင်း အလေး ထားလုပ်ဆောင်ရေး” ဟု ချမှတ်ထားခြင်းဖြစ်ကြောင်း။
နိုင်ငံရေးဦးတည်ချက် တတိယအချက်အနေဖြင့် “ ပြည်သူလူထု၏ လူမှုစီးပွားဘဝ လုံခြုံရေးအတွက် ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိစေရန် အလေးထားလုပ်ဆောင်ရေး ” ဟူ၍ချမှတ်ထား ကြောင်း၊ တရားဥပဒေစိုးမိုးရေးဆိုရာတွင် အဆင့်ဆင့်သော အုပ်ချုပ်ရေးဆိုင်ရာ အဖွဲ့အစည်း များ၊ အုပ်ချုပ်ရေးကိုထိန်းသိမ်းပေးသည့် တရားရေး မဏ္ဍိုင်တို့ပါဝင်ကြောင်း၊ ဥပဒေဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ရန်အတွက် ဥပဒေဆိုင်ရာအဖွဲ့အစည်း များက ဆောင်ရွက်ကြရကြောင်း၊ ရပ်ရွာအေးချမ်း သာယာရေး၊ တရားဥပဒေစိုးမိုးရေး ဆောင်ရွက်ရာ တွင် ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးနှင့် တရားရေးမဏ္ဍိုင်တို့သည် အဓိကအရေးကြီးကြောင်း၊ တရားဥပဒေစိုးမိုးရေး အတွက် အဓိကဆောင်ရွက်နေရသူများသည် စွမ်းရည်ရှိသည့် ပုဂ္ဂိုလ်များဖြစ်ရန်လိုကြောင်း၊ မိမိတို့ တာဝန်ထမ်းဆောင်ခဲ့သည့် ကာလအတွင်း တရား ဥပဒေစိုးမိုးရေး တာဝန်ထမ်းဆောင်မှုနှင့်ပတ်သက်၍ အားနည်းချက်များရှိခဲ့ပြီး အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အားနည်းချက်များသည် အစိုးရတစ်ရပ်၏ လုပ်ငန်း ဆောင်ရွက်ချက်များကို ထိခိုက်စေနိုင်သဖြင့် ပြုပြင် ဆောင်ရွက်သွားရန်လိုကြောင်း။
သီးထပ်စိုက်ပျိုးနိုင်ရေး ကြိုးပမ်းဆောင်ရွက်
စီးပွားရေးဦးတည်ချက် ပထမအချက်ကို “တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံ ရေးတို့အတွက် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့် အကျုံးဝင်သော စိုက်ပျိုးရေးနှင့်မွေးမြူရေးကို ခေတ်မီနည်းစနစ်များဖြင့် တိုးတက်အောင် ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင်တည်ဆောက်ရေး ” ဟူ၍ ချမှတ်ထားကြောင်း၊ အဓိကလိုအပ်သည်မှာ စားရေရိက္ခာဖူလုံရေးပင်ဖြစ်ကြောင်း၊ ပြည်သူအားလုံး အတွက် အကျုံးဝင်သည့်လုပ်ငန်းမှာ စိုက်ပျိုးမွေးမြူ ရေး လုပ်ငန်းပင်ဖြစ်ကြောင်း၊ နိုင်ငံ့လူဦးရေ၏ ၇၀ ရာခိုင်နှုန်းမှာ ကျေးလက်နေပြည်သူများဖြစ်ပြီး အများစုမှာ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကို အဓိက ထားဆောင်ရွက်ကြကြောင်း၊ ထိုသို့ ဆောင်ရွက်ရာ တွင်လည်း နည်းစနစ်ကျနသည့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများဖြစ်ရန်လိုပြီး စိုက်ပျိုးမြေအားလုံးကို လည်း အပြည့်အဝအကျိုးရှိစွာ အသုံးချနိုင်ရန်လို ကြောင်း၊ မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးလုပ်ငန်းကို အောင်မြင်စွာ ဆောင်ရွက်နိုင်သည့် မြေသယံဇာတ များနှင့် စိုက်ပျိုးရေရရှိရေးအတွက်လည်း မြစ်ချောင်း အင်းအိုင်များစွာကို ပိုင်ဆိုင်ထားပြီးဖြစ်သည့်အတွက် စိုက်ပျိုးမြေများတွင် တစ်သီးစားကိုသာ စိုက်ပျိုးနိုင်ရုံ ဖြင့် ကျေနပ်နေ၍မရဘဲ သီးထပ်စိုက်ပျိုးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်လိုကြောင်း၊ အစိုးရအနေဖြင့် လည်း စိုက်ပျိုးမြေများကို အပြည့်အဝ ထိထိ ရောက်ရောက်အသုံးချနိုင်ရေး စီမံဆောင်ရွက်ပေးရန် လိုကြောင်း၊ စိုက်ပျိုးမြေများကို အခြားနည်းများဖြင့် သုံးစွဲလျက်ရှိခြင်းကြောင့် နိုင်ငံ၏စိုက်ပျိုးရေး လုပ်ငန်း များအတွက် ထိခိုက်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ မြေအသုံးချမှုနှင့် ပတ်သက်၍ ဥပဒေနှင့်အညီ မှန်မှန်ကန်ကန် ဆောင်ရွက်ကြရမည်ဖြစ်ပြီး ပြဋ္ဌာန်း ချက်များနှင့်အညီ စိစစ်ကြပ်မတ်ထိန်းသိမ်းဆောင် ရွက်သွားရန်လိုကြောင်း။
မွေးမြူရေးနှင့် ပတ်သက်၍လည်း မိမိတို့နိုင်ငံ၏ နေ့စဉ် သားငါးနှင့် ဥအမျိုးမျိုး စားသုံးမှု လိုအပ်ချက် ကို ဖူလုံပြည့်မီအောင် ထုတ်လုပ်နိုင်ရန်လိုကြောင်း၊ စိုက်ပျိုးမွေးမြူရေးနှင့် ပတ်သက်၍ ထုတ်လုပ်မှုများ
တိုးတက်အောင် ဆောင်ရွက်နိုင်ရေးနှင့် သုတေသန လုပ်ငန်းများကိုလည်း ဆောင်ရွက်ရန်လိုကြောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများသည် မဖြစ် မနေ အောင်မြင်အောင် အကောင်အထည်ဖော်ဆောင် ရမည့် လုပ်ငန်းတစ်ရပ်ဖြစ်ကြောင်း၊ ရေထွက်ကုန် များကို ထုတ်လုပ်ရာတွင် မွေးမြူထုတ်လုပ်ခြင်းထက် သဘာဝရေပြင်များမှ ဖမ်းဆီးထုတ်လုပ်မှုပမာဏ ပိုမိုများပြားနေသည်ကို တွေ့ရှိရသဖြင့် မွေးမြူ ထုတ်လုပ်ခြင်းကို ပိုမိုမြှင့်တင်ဆောင်ရွက်သွားကြ ရန်လိုကြောင်း၊ ထိုကဲ့သို့ စိုက်ပျိုးမွေးမြူရေးလုပ်ငန်း များကို ခေတ်မီနည်းစနစ်များဖြင့် ဆောင်ရွက်ခြင်း မှတစ်ဆင့် အခြားကုန်ထုတ်လုပ်မှု လုပ်ငန်းများကို လည်း မြှင့်တင်ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း။
MSME စီးပွားရေးလုပ်ငန်းများကိုမြှင့်တင်
စီးပွားရေးဦးတည်ချက် ဒုတိယအချက်ကို “တိုးတက်ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင် အားကို မဏ္ဍိုင်ပြု၍ MSME စက်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရေး” ဟူ၍ ချမှတ်ထားကြောင်း၊ ထို့ကြောင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို အခြေခံသည့် MSME စီးပွားရေးလုပ်ငန်းများကို အားပေးမြှင့်တင်ရမည် ဖြစ်ကြောင်း၊ ပြည်တွင်း၌လိုအပ်သည့် အခြေခံ စားကုန်၊ သောက်ကုန်၊ သုံးကုန်ပစ္စည်းများကို ပြည်တွင်း ၌ အလုံအလောက်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ရ မည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် ချည်မျှင်နှင့် အထည်အလိပ်များ၊ နို့နှင့် နို့ထွက်ပစ္စည်းများ၊ ရော်ဘာ အခြေခံသည့် ထုတ်ကုန်ပစ္စည်းလိုအပ်ချက်များကို နှစ်စဉ် ပြည်ပမှတင်သွင်းနေရကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံ၏ နွားမွေးမြူရေးလုပ်ငန်းများ၊ ဝါနှင့် ရော်ဘာစိုက်ပျိုးထုတ်လုပ်ရေးလုပ်ငန်းများကို အောင်မြင် အောင်ဆောင်ရွက်ပြီး ပြည်ပသို့ကုန်ကြမ်းတင်ပို့ခြင်း ထက် ပြည်တွင်း၌ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ် နိုင်မည်ဆိုပါက သွင်းကုန်ပမာဏကို လျှော့ချနိုင် မည်ဖြစ်သကဲ့သို့ ပိုလျှံသည်များကို ပြည်ပသို့တင်ပို့နိုင် မည်ဖြစ်ကြောင်း၊ ပြည်ပသွင်းကုန်များကို လျှော့ချနိုင် မည်ဆိုပါက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချနိုင်မည် ဖြစ်ပြီး ပြည်တွင်းကုန်ထုတ်လုပ်မှုကို အားပေးနိုင်မည် ဖြစ်သကဲ့သို့ အလုပ်အကိုင်အခွင့်အလမ်းများစွာကို လည်း ဖော်ဆောင်ပေးနိုင်မည်ဖြစ်သဖြင့် မိမိတို့အနေ ဖြင့် အောင်မြင်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း။
စီးပွားရေးဦးတည်ချက် တတိယအချက်ကို “ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံ စိုက်ပျိုးမှုကို အားပေးမြှင့်တင်ပြီး ပန်းတိုင်ရည်မှန်း ချက်အတိုင်းထွက်ရှိအောင် ဆောင်ရွက်၍ နိုင်ငံအတွင်း ဖူလုံမှုမှသည် ပြည်ပသို့ တင်ပို့နိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်ရေး ” ဟု ချမှတ်ထားကြောင်း၊ ထို့ကြောင့် ဆီထွက်သီးနှံစိုက်ပျိုးမှုများကို အားပေး ပြီး ပြည်တွင်းစားသုံးဆီဖူလုံမှုမှသည် ပြည်ပသို့ တင်ပို့နိုင်သည်အထိ ဆောင်ရွက်နိုင်ရေး စီမံဆောင် ရွက်သွားရမည်ဖြစ်ကြောင်း၊ ဆီထွက်သီးနှံများဖြစ် သည့် မြေပဲ၊ နှမ်း၊ နေကြာများကိုပင် ပန်းတိုင် ထွက်နှုန်းပြည့်မီအောင် ဆောင်ရွက်နိုင်ပါက စားသုံး ဆီဖူလုံ၊ ပိုလျှံမှုရှိနိုင်သည်ကိုတွေ့ရကြောင်း၊ ထို့ကြောင့် ၂၀၂၅ ခုနှစ်၌ ပြည်တွင်းစားသုံးဆီ ဖူလုံသည့်အပြင် ပြင်ပသို့တင်ပို့နိုင်သည်အထိ ဆောင်ရွက်သွားနိုင်ရေး ရည်မှန်းချက်ထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဆီထွက်သီးနှံ စိုက်ပျိုးမှုကို လျာထားဧကပြည့်မီအောင် ဆောင်ရွက် နိုင်ရေးနှင့် အထွက်နှုန်းပြည့်မီရေး ကြိုးစား ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။
ဘက်စုံပညာရေးစနစ်ကို ဦးတည်ဆောင်ရွက်
လူမှုရေးဦးတည်ချက် ပထမအချက်အနေဖြင့် “တစ်နိုင်ငံလုံး အသိပညာ၊ အတတ်ပညာ မြင့်မား တိုးတက်စေရေး၊ ကုန်ထုတ်လုပ်မှုအထောက်အကူပြု ပညာရှင်များ ထွန်းကားလာစေရေးအတွက် လူတိုင်း လက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရေး” ဟူ၍ ချမှတ်ထား ကြောင်း၊ တိုင်းပြည်တစ်ပြည် ဖွံ့ဖြိုးတိုးတက်ရန် ပညာတတ်များပေါကြွယ်ဝရန်လိုကြောင်း၊ ထို့ကြောင့် လူသားအရင်းအမြစ်များဖြစ်သည့် အသိပညာရှင်၊ အတတ်ပညာရှင်များ မွေးထုတ်ပေးနိုင်ရန် အခြေခံ ပညာ အထက်တန်းကျောင်းများ၌ ဝိဇ္ဇာ/ သိပ္ပံဘာသာ ရပ်များအပြင် စိုက်ပျိုး၊ မွေးမြူရေး၊ စက်မှုပညာ ရပ်များကို တွဲဖက်သင်ကြားပေးလျက်ရှိကြောင်း၊ အခြေခံပညာ၊ ဒီပလိုမာသင်တန်းများမှတစ်ဆင့် အဆင့်မြင့်ပညာရပ်များသို့ အဆင့်ဆင့်တက်ရောက် နိုင်ရေး စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မိမိတို့ အနေဖြင့် ဘက်စုံပညာရေးစနစ်ကို ဦးတည်ဆောင် ရွက်လျက်ရှိကြောင်း။
လူမှုရေးဦးတည်ချက် ဒုတိယအချက်အနေဖြင့် “တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေး အတွက် ပြည်သူအားလုံး အကျုံးဝင်မည့် ကျန်းမာရေး ကဏ္ဍနှင့် အားကစားကဏ္ဍ မြှင့်တင်ဆောင်ရွက်ရေး” ဟူ၍ ချမှတ်ထားပါကြောင်း၊ လူတိုင်းသည် အသက်ရှည်ပြီး ကျန်းမာလိုသည့် ဆန္ဒရှိကြပါကြောင်း၊ ကျန်းမာမှ ပညာသင်ကြားခြင်း၊ အလုပ်လုပ်ကိုင်ခြင်း ကိစ္စရပ်များအပြင် လူမှုရေးကိစ္စရပ်များကို ဆောင် ရွက်နိုင်မည် ဖြစ်ကြောင်း၊ ထို့ကြောင့် အစိုးရအနေဖြင့် လူတိုင်းကျန်းမာစွာ အသက်ရှင်နေထိုင်နိုင်ရေး အတွက် ကျန်းမာရေးကဏ္ဍကို မြှင့်တင်ဆောင်ရွက် သွားရန်လိုကြောင်း၊ ထို့ပြင် ကလေးသူငယ်မှအစ သက်ကြီးရွယ်အိုများအထိ ကျန်းမာရေးကောင်းမွန် အောင် လုပ်ဆောင်ပေးရန်နှင့် ခန္ဓာကိုယ်ကြံ့ခိုင်ရေး အတွက် အားကစားလှုပ်ရှားမှုများ ဆောင်ရွက်နိုင် ရန် ဖန်တီးပေးရမည်ဖြစ်ကြောင်း၊ အားကစားသည် တိုင်းပြည်၏ စွမ်းပကားဖြစ်သည့်အပြင် နိုင်ငံ့ဂုဏ် ကို မြှင့်တင်ပေးသည့်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အဆင့်မီအားကစားကွင်း၊ အားကစားရုံများ တည်ဆောက်ပေးခဲ့ပါကြောင်း၊ ဘဏ္ဍာငွေအပေါ်မူတည်၍ ခရိုင်အဆင့်မှ အဓိက ကျသည့်မြို့နယ်အဆင့်အထိ တစ်ဆင့်ပြီး တစ်ဆင့် ဆောင်ရွက်ပေးသွားရန် လျာထားပါကြောင်း၊ မြန်မာ့အားကစားကဏ္ဍတွင် ဘက်ပေါင်းစုံ လိုအပ်ချက် ရှိနေသဖြင့် အားကစားအဆင့်အတန်း မြင့်မားရေး အတွက် ကြိုးပမ်းဆောင်ရွက်သွားရန်နှင့် လိုအပ်ချက် များကို ပြင်ဆင်ဖြည့်ဆည်းသွားရန်လည်း လိုကြောင်း၊ မိမိအနေဖြင့် အခြေခံလိုအပ်ချက်ဖြစ်သည့် အားကစားကွင်း၊ အားကစားရုံများနှင့် နည်းပြများကို ဦးစွာဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း။
လူမှုရေးဦးတည်ချက် တတိယအချက်အနေဖြင့် “နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ် များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့် ပြည့်စုံသောလူငယ်များ ဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေး” ဟူ၍ ချမှတ်ထားကြောင်း၊ အနာဂတ်နိုင်ငံတော်၏ တာဝန် ကို ထမ်းဆောင်ရန်အတွက် ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလ ဟူသည့် ဗလ ငါးတန်နှင့် ပြည့်စုံသည့် လူငယ်များမွေးထုတ်ပေးရန် လိုကြောင်း၊ အကျင့်စာရိတ္တကောင်းမွန်ပြီး အသိဉာဏ် ဖွံ့ဖြိုးသူများဖြစ်အောင် လေ့ကျင့်ပျိုးထောင်ပေးရန် လိုကြောင်း။
အရည်အချင်းပြည့်ဝသော လူငယ်များကိုမွေးထုတ်
၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ ပညာတတ်သူ နည်းပါးပြီး ပညာရေးကဏ္ဍ နိမ့်ကျခဲ့ သည်ကို တွေ့ရှိရကြောင်း၊ ဒီမိုကရေစီစနစ်ကို လျှောက်လှမ်းမည်ဆိုပါက နိုင်ငံသားတိုင်း အသိပညာ၊ အတတ်ပညာများနှင့် ပြည့်စုံရန် လိုအပ်ကြောင်း၊ ထို့ကြောင့် အစိုးရအနေဖြင့် လူငယ်များကို အခြေခံ သည့် အနာဂတ်ကို ဖန်တီးပေးရန်နှင့် ပညာရေးကဏ္ဍ တိုးတက်မြင့်မားအောင် ဆောင်ရွက်သွားရန် လိုအပ် ကြောင်း၊ ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်း နေနိုင်ရေးနှင့် မိမိတို့ရည်မှန်းထားသည့် အနိမ့်ဆုံး အဆင့် KG + 9 အဆင့် ပြီးမြောက်အောင်မြင်အောင် ဆောင်ရွက်ပေးရန်လိုကြောင်း၊ ထို့ပြင် ပညာရေး ဝန်ထမ်း လိုအပ်ချက်ပြည့်မီရေး၊ ထိုက်သင့်သည့် ရာထူးနေရာများရရှိရေးနှင့် လုပ်ငန်းခွင်ပျော်ရွှင်ရေးအတွက်လည်း ဖန်တီးပေးရန်လိုကြောင်း၊ သို့မှသာ ပညာရေးကဏ္ဍ တိုးတက်မြင့်မားလာမည်ဖြစ် ကြောင်း၊ တာဝန်ရှိ သူများအနေဖြင့် လုပ်ထုံးလုပ်နည်း စည်းမျဉ်းစည်းကမ်းများနှင့်အညီ သမာသမတ်ရှိရှိ ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ဗလငါးတန်နှင့် ပြည့်စုံသည့် လူငယ်များမွေးထုတ်ရာတွင် ဆရာ၊ ဆရာမများသည် အဓိကတာဝန်ရှိကြောင်း၊ ဆရာ၊ ဆရာမများ၏ သွန်သင်ဆုံးမမှု ကောင်းမွန်မှသာ အနာဂတ်တွင် နိုင်ငံတော်မှအားကိုးအားထားရသည့် အရည်အချင်းပြည့်ဝသော လူငယ်များကိုမွေးထုတ် ပေးနိုင်မည်ဖြစ်ကြောင်း။
အောင်မြင်အောင် ထိန်းကျောင်းဆောင်ရွက်
အစိုးရတစ်ရပ်အနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက် ရေးတွင် လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်များ များပြားပါကြောင်း၊ လက်ရှိအခမ်းအနားသို့ တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီးဌာန များမှ တာဝန်ရှိသူများအနေဖြင့် မိမိတို့ဦးဆောင် ကွပ်ကဲရသည့်ဌာနများအလိုက် လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ လုပ်ငန်းတာဝန် များကို အောင်မြင်အောင် ထိန်းကျောင်းဆောင်ရွက် သွားရန်လိုကြောင်း၊ မိမိကိုယ်တိုင်အရည်အချင်းရှိပြီး စည်းကမ်းကောင်းမွန်ရန်လိုသကဲ့သို့ မိမိကွပ်ကဲရ သည့် အဖွဲ့အစည်းကိုလည်း စည်းကမ်းစနစ်တကျ ရှိစေရေး ကွပ်ကဲနိုင်မှု အပြည့်အဝရှိရန်လိုကြောင်း၊ အစိုးရဌာနများသည် ပြည်သူကို အလုပ်အကျွေးပြုရ သည့် ဌာနများဖြစ်သဖြင့် ဝန်ထမ်းများအနေဖြင့်လည်း ကောင်းမွန်သည့်စီမံခန့်ခွဲမှုရှိသည့်၊ လုပ်ငန်းတာဝန် ကျေပွန်သည့်၊ ပြည်သူ့အကျိုးကို ဖော်ဆောင်ပေး နိုင်သည့် ဝန်ထမ်းများ ဖြစ်ရန်လိုကြောင်း။
စုစည်းညီညွတ်သည့်အားဖြင့် ကျော်လွှားနိုင်ခဲ့
မိမိတို့အနေဖြင့် နိုင်ငံတော်၏တာဝန်များကို ထမ်းဆောင်ခဲ့ရာတွင် အခက်အခဲ၊ အကျပ်အတည်း များစွာကို စုစည်းညီညွတ်သည့်အားဖြင့် ကျော်လွှား နိုင်ခဲ့ပြီးဖြစ်ကြောင်း၊ သို့သော်လည်း မိမိတို့နိုင်ငံ အပေါ် စီးပွားရေးအရ၊ နိုင်ငံရေးအရ ပိတ်ဆို့မှုများ ရှိနေဆဲဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၌ ပြည်တွင်း ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်နိုင်မည်ဆိုပါက မည်သည့်အခက်အခဲ၊ အကျပ်အတည်းကိုမဆို ကျော်လွှားနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် အထက်တွင် ပြောကြားခဲ့သည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည်ချက်များကို အောင်မြင် အောင် အကောင်အထည်ဖော် ဆောင်ရွက်သွားကြရ မည်ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် လူပုဂ္ဂိုလ်တစ်ဦး တစ်ယောက်အတွက် ဆိုသည်ထက် နိုင်ငံ၏အကျိုးစီးပွားအတွက်သာ မိမိတို့၏ တာဝန် များကို ကျေပွန်စွာဖြင့် အလုပ်လုပ်ကြရန် တိုက်တွန်း မှာကြားလိုကြောင်း ပြောကြားခဲ့ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်