ပေါင်းတည်မြို့နယ် ကျေးရွာ ၂၂ ရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းချေးငွေများ ပြန်လည်ထုတ်ချေး

 

ပေါင်းတည်   အောက်တိုဘာ   ၂၄


ပဲခူးတိုင်းဒေသကြီး ပေါင်းတည်မြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက  ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုအခြေအနေများကြောင့် ကျေးလက် နေ ပြည်သူများ၏  လူမှုစီးပွားဘဝထိခိုက်မှုများကို   ပြန်လည်တုံ့ပြန်ကုစားသည့်အနေဖြင့် တပိုင်တနိုင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ အသေးစားကုန်ထုတ်လုပ်ငန်း များ လုပ်ကိုင်လာနိုင်စေရန်ရည်ရွယ်၍ မြစိမ်းရောင် ကျေးရွာစီမံကိန်း  ချေးငွေကျပ်  ၈၄၀ ဒသမ ၀၂ သန်းကို ပေါင်းတည်မြို့နယ်အတွင်းရှိ ကျေးရွာ ၂၂ ရွာ၌ ပြန်လည်ထုတ်ချေး ဆောင်ရွက်ပြီးဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။

 


ထိုသို့ စီမံကိန်းချေးငွေများ ထုတ်ချေးပေးရာတွင် ချေးငွေ   အမှန်တကယ်လိုအပ်သူများလက်ဝယ်သို့    မှန်မှန်ကန်ကန်ရောက်ရှိစေရေးအတွက် ပေါင်းတည် မြို့နယ်  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန  ဦးစီးမှူး   ဦးယုနိုင်လင်းနှင့်   ဝန်ထမ်းများက နေ့စဉ် အွန်လိုင်းစနစ်ဖြင့် ကြီးကြပ်ဆောင်ရွက်ပေး ခဲ့ပြီး ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များ နှင့်အညီ ချေးငွေများကို စနစ်တကျထုတ်ချေးပေးခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

 


အဆိုပါ စီမံကိန်းချေးငွေများဖြင့် မိသားစုဝင်ငွေ တိုးပွားရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နိုင်ရန် အတွက် စိုက်ပျိုးရေးလုပ်ကိုင်သူ ၁၉၄၇ ဦးအား  ချေးငွေကျပ် ၅၇၀ ဒသမ ၉၉ သန်း၊ မွေးမြူရေး လုပ်ကိုင်သူ ၉၇၀ အား ချေးငွေကျပ် ၂၁၀ ဒသမ ၄၈ သန်း၊     ရေလုပ်ငန်းလုပ်ကိုင်သူ   ခြောက်ဦးအား ၀ ဒသမ ၇၅ သန်း၊   အရောင်းအဝယ်လုပ်ကိုင်သူ ၂၅၄ ဦးအား ၅၇ ဒသမ ၈ သန်း၊ စုစုပေါင်း စီမံကိန်း အသင်းဝင် ၃၁၇၇ ဦးအား ချေးငွေကျပ် ၈၄၀ ဒသမ ၀၂ သန်းကို ငွေကျပ် ၁၀၀ လျှင် အတိုးနှုန်း ပြား ၅၀ ဖြင့် အောက်တိုဘာလ ပထမပတ်မှ စတင်ထုတ်ချေး ဆောင်ရွက်ပေးခဲ့ရာ ယခုအခါ ရာနှုန်းပြည့်ထုတ်ချေး ပေးနိုင်ခဲ့ကြောင်း ပေါင်းတည်မြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး  ဦးယုနိုင် လင်းက ပြောပြသည်။                            

 ငြိမ်းသူ