
မောင်သောင်းဝင်း(တမန်ဟောင်း)
တရုတ်နိုင်ငံသည် ၂၀၂၂ ခုနှစ် ပေကျင်းဆောင်းရာသီအိုလံပစ်ပွဲတော်၌ ကိုဗစ်-၁၉ ရောဂါကို ဘယ်လိုထိန်းချုပ်ခဲ့သလဲဆိုတာ ကမ္ဘာကြီးကို သက်သေပြနိုင်ခဲ့ပြီဖြစ်သည်။ ကမ္ဘာလုံးဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်းမြင့်တက်နေသည့် အချိန်၌ပင်လျှင် ပွဲစီစဉ်သူများသည် အားကစားသမားများအား ဘေးကင်းလုံခြုံမှုရှိအောင် အနီးကပ်စောင့်ကြည့်ခဲ့ကြသည်။ လက်ရှိအချိန်တွင် ကိုဗစ်- ၁၉ ရောဂါသည် အိုမီခရွန် မျိုးဗီဇကွဲများကြောင့် ကမ္ဘာလုံးဆိုင်ရာခြိမ်းခြောက်မှုများ ပိုမိုမြင့်တက်လျက်ရှိသည်။
ကိုဗစ်-၁၉ လုံး၀ကင်းစင်ရေးအစီအစဉ်
ဆောင်းရာသီ အိုလံပစ်ပွဲတော်မစတင်မီ တစ်လခန့်အလို ဒီဇင်ဘာ ၂၇ ရက်တွင် ကမ္ဘာတစ်ဝန်း၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှုန်း ၁ ဒသမ ၄၄ သန်းခန့်အထိ မြင့်တက်ခဲ့သည်။
ထိုသို့ ကမ္ဘာတစ်ဝန်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများမြင့်တက် လျက်ရှိသော်လည်း အိုလံပစ်ပွဲတော်အခမ်းအနား ပိတ်သိမ်းခဲ့သည့် ဖေဖော်ဝါရီ ၂၀ ရက်တွင် ကိုဗစ်- ၁၉ ရောဂါပိုးကူးစက်ခံရသူ ၄၃၇ဦး သာ ရှိခဲ့သည်။ အိုလံပစ်ပွဲတော်မစတင်မီက တရုတ်နိုင်ငံသို့ ရောက်ရှိ လာသည့် အားကစားသမားများနှင့် တာဝန်ရှိသူများအနက် ၁၈၀ သာ ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့သည်။ ဆိုရလျှင် ကိုဗစ်- ၁၉ ရောဂါဖြစ်ပွားမှုကြောင့် ဆောင်းရာသီအိုလံပစ်ပွဲတော်တွင် ကြီးမားသော အနှောင့်အယှက်တစ်စုံတစ်ရာ မဖြစ်ခဲ့ပေ။
အမှန်တော့ တရုတ်နိုင်ငံသည် ကိုဗစ်- ၁၉ ရောဂါထိန်းချုပ်မှုကို ဆောင်းရာသီ အိုလံပစ်ပွဲတော်ကာလတွင်သာ အပူတပြင်း ဆောင်ရွက်ခဲ့ခြင်း မဟုတ်ပေ။ တရုတ်နိုင်ငံသည် ကိုဗစ်-၁၉ လုံး၀ ကင်းစင်ရေးအစီအစဉ် (Zero Covid-19)အရ မြို့ကြီးများကို ကာလ ရှည်ကြာ ပိတ်ဆို့ခြင်း၊ ဆေးစစ်မှုများပြုလုပ်ခြင်း၊ ရောဂါရှာဖွေခြင်းနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို ထိရောက် စွာ အကောင်အထည်ဖော်လျက်ရှိသည်။
အစိုးရ၏ စနစ်ကျသောစီမံခန့်ခွဲမှု
စင်စစ်အားဖြင့် တရုတ်နိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါ ကာလတွင် လစ်ဘရယ် ဆန်လွန်းသည့် တချို့သော အနောက် နိုင်ငံများကဲ့သို့ ပေါ့လျော့စွာနေထိုင်သွားမည်ဆိုလျှင် လက်ရှိအချိန်၌ ပြည်သူ သန်း ၂၀၀ ခန့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရနိုင်ပြီး သုံးသန်း ခန့် သေဆုံးရဖွယ်ရှိသည်ဟု ပညာရှင်အချို့က ခန့်မှန်းတွက်ချက် လျက်ရှိသည်။ သို့သော် အစိုးရ၏ စနစ်ကျသော စီမံခန့်ခွဲမှုနှင့် ပြည်သူ များ၏ စည်းကမ်းလိုက်နာမှုများကြောင့် ကိုဗစ်-၁၉ ရောဂါစတင် ဖြစ်ပွားစဉ်ကတည်းက လက်ရှိအချိန်အထိ လူဦးရေ သန်း ၁၇၀၀ ကျော်သည့် တရုတ်နိုင်ငံတွင် ကိုဗစ်- ၁၉ ရောဂါကူးစက်ခံရသူ ၁၃၁၀၀၀ ခန့်သာရှိပြီး ၄၉၂၄ ဦးသာ သေဆုံးခဲ့သည်ကို တွေ့ရှိရသည်။
အိုလံပစ်ပွဲတော်တွင် နိုင်ငံပေါင်း ၉၁ နိုင်ငံမှ အားကစားသမား ထောင်ပေါင်းများစွာ ပါဝင်ယှဉ်ပြိုင်ခဲ့သော်လည်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်း မြင့်တက်ခဲ့ခြင်းမရှိပေ။ တရုတ်အစိုးရသည် နိုင်ငံသား များအား ကိုဗစ်-၁၉ ကာကွယ်သည့်နည်းလမ်းအတိုင်းပင် ပေကျင်း အိုလံပစ်ပွဲတော်တွင်လည်း တင်းကျပ်သော ကျန်းမာရေးစစ်ဆေးမှုများ လုပ်ဆောင်ခဲ့သည်။ ပြိုင်ပွဲဝင်များနှင့် ပြိုင်ပွဲပြုလုပ်သည့်နေရာများကို ပေကျင်းမြို့နှင့် သီးသန့်ခွဲ၍ ထားရှိခဲ့သည်။ အခြား မြို့၊ ရွာများနည်းတူ ဆောင်းရာသီအိုလံပစ်ပွဲတော် ကျင်းပမည့်နေရာကို ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ တင်းကျပ် စွာ ထိန်းချုပ်ဆောင်ရွက်ခဲ့သည်။
ကူးစက်မှုနှုန်းသည် ၀ ဒသမ ၀၁ ရာခိုင်နှုန်းသာရှိ
ကိုယ်စားလှယ်များနှင့် အားကစားသမားများကို နေ့စဉ် ကိုဗစ်-၁၉ ရောဂါစစ်ဆေးပြီး ရောဂါပိုးမတွေ့မှသာလျှင် ဆက်လက်ယှဉ်ပြိုင် စေခဲ့သည်။ ဆောင်းရာသီအိုလံပစ်ပွဲတော် ကာလအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှုန်းသည် ၀ ဒသမ ၀၁ ရာခိုင်နှုန်းသာ ရှိကြောင်းနှင့် တရုတ်နိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်မှုအစီစဉ်သည် ကမ္ဘာ ပေါ်တွင် ဘေးကင်းလုံခြုံမှုအရှိဆုံးစနစ်ဖြစ်ကြောင်း နိုင်ငံတကာ အိုလံပစ်ကော်မတီ (IOC) ဥက္ကဋ္ဌ သောမတ်စ်ဘိရှ်က ဖေဖော်ဝါရီ ၁၈ ရက်က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသွားသည်။
အချို့သော အားကစားသမားများသည် ပေကျင်း၏ ရောဂါထိန်းချုပ် မှုအစီအစဉ်အပေါ် ဆန့်ကျင်ခဲ့သော်လည်း တရုတ်နိုင်ငံ၏ အိုမီခရွန် ထိန်းချုပ်နိုင်စွမ်းကို ဆောင်းရာသီ အိုလံပစ်ပွဲတော်က လက်တွေ့ ပြခဲ့ပြီဖြစ်သည်။ တရုတ်တို့သည် ဘယ်လောက်အထိ ပူးပေါင်းပြီး စည်းရုံးဆောင်ရွက်နိုင်သည်ကို လက်တွေ့ပြသခဲ့ပြီဖြစ်သည်။ ထိုသို့ ကြီးကျယ်လွန်းလှသည့် နိုင်ငံတကာပွဲတော်ကြီးတစ်ခုကို ဘေးကင်း လုံခြုံစွာ ကျင်းပနိုင်ရေးအတွက် ငွေကြေးအမြောက်အမြား သုံးစွဲခဲ့ ရမည်မှာ အသေအချာပင်ဖြစ်သည်။ တရုတ်တို့သည် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုနှင့် သဘောသဘာ၀များနှင့်ပတ်သက်၍ နှစ်နှစ် ခန့် စုဆောင်းထားသော အချက်အလက်များကို အခြေခံပြီးမှ အိုလံပစ်ပွဲတော်ကို ဘေးကင်းလုံခြုံမှုရှိအောင် ကျင်းပခဲ့ခြင်းဖြစ်သည်။
အိုမီခရွန်ပျံ့နှံ့ချိန်နှင့် အိုလံပစ်ပွဲတော်
ပေကျင်းအိုလံပစ်ပွဲတော်သည် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားစဉ် ကျင်းပသည့် ဒုတိယမြောက် နိုင်ငံတကာအားကစားပွဲတော်ကြီး တစ်ခုပင် ဖြစ်သည်။ တရုတ်နိုင်ငံသည် ၂၀၂၁ ခုနှစ်အတွင်း တိုကျို၌ ပြုလုပ်ခဲ့သည့် နွေရာသီအိုလံပစ်ပွဲတော်မှ အတွေ့အကြုံများကိုလည်း သင်ခန်းစာဖော်ထုတ်ခဲ့သည်။ ၂၀၂၁ ခုနှစ် ဩဂုတ်လက တိုကျိုအိုလံ ပစ်ပွဲတော် ကျင်းပပြီးနောက် ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှုန်းများ မြင့်တက်လာခဲ့သည်။ IOC နှင့် ဂျပန်နိုင်ငံတို့ကမူ နွေရာသီအိုလံပစ် ပွဲတော်ကြောင့် ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှုန်း မြင့်တက်လာခြင်း မဟုတ်ကြောင်း အတိအလင်း ငြင်းဆိုခဲ့သည်။ ထို့ကြောင့် ပေကျင်း သည် အလားတူဖြစ်စဉ်မျိုး မရှိစေရန်အတွက် ဘက်ပေါင်းစုံမှ ကြိုတင် ပြင်ဆင်ခဲ့သည်။
ဆောင်းရာသီအိုလံပစ်ပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် စေတနာ့ဝန်ထမ်း ၁၉၀၀၀ ခန့်သည် မိသားစုနှင့် နှစ်လခန့် ခွဲခွာနေထိုင်သွားရန် ကတိကဝတ်ပြုခဲ့ကြသည်။ ဆိုလိုသည်မှာ စေတနာ့ဝန်ထမ်းများသည် တရုတ်နှစ်သစ်ကူးကာလ၌ပင်လျှင် မိသားစုများနှင့် ခွဲခွာနေထိုင်သွားရန် အခိုင်အမာဆုံးဖြတ်ထားခြင်း ဖြစ်သည်။ အိုလံပစ်ပွဲတော်အလွန်ကာလတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်း မြင့်တက်လာမှုမှ ကာကွယ်နိုင်ရန် စေတနာ့ဝန်ထမ်းများ သည် ပွဲတော်ပြီးနောက် ၂၁ ရက်ကြာ ကွာရန်တင်းဝင်သွားကြမည် ဖြစ်သည်။ ထို့ကြောင့် စေတနာ့ဝန်ထမ်းများအား စိတ်ဓာတ် ကြံ့ခိုင်ရေးအတွက် လေ့ကျင့်သင်တန်းပေးထားခဲ့သည်။
ဆေးစစ်မှုအစီအစဉ်
ပေကျင်း ဆောင်းရာသီအိုလံပစ်ပွဲတော်၏ ဆေးစစ်မှုအစီအစဉ်ကို ဇန်နဝါရီ ၂၃ ရက်တွင် စတင်ခဲ့သည်။ ပွဲစီစဉ်သူများသည် အားကစား သမားနှင့် တာဝန်ရှိသူ ၁ ဒသမ ၈ သန်းကျော်ကို အနည်းဆုံး တစ်နေ့ လျှင် ကိုဗစ်-၁၉ ရောဂါဆေးစစ်မှုတစ်ကြိမ် ပြုလုပ်ခဲ့သည်။
ပါးစပ်နှင့် နှာခေါင်းစည်းများဖြန့်ဝေခြင်း၊ ထိတွေ့ဆက်ဆံသူများအား ထောက်လှမ်းခြင်းများကို လူအင်အားဖြင့် လုပ်ဆောင်ခဲ့သည်။ ပွဲကြည့်ပရိသတ်ကိုလည်း အနည်းဆုံးအင်အားသာ ခွင့်ပြုခဲ့သည်။ ဆိုရလျှင် ၂၀၂၂ ဆောင်းရာသီအိုလံပစ်ပွဲတော်သည် ရုပ်မြင်သံကြား မှကြည့်ရှုသည့် ပရိသတ်အများဆုံး ပွဲတော်တစ်ခုဖြစ်ခဲ့သည်။ ထို့ကြောင့် ပွဲတော်ကာလ ၁၉ ရက်တွင် ပေကျင်းနှင့် အနီးအနားမြို့ များမှ အားကစားပွဲတော် လာရောက်ကြည့်ရှုသူ ၁၅၀၀၀၀ ခန့်သာ ရှိခဲ့သည်။
အားကစားသမားများသည် တရုတ်နိုင်ငံသို့ရောက်ရှိချိန်မှစ၍ လေ့ကျင့်ခန်းနှင့် ပြိုင်ပွဲများမရှိလျှင် အခန်းထဲ၌သာ နေကြရသည်။ တချို့သောအားကစားသမားများသည် လေ့ကျင့်ရေးအထောက် အကူပစ္စည်းများနှင့် အစားအသောက်များအပေါ် စောဒကတက် မှုများ ရှိခဲ့သဖြင့် ပွဲစီစဉ်သူများအနေဖြင့် အချိန်မီဖြေရှင်းပေးခဲ့ရသည်။ တချို့သော အားကစားသမားများသည် ပေကျင်းသို့ရောက်လျှင် ရောက်ချင်း ကိုဗစ်-၁၉ ရောဂါ တွေ့ရှိသဖြင့် သီးခြားခွဲနေထိုင်ခဲ့ရသော် လည်း ထပ်မံစစ်ဆေးသည့်အချိန်တွင် ပိုးမတွေ့တော့သဖြင့် ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့ကြသည်။ သီးခြား ခွဲခြားနေထိုင်ရခြင်း သည် လူတိုင်းအတွက် စိန်ခေါ်မှုတစ်ရပ်ပင်ဖြစ်ပြီး အားကစားသမား များအတွက်မူ ပို၍ပင် ခံရခက်လေသည်။ သီးခြားခွဲနေထိုင်စဉ် ဆေးဝါး နှင့် အခြားသော အထောက်အကူပစ္စည်း လိုအပ်ချက်များကိုလည်း အချိန်မီဖြည့်ဆည်းပေးခဲ့ရသည်။
မည်သို့ပင်ဆိုစေ အားကစားသမားအများစုသည် ကိုဗစ်-၁၉ ထိန်းချုပ်မှုစည်းမျဉ်း စည်းကမ်းများကို ကြိုဆိုခဲ့ကြသည်။ နေ့စဉ် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးမှုသည် အားကစားသမားများအား စိတ်လုံခြုံမှုဖြစ်စေပြီး ပြိုင်ပွဲယှဉ်ပြိုင်ရာတွင် ပိုမိုအာရုံစူးစိုက်ကာ စိတ်ချလက်ချ ယှဉ်ပြိုင်နိုင်စေသည်။ ပြိုင်ပွဲဝင်အားကစားသမားများ သည် ပေကျင်းမြို့တွင်း သွားရောက်လည်ပတ်ခွင့် မရရှိခဲ့သော်လည်း ကိုဗစ်-၁၉ ရောဂါကို အန်တုကျော်လွှားရင်း ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲ တွင် အခက်အခဲမရှိ ယှဉ်ပြိုင်နိုင်ခဲ့သည့်အတွက် ပွဲစီစဉ်သူများအပေါ် ကျေးဇူးတင်ရှိကြောင်းကို လူမှုကွန်ရက်စာမျက်နှာများတွင် ရေးသား လျက်ရှိကြသည်။
မည်သို့ပင်ဆိုစေ ၂၀၂၂ ခုနှစ် ပေကျင်းဆောင်းရာသီအိုလံပစ်ပွဲတော် ကာလအတွင်း ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသည့် အားကစား သမားများအနက် အနည်းငယ်သာလျှင် ပြိုင်ပွဲယှဉ်ပြိုင်ခွင့် အခွင့် အလမ်း ဆုံးရှုံးခဲ့ရသည်။ အားကစားသမားအများစုသည် ပြန်လည် ကျန်းမာလာသည့်အတွက် သက်ဆိုင်ရာပြိုင်ပွဲများတွင် ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိခဲ့သဖြင့် ဆုတံဆိပ်များပင်ရရှိကာ နိုင်ငံ့ဂုဏ်ကိုပင်လျှင် ဆောင်သွားနိုင်ကြသည်။ အမှန်တော့ ပွဲစီစဉ်သူများနှင့် စေတနာ့ ဝန်ထမ်းများ၏ စနစ်ကျနမှုနှင့် စေတနာတို့ပင်ဖြစ်သည်။
ထို့ကြောင့် ကမ္ဘာ့နိုင်ငံများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကင်းစင် သော နိုင်ငံတကာ အားကစားပွဲတော်ကြီးတစ်ခုကို မည်သို့မည်ပုံ ကျင်းပသွားမလဲဆိုတာကို ပေကျင်းအိုလံပစ်ပွဲတော်မှ သင်ခန်းစာ ဖော်ထုတ်နိုင်ကြောင်း ကျွမ်းကျင်ပညာရှင်များက ပြောဆိုလျက်ရှိ သည်။ ဆိုရလျှင် လူသားတို့သည် တင်းကျပ်သော စည်းမျဉ်းစည်းကမ်း များကို ဆန့်ကျင်လိုသည်မှာ သဘာ၀ပင်ဖြစ်သော်လည်း လက်တွေ့ တွင်မူ မိမိတို့အတွက် အကျိုးရှိစေသဖြင့် လိုက်ပါဆောင်ရွက်ရ ကြောင်းကို တရုတ်နိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးလုပ်ငန်း စဉ်များက သက်သေပြလျက်ရှိပေသည်။ ထို့ကြောင့် ကမ္ဘာ့နိုင်ငံများ အနေဖြင့် ၂၀၂၂ ခုနှစ် ပေကျင်းဆောင်းရာသီအိုလံပစ်ပွဲတော် ကာလအတွင်း တရုတ်နိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်မှုလုပ်ငန်း စဉ်များကို လေ့လာဖော်ထုတ်သွားနိုင်မည်ဆိုလျှင် သက်ဆိုင်ရာနိုင်ငံ များတွင်လည်း ကိုဗစ်-၁၉ ရောဂါကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်သွားနိုင်မည်ဖြစ်ကြောင်း သုံးသပ်တွေ့ရှိရပါသည်။
- Log in to post comments