
နေပြည်တော် အောက်တိုဘာ ၁၉
စာရေးဆရာကျော်ဦး၏ ပြောင်းလဲနေသော ရာသီဥတု စာအုပ် ထွက်ရှိလာသည်။
ယနေ့ကမ္ဘာပေါ်တွင် လေပြင်းမုန်တိုင်းများ တိုက်ခတ် ခြင်း၊ မိုးခေါင်ခြင်း၊ ရေကြီးခြင်းနှင့် အပူလွန်ကဲခြင်း စသည့် ရာသီဥတု ပြောင်းလဲမှု၏ အကျိုးဆက်များကို ပိုမိုခံစားလာ ကြရပြီဖြစ်ရာ အဆိုပါစာအုပ်တွင် ရာသီဥတုပြောင်းလဲမှု အကြောင်းအရာများနှင့် ပတ်သက်ပြီး အခြေခံမှစ၍ ရှင်းလင်းဖော်ပြထားသည်။ ယင်းစာအုပ်သည် ဆယ်ကျော် သက်အရွယ်လူငယ်များနှင့် ကလေးသူငယ်များအတွက် ရည်ရွယ်သည့်အလျောက် ကမ္ဘာနှင့် ရာသီဥတု၊ နှစ်ဟောင်း များက ရာသီဥတုနှင့် လတ်တလောရာသီဥတု၊ ပူနွေးလာသော ကမ္ဘာကြီး၊ ရာသီဥတုပြောင်းလဲခြင်းနှင့် ရာသီဥတု ပြောင်းလဲ ခြင်း၏ ဒဏ်ကို လျော့နည်းသက်သာစေခြင်း စသည့်အခန်း ကြီး ငါးခန်းကို သရုပ်ဖော်ပုံများနှင့်တကွ ရှင်းရှင်းလင်းလင်း ဖော်ပြထားသည့်အတွက် လူငယ်လူရွယ်များ ဖတ်ရှုလေ့လာ သင့်သည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်သည်။
ထို့အတူ အခန်းတိုင်း၏ နောက်တွင် အမေးအဖြေများ၊ ကွက်လပ်ဖြည့်များ၊ အမှားအမှန်ရွေး လေ့ကျင့်ခန်းများ၊ ဉာဏ်စမ်းပဟေဠိများကိုပါ စမ်းသပ်ဖြေဆိုရင်း လေ့လာဖတ်ရှု နိုင်မည်ဖြစ်သည်။ ယင်းစာအုပ်ကို ပါရမီစာပေ အမှတ် ၂၃၀၊ ၂၉လမ်း၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း - ၀၉၇၈၃၉၅၃၄၆ သို့ တန်ဖိုးငွေကျပ် ၄၀၀၀ ဖြင့် ဆက်သွယ် ဝယ်ယူနိုင်ပြီဖြစ်ကြောင်း သိရသည်။
မြန်မာ့အလင်း