
တွေ့ဆုံမေးမြန်း - စန်းစန်းကြူ
ဓာတ်ပုံ - မင်းမင်းထွေး(ပျော်ဘွယ်)
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင် ပျော်ဘွယ်မြို့နယ် လမ်းမတော်လမ်း ရွှေပြည်ရန်အောင်ရပ်ကွက်ရှိ ပဒေသာမုန့်ကြွပ်လုပ်ငန်း၏ ထုတ်လုပ်ဖြန့်ဖြူးနေမှုနှင့် ဒေသခံများအား အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်မှု အခြေအနေကို ပြည်သူများသိရှိစေရန် မုန့်ကြွပ်လုပ်ငန်းမှ ဦးတင်ရွှေ၏သား ဦးတင်မောင်ထွန်း အား သွားရောက် တွေ့ဆုံမေးမြန်းထားမှုကို ဖော်ပြလိုက်ရပါသည်။
မေး။ ။ ပဒေသာမုန့်ကြွပ်လုပ်ငန်း စတင်တည်ထောင်ဖြစ်ပုံကို ရှင်းပြပေးပါ။
ဖြေ။ ။ ပဒေသာမုန့်ကြွပ်လုပ်ငန်းကို ၁၉၆၇ ခုနှစ်ကတည်းက ဘိုးဘွားများလက်ထက်မှာ ရွှေဥဒေါင်းအမည်နဲ့ စတင် ဆောင်ရွက်ခဲ့ရာမှ လက်ရှိမိသားစုသားသမီး၊ မြေးတွေလက်ထက်မှာ ပဒေသာအမည်နဲ့ ထပ်မံတိုးချဲ့လုပ်ကိုင်ဆောင်ရွက်လာတာ ဖြစ်ပါ တယ်။
မေး။ ။ လက်ရှိဈေးကွက်မှာ ဝယ်ယူရရှိနိုင်အောင် ထုတ်လုပ်ထားတဲ့ မုန့်အမျိုးအစားကို သိပါရစေ။
ဖြေ။ ။ မုန့်ကြွပ်ထုတ်လုပ်မှုအနေနဲ့ အမျိုးအစားအားဖြင့် နို့ မုန့်ကြွပ်၊ ထောပတ်မုန့်ကြွပ်၊ ဆီးချိုသမား စားတဲ့မုန့်ကြွပ်၊
မုန့်ကြွပ်ခြောက်၊ ကြိတ်သားဘီးကုပ်မုန့်ကြွပ်၊ မုန့်ကြွပ်ချောင်းဆိုပြီး ခြောက်မျိုး ထုတ်လုပ်ရောင်းချပေးပါတယ်။
မေး။ ။ လက်ရှိဈေးကွက်အတွင်း ရောင်းချပေးရာမှာ မုန့်အမျိုး အစားအလိုက် ဈေးနှုန်းလည်း သိပါရစေ။
ဖြေ။ ။ လက်ရှိ ဈေးကွက်မှာရောင်းချပေးတာက ပျော်ဘွယ်မြို့ ပြည်ထောင်စုကားလမ်းမဘေးမှာ ဆိုင်ခန်းဖွင့်လှစ်ပြီး ရောင်းချပေးပါတယ်။ မုန့်အမျိုးအစားအလိုက် ဈေးနှုန်းကတော့ နို့မုန့်ကြွပ်တစ်ထုပ် ငွေကျပ် ၂၅၀၀၊ ထောပတ်မုန့်ကြွပ်တစ်ထုပ် ငွေကျပ် ၂၃၀၀၊ ဆီးချိုသမားစားတဲ့ မုန့်ကြွပ်တစ်ထုပ် ငွေကျပ် ၂၀၀၀၊ မုန့်ကြွပ်ခြောက်တစ်ထုပ် ငွေကျပ် ၂၀၀၀၊ ဘီးကုပ်မုန့်ကြွပ်တစ်ထုပ် ငွေကျပ် ၁၂၀၀၊ မုန့်ကြွပ်ချောင်း(သေး) တစ်ထုပ် ငွေကျပ် ၁၀၀၀ နဲ့ ရောင်းချပေးပါတယ်။
မေး။ ။ ဘယ်လိုကုန်ကြမ်းပစ္စည်းတွေကို အသုံးပြုတာလဲ၊ ပြုလုပ်ပုံအဆင့်ဆင့်ကို ပြည်သူတွေသိရှိစေဖို့ မျှဝေပေး စေချင်ပါတယ်။
ဖြေ။ ။ ကုန်ကြမ်းတွေကတော့ ဂျုံ၊ သကြား၊ ကြက်ဥ၊ နို့မုန့်၊ ထောပတ်၊ ဆီ၊ မုန့်ပွဆေး စတာတွေကို အဓိကထားပြီး အသုံးပြုရပါတယ်။ မုန့်ကြွပ်ပြုလုပ်ပုံ အဆင့်ဆင့်ကတော့ မုန့်ပွဆေး ကို ညဦးပိုင်းကတည်းက အလျင်ဖောက်ရပါတယ်။ ဂျုံ ၁၅ ပိဿာ လုပ်မယ်ဆိုရင် အဲဒါနဲ့ လိုက်ဖက်တဲ့ သကြား၊ ကြက်ဥ၊ ထောပတ်၊ နို့မှုန့်စတာတွေကို အချိုးကျ ရောစပ်ရပါတယ်။ အမျိုးအစားမတူတဲ့ အတွက် ရောစပ်မှုပုံစံလည်း မတူပါဘူး။
ပြီးလို့ရှိရင် ဂျုံအပါအဝင် ရောစပ်ပြီးသမျှကို မုန့်မွှေတဲ့ဆုံမှာ မွှေရပါတယ်။ အဲဒီအခါမှာ မုန့်သားရလာပါတယ်။ ရလာတဲ့မုန့်သားတွေ ကို လုပ်သားတွေက သတ်မှတ်ထားတဲ့ ပုံစံဖြစ်တဲ့ မုန့်ကြွပ်ချောင်း၊ မုန့်ကြွပ်ပြား၊ ဘီးကုပ်ပုံစံ စတာတွေကို လှီးဖြတ်ပြီး မီးဖုတ်တဲ့ လင်ပန်းပေါ် စီစီရီရီ တင်ပေးရပါတယ်။ မုန့်သားပွလာပြီဆိုရင်တော့ မီးဖိုမှာရှိတဲ့ လုပ်သားက အဲဒီမုန့်လင်ပန်းတွေကို မီးဖိုထဲမှာ အချိန်ခဏ ကြာ ထည့်ကင်ပေးရပါတယ်။ အချိန်ခဏကြာပြီးနောက်မှာ မုန့်ကြွပ် အစိုကို ရရှိလာပါတယ်။ ရရှိလာတဲ့ မုန့်ကြွပ်အစိုကို လုပ်သားတွေက တစ်ခုချင်းစီ ပြန်ခွာပေးရပါတယ်။ ပြန်ခွာလို့ရလာတဲ့ မုန့်ကြွပ်အစိုကို မီးကင်တဲ့ လင်ပန်းပေါ်မှာတင်ပြီး မီးကင်တဲ့မီးဖိုမှာ မုန့်ကြွပ်ဖြစ်ဖို့ အတွက် ဆက်လက်လုပ်ဆောင်ရပါတယ်။
မုန့်ကြွပ်အစိုရဖို့အတွက် အသုံးပြုရတဲ့ မီးဖိုနဲ့ မုန့်ကြွပ်ဖြစ်ဖို့ မီးကင်တဲ့ မီးဖိုနှစ်ခုက ကွာခြားမှုရှိပါတယ်။ အပူပေးမှုနှုန်းမတူပါ ဘူး။ အသုံးပြုပုံချင်းလည်း မတူပါဘူး။ မုန့်ကြွပ်ရလာပြီဆိုရင် ရောင်းချဖို့ အတွက် လုပ်သားတွေက ထုပ်ပိုးမှုတွေ လုပ်ဆောင်ရပါတယ်။ ပြီးရင် မုန့်ထည့်တဲ့ ကတ်ပုံတွေထဲကိုထည့်ပြီး သက်ဆိုင်ရာ ဈေးကွက်တွေကို ပို့ဆောင်ပေးရပါတယ်။
မေး။ ။ မုန့်တိုက်မှ တစ်နေ့ထုတ်လုပ်ဖြန့်ဖြူးရောင်းချမှု အခြေအနေနဲ့ အဓိကဘယ်လို နေရာတွေကို တင်ပို့
ရောင်းချနေသလဲဆိုတာ သိပါရစေ။
ဖြေ။ ။ တစ်နေ့ထုတ်လုပ်ဖြန့်ဖြူးရောင်းချမှုအနေနဲ့ မုန့်ကြွပ် ထုပ်ရေ ၁၀၀၀ မှ ၁၅၀၀ ကြားကို ဖြန့်ဖြူးရောင်းချပေး
လျက်ရှိပြီး အဓိကတော့ ပျော်ဘွယ်မြို့ရဲ့ အမှတ်တရလက်ဆောင် မုန့်တစ်ခုအနေနဲ့ ထုတ်လုပ်ရောင်းချပေးတာပါ။ ဒေသခံမြို့သူ မြို့သားတွေ ခရီးသွားတဲ့အခါ မိမိဒေသရဲ့ လက်ဆောင်မုန့်တစ်ခု အဖြစ် ဝယ်ယူသွားကြတယ်။ နောက်ပြီး မြို့ကိုရောက်ရှိလာကြတဲ့ ခရီးသွားပြည်သူတွေလည်း လက်ဆောင်မုန့်အနေနဲ့ လာရောက်ဝယ်ယူ ကြတယ်။ ပျော်ဘွယ်မြို့အပြင် သီးခြားနေရာတွေဖြစ်တဲ့ အောင်ပန်း၊ ကလော၊ တောင်ကြီး ၊ ရွှေညောင်၊ ရမည်းသင်း၊ တပ်ကုန်း၊ ပျဉ်းမနား၊ တောင်ငူ၊ ဖြူး၊ ပဲခူး၊ ရန်ကုန်မြို့တွေမှာပါ မုန့်ဆိုင်အရောက် ဖြန့်ဖြူး ရောင်းချပေးလျက် ရှိပါတယ်။
မေး။ ။ မုန့်ကြွပ်လုပ်ငန်းလည်ပတ်မှုအတွက် ဝန်ထမ်းဦးရေ ဘယ်လောက်ရှိပါလဲ။
ဖြေ။ ။ မုန့်ကြွပ်လုပ်ငန်းမှာတော့ ဝန်ထမ်းဦးရေ အမျိုးသား အမျိုးသမီး စုစုပေါင်း ၄၀ ရှိပါတယ်။
မေး။ ။ ကိုယ်ပိုင်လုပ်ငန်းလေးကနေစတင်ပြီး MSME လုပ်ငန်းအထိ ဖြစ်အောင် အသေးစား စက်မှုလက်မှုလုပ်ငန်းအဖြစ် မှတ်ပုံတင်ထားရှိမှုကိုလည်း သိပါရစေ။
ဖြေ။ ။ ပုဂ္ဂလိကစက်မှုလုပ်ငန်းမှတ်ပုံတင်အမှတ် မတလ/လတ်/ ၂၂၈၁ ဖြစ်ပါတယ်။
ပျော်ဘွယ်မြို့နယ်ရှိ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေး (MSME) လုပ်ငန်းများအနက် မုန့်ကြွပ်လုပ်ငန်းသည် မိသားစုဝင်ငွေ တိုးပွားရေး၊ အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးနိုင်ရေးနှင့် နိုင်ငံတော် စီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက် အကူဖြစ်သည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရ ပါသည်။ ။