
(မျိုးသူ၊ ကုန်သွယ်မြှင့်)
မြန်မာနိုင်ငံတွင် အမျိုးသားပို့ကုန်မဟာဗျူဟာတစ်ရပ်ကို ၂၀၁၂ ခုနှစ်တွင် ရေးဆွဲပြီး ပထမအကြိမ် ငါးနှစ် မဟာဗျူဟာကို ၂၀၁၅ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ အကောင်အထည်ဖော်ခဲ့ပါသည်။ အဆိုပါ မဟာဗျူဟာတွင် ဦးစားပေးကဏ္ဍများအဖြစ် ကဏ္ဍ ၁၁ ခုကို ရေးဆွဲအကောင်အထည်ဖော်ခဲ့ပါသည်။ ယခုနောက်ပိုင်းတွင် ဒုတိယမြောက်မဟာဗျူဟာ ငါးနှစ်အစီအစဉ်ကို အကောင်အထည်ဖော်ရန် စတင်ဆောင်ရွက်လျက်ရှိသည်ကို ဝမ်းမြောက်ဖွယ် သိရှိရပါသည်။ မြန်မာနိုင်ငံတွင် အမျိုးသားပို့ကုန်မဟာဗျူဟာ (National Export Strategy-NES) ကို ကဏ္ဍကြီးများ ခွဲခြားပြီး အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
အမျိုးသားပို့ကုန် မဟာဗျူဟာ
အမျိုးသားပို့ကုန်မဟာဗျူဟာကို လက်ရှိ ဒုတိယအကြိမ်အဖြစ် အကောင်အထည်ဖော်ထုတ် ခဲ့ရာတွင် အောက်ပါအတိုင်း ကဏ္ဍကြီးများ ခွဲခြား ၍ ဆောင်ရွက်လျက်ရှိပါသည်-
- ဆန်စပါးနှင့် ဆန်ထွက်ပစ္စည်းကဏ္ဍ
- ပဲမျိုးစုံနှင့် ဆီထွက်သီးနှံကဏ္ဍ
- ရော်ဘာလုပ်ငန်းကဏ္ဍ
- အထည်အလိပ်နှင့် အဝတ်အထည်ကဏ္ဍ
- ရေထွက်ကုန်ပစ္စည်းလုပ်ငန်းကဏ္ဍ
- စက်မှုနှင့် လျှပ်စစ်ပစ္စည်းကဏ္ဍ
- သစ်တောထွက်ပစ္စည်းကဏ္ဍ
- စားသောက်ကုန်ပြုပြင်ထုတ်လုပ်ခြင်းကဏ္ဍ
- သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်ကဏ္ဍ
- ကျောက်မျက်နှင့် လက်ဝတ်ရတနာကဏ္ဍ
- လက်မှုအနုပညာပစ္စည်းကဏ္ဍ
- ခရီးသွားလုပ်ငန်းကဏ္ဍ
- ဒစ်ဂျစ်တယ်ထုတ်ကုန်များနှင့်
ဝန်ဆောင်မှုကဏ္ဍ
- အရည်အသွေးစီမံခန့်ခွဲမှုကဏ္ဍ
- ထောက်ပံ့ပို့ဆောင်ရေးဝန်ဆောင်မှုကဏ္ဍ
- ကုန်သွယ်မှုသတင်းအချက်အလက်
ဝန်ဆောင်မှုကဏ္ဍ
- တီထွင်ဆန်းသစ်မှုနှင့် စွန့်ဦးတီထွင်
ဆောင်ရွက်ခြင်းကဏ္ဍ
လုပ်ငန်းတာဝန်များ
အဆိုပါ ကဏ္ဍကြီး ၁၈ ခုကို ယခု ငါးနှစ် အမျိုးသားပို့ကုန်မဟာဗျူဟာတွင် ဦးစားပေးကဏ္ဍ များအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ကဏ္ဍ အလိုက် ကြုံတွေ့နေရသော ဈေးကွက်ဆိုင်ရာ အဓိကအခက်အခဲများနှင့် စိန်ခေါ်မှုများကို ဖြေရှင်း နိုင်မည့် နည်းလမ်းများအား ပူးပေါင်းဖန်တီး ဆောင်ရွက်ရန်ကိုလည်းကောင်း၊ ကဏ္ဍအလိုက် ပို့ကုန်မြှင့်တင်နိုင်ရေး ယှဉ်ပြိုင်နိုင်မှုစွမ်းအား ကောင်းမွန်လာစေရန်အတွက် လည်းကောင်း၊ မူဝါဒများ ချမှတ်နိုင်ရေး ဆက်လက်ဆောင်ရွက် သွား နိုင်ရန်အတွက်လည်းကောင်း၊ အစိုးရကဏ္ဍနှင့် ပုဂ္ဂလိက ကဏ္ဍများ ပူးပေါင်း၍ နိုင်ငံ၏ စီးပွား ရေးကဏ္ဍအားလုံး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်သွားရန်အတွက် လည်းကောင်း၊ ရည်ရွယ်၍ အမျိုးသားပို့ကုန် မဟာဗျူဟာတွင် အသီးသီးတာဝန်ယူဆောင်ရွက် ကြမည် ဖြစ်ပါသည်။
ပဲမျိုးစုံနှင့် ဆီထွက်သီးနှံကဏ္ဍ
အထက်တွင်ဖော်ပြထားသော ဦးစားပေးကဏ္ဍ ကြီး ၁၈ ခုတွင် ပဲမျိုးစုံနှင့် ဆီထွက်သီးနှံကဏ္ဍသည် ဆန်စပါးနှင့်ဆန်ထွက်ပစ္စည်းကဏ္ဍပြီးလျှင် ဒုတိယ နေရာမှ ပါဝင်နေသည်ကို တွေ့နိုင်ပါသည်။ အမျိုးသားပို့ကုန် မဟာဗျူဟာတွင် အပိုင်းသုံးပိုင်းကို အခြေခံပြီး ဦးစားပေးကဏ္ဍကြီးတိုင်းကို ရေးဆွဲ ထားခြင်းဖြစ်ပါသည်။ အဆိုပါ အပိုင်းသုံးပိုင်းမှာ ကုန်ထုတ်လုပ်မှုအပိုင်း၊ ဈေးကွက်ဖော်ဆောင် ရေးနှင့် ဈေးကွက်ထိုးဖောက်ရေးအပိုင်းနှင့် ထို အပိုင်းနှစ်ပိုင်းကို ချိတ်ဆက်ပေးထားသည့် စီးပွား ရေးဝန်းကျင်ကောင်းများ ပေါ်ပေါက်ရေးအပိုင်း တို့ဖြစ်ကြပါသည်။ ယခု ပဲမျိုးစုံနှင့် ဆီထွက်သီးနှံ ကဏ္ဍအတွက် ပို့ကုန်မဟာဗျူဟာတွင်လည်း အပိုင်း (၁) တွင် သီးနှံကဏ္ဍ ထုတ်လုပ်မှုနှင့်ကုန်ထုတ်လုပ် နိုင်စွမ်းကို တိုးမြှင့်သွားရန် ဦးတည်ဆောင်ရွက်မည် ဖြစ်ပါသည်။ အပိုင်း(၂)တွင် ထုတ်ကုန်အမျိုးအစား စုံလင်စွာ ထုတ်လုပ်ခြင်းနှင့် တန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်ခြင်းကို ကူညီပံ့ပိုးပေးနိုင်သည့် လုပ်သာ ကိုင်သာရှိသော စီးပွားရေး ပတ်ဝန်းကျင်ကောင်း တစ်ရပ်ကို ဖော်ဆောင်ရန် ဦးတည်ဆောင်ရွက် သွားမည်ဖြစ်ပါသည်။ အပိုင်း(၃)တွင် ပဲမျိုးစုံနှင့် ဆီထွက်သီးနှံကဏ္ဍ၏ ပို့ကုန်များ စဉ်ဆက်မပြတ် တိုးတက်တင်ပို့နိုင်ရန်နှင့် တစ်ကမ္ဘာလုံးသို့ ရောက်ရှိ တင်ပို့နိုင်ရန် ဦးတည်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
ထုတ်လုပ်မှုနှင့် ကုန်ထုတ်လုပ်နိုင်သော
စွမ်းရည်တိုးမြှင့်ရေး
မဟာဗျူဟာတစ်ရပ်ကို ချမှတ်ရာတွင် လုပ်ငန်း ဆောင်ရွက်မည့် ရည်မှန်းချက်များ ချမှတ် ဆောင်ရွက်သွားရန် လိုအပ်သဖြင့် ပဲမျိုးစုံနှင့် ဆီထွက်သီးနှံကဏ္ဍ၏ ထုတ်လုပ်မှုနှင့် ထုတ်လုပ်နိုင် စွမ်းတိုးမြှင့်နိုင်ရန်အတွက် ရိတ်သိမ်းချိန်လွန်နှင့် စက်မှုလယ်ယာအပါအဝင် လယ်ယာစိုက်ပျိုးရေး နည်းပညာများအား လက်ခံကျင့်သုံးမှု အားပေးရန် ရည်မှန်းချက် ချမှတ်ထားပါသည်။ အမှန်မှာ စိုက်ပျိုး ထုတ်လုပ်မှုနှင့် ရိတ်သိမ်းချိန်လွန်အပိုင်းတို့တွင် လယ်ယာကဏ္ဍဆိုင်ရာ စက်မှုအပိုင်းကို အောင်မြင် အောင် ဆောင်ရွက်နိုင်မှသာ ကုန်ထုတ်လုပ်မှုနှင့် ထုတ်လုပ်မှုစွမ်းရည်တိုးမြင့်လာမည် ဖြစ်ပါသည်။ Production and Productivity တို့ တိုးတက်လာမှ သာ တစ်ဧက အထွက်နှုန်းများနှင့် အထွက်စုစုပေါင်း များ တိုးတက်လာမည်ဖြစ်ပါသည်။ အရည်အသွေး ပိုင်းတွင်လည်း လိုအပ်သော အရည်အသွေးများကို ထုတ်လုပ်နိုင်စွမ်း တိုးတက်လာမည်ဖြစ်ပါသည်။ ထို့ကြောင့် အမျိုးသားပို့ကုန် မဟာဗျူဟာ၏ အခြေခံကိုကြည့်လျှင် ပို့ကုန်တိုးတက်ခြင်းဖြင့် နိုင်ငံခြားငွေ ဝင်ငွေတိုးတက်လာပြီး နိုင်ငံဖွံ့ဖြိုး လာရန် ရည်ရွယ်ခြင်းဖြစ်သည်။ ထိုသို့ ပို့ကုန်ပမာဏ တိုးတက်လာစေရန်မှာ ပို့ကုန်ဖြစ်လာမည့် စိုက်ပျိုး ထုတ်လုပ်မှုအပိုင်းနှင့် ကုန်ချောထုတ်လုပ်မှုအပိုင်း တို့တွင် ထုတ်လုပ်မှုနှင့် ကုန်ထုတ်လုပ်နိုင်စွမ်းရည် မြင့်မားရန်မှာ အခြေခံလိုအပ်ချက်ပင် ဖြစ်ပါသည်။ ထို့ကြောင့် ဤအချက်ကို ပဲမျိုးစုံနှင့် ဆီထွက်သီးနှံ ကဏ္ဍမှ ပို့ကုန်တိုးမြှင့်စေရန် ချမှတ်သည့် မဟာ ဗျူဟာ၏ အပိုင်း(၁)၊ အဆင့်(၁)တွင် ပထမဆုံးသော ရည်ရွယ်ချက်အဖြစ် ချမှတ်ဆောင်ရွက်သွားရန် ရည်ရွယ်ခြင်းဖြစ်ပါသည်။
ဒုတိယအဆင့်အနေဖြင့် သီးနှံများ၏ တန်ဖိုးမြှင့် ကွင်းဆက်တွင် ပါဝင်ပတ်သက်သည့် အကျိုးတူ ပူးပေါင်းဆောင်ရွက်သူများ အားလုံး၏ နည်းပညာ ဆိုင်ရာ အသိပညာပိုင်းကို မြှင့်တင်ရန် ရည်ရွယ် ထားပါသည်။ ဤအပိုင်းတွင် လူသားအရင်းအမြစ်၏ အသိပညာပိုင်း၊ နည်းပညာပိုင်းကို မြှင့်တင်သွားရန် ရည်ရွယ်ထားခြင်းဖြစ်ပါသည်။ မည်သည့်ကဏ္ဍတွင် မဆို အခြေခံအကျဆုံးမှာ လူသားပင်ဖြစ်ပြီး လူသား အရင်းအမြစ်၏ နည်းပညာပိုင်းနှင့် အသိပညာ ပိုင်းတွင် တိုးတက်လာမှသာလျှင် တစ်ဦးချင်း၏ ကုန်ထုတ်လုပ်နိုင်စွမ်းရည်သည် တိုးတက်လာမည် ဖြစ်ပါသည်။ သီးနှံစိုက်ပျိုးထုတ်လုပ်မှုနှင့် ကုန်ချော ထုတ်လုပ်မှုအပိုင်းများတွင် နည်းပညာသည် များစွာ အရေးကြီးပါသည်။ စိုက်ပျိုးရေးတွင် သမားရိုးကျ ရိုးရာနည်းလမ်းများမှ ကျော်လွန်၍ Good Agricultural Practice-GAP နည်းစနစ်များဖြင့် စိုက်ပျိုးရေး၊ ရိတ်သိမ်းရာတွင်လည်း နည်းပညာ မြင့်မားသော စက်ကိရိယာများဖြင့် ရိတ်သိမ်း ခြွေလှေ့နိုင်ရန်အတွက် စက်များကို ကျွမ်းကျင်စွာ ကိုင်တွယ်မောင်းနှင်နိုင်သည့် ကျွမ်းကျင်သူများ အများအပြား ပေါ်ပေါက်လာစေရေး၊ ကုန်ချော ထုတ်လုပ်ရာတွင်လည်း စက်ရုံများတွင် Good Manufacturing Practice-GMP နည်းစနစ်များဖြင့် စက်လည်ပတ်ထုတ်လုပ်နိုင်ရေး၊ စားသောက်ကုန် များ ထုတ်လုပ်ရာတွင် Hazard Analysis and Critical Control Point-HACCP နည်းစနစ်များဖြင့် အစားအသောက်၏ ဘေးကင်း လုံခြုံရေးအပိုင်းကို မြှင့်တင်ရေးတို့ကို ရည်ရွယ်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
အပိုင်းသုံးတွင် ပိုးမွှားနှင့် ရောဂါဒဏ်ခံနိုင်ရည် ရှိပြီး အထွက်နှုန်းမြင့်သော သီးနှံအမျိုးအစားများ ရရှိနိုင်မှုကို ပိုမိုတိုးတက်ကောင်းမွန်လာစေရန် ဖြစ်ပါသည်။ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေးတွင် အခြေခံအားဖြင့် သွင်းအားစုအပိုင်းတွင် မျိုးနှင့် မြေဩဇာ၊ ပိုးသတ်ဆေးစသော အခြေခံများမှ မျိုးပိုင်းဆိုင်ရာတွင် အာမခံချက်တစ်ခုရရှိ တိုးတက် အောင် ဆောင်ရွက်သွားရန် ရည်ရွယ်ထားခြင်း ဖြစ်ပါသည်။
လုပ်သာကိုင်သာရှိသော စီးပွားရေးပတ်ဝန်းကျင်တစ်ရပ် ဖော်ဆောင်ရန်
ဒုတိယ မဟာဗျူဟာရည်မှန်းချက်အဖြစ် ပဲ မျိုးစုံနှင့် ဆီထွက်သီးနှံကဏ္ဍတွင် “ထုတ်ကုန်အမျိုး အစား စုံလင်စွာ ထုတ်လုပ်ခြင်းနှင့် တန်ဖိုးမြှင့် ထုတ်လုပ်ခြင်းကို ကူညီပံ့ပိုးနိုင်သော လုပ်သာ ကိုင်သာရှိသည့် စီးပွားရေးပတ်ဝန်းကျင်ကောင်း တစ်ရပ်ကို ဖော်ဆောင်ရန်” ဟု ချမှတ်ထားပါသည်။ အဆိုပါ ရည်မှန်းချက်ကို ဖော်ဆောင်ရန်အတွက် နည်းဗျူဟာအပိုင်းတွင် နိုင်ငံတကာကျင့်စဉ်များ နှင့်အညီ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံများအတွက် အရည်အသွေးမူဘောင်တစ်ရပ်ကို ချမှတ်ရန်နှင့်တန်ဖိုးမြှင့်ထုတ်ကုန်များ ပြုပြင်ထုတ်လုပ်ရေး လုပ်ငန်းများ၏ ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန် ဟူ၍ ရည်မှန်းချက် ချမှတ်ထားပါသည်။ ဤအပိုင်း တွင် Business Environment ဟူသော စီးပွားရေး ပတ်ဝန်းကျင်ဆိုသည့် ထုတ်လုပ်သည့် ကုန်စည်များ ဈေးကွက်အတွင်း ထိုးဖောက်ဝင်ရောက်ရာတွင် လွယ်ကူမြန်ဆန်ရေး၊ အထောက်အကူပြုရေးသည် အလွန်အရေးပါသဖြင့် အဆိုပါ စီးပွားရေးပတ်ဝန်း ကျင်ကောင်းကို ဖော်ဆောင်ရာတွင် ဗျူဟာကျသော မူဝါဒများပေါ် ပေါက်လာရေး၊ တန်ဖိုးထပ်တိုးမှုနှင့် ထုတ်ကုန် အမျိုးအစားစုံလင်မှုများ တိုးတက်လာရေး၊ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူများ တိုးတက် လာစေရေးအတွက် လှုံ့ဆော်ရေး စသောအချက် များကို လုပ်ငန်းစီမံချက်များ ချမှတ်၍ အကောင် အထည်ဖော်သွားမည်ဖြစ်ပါသည်။
ပို့ကုန်များ စဉ်ဆက်မပြတ် တိုးတက်တင်ပို့ရန်နှင့် ကမ္ဘာအနှံ့ ရောက်ရှိတင်ပို့နိုင်ရန်
ပဲမျိုးစုံနှင့်ဆီထွက်သီးနှံကဏ္ဍ မဟာဗျူဟာ ရည်မှန်းချက်အပိုင်းသုံးအဖြစ် “ပို့ကုန်များ စဉ်ဆက် မပြတ် တိုးတက်တင်ပို့နိုင်ရန်နှင့် ကမ္ဘာအနှံ့ရောက်ရှိ တင်ပို့နိုင်ရန်” ဟူသော ရည်မှန်းချက်ကို အကောင် အထည်ဖော်သွားမည်ဖြစ်ပါသည်။ နည်းဗျူဟာပိုင်း အနေဖြင့် စနစ်တကျ စီစဉ်ဖွဲ့စည်းထားသော ပြည်ပပို့ကုန် ဖွံ့ဖြိုးတိုးတက်ရေးနှင့် မြှင့်တင်နိုင်ရေး အားထုတ်မှုများကို သေချာစွာ လုပ်ဆောင်ရေး၊ ဈေးကွက်ရောင်းဝယ်ဖောက်ကားမှုဆိုင်ရာ သတင်း အချက်အလက်စီမံခန့်ခွဲမှုကို တိုးတက်ကောင်းမွန် စေရေးနှင့် အသင်းအဖွဲ့၏ စွမ်းဆောင်ရည်ကို ခိုင်မာ အားကောင်းစေရန်နှင့် ၎င်း၏ လုပ်ဆောင်မှု အတိုင်းအတာနယ်ပယ်ကို တိုးချဲ့ရေးဆိုသည့် နည်းဗျူဟာများ ချမှတ်အကောင်အထည်ဖော်သွား မည်ဖြစ်ပါသည်။
အထွေထွေ
ပဲမျိုးစုံနှင့် ဆီထွက်သီးနှံများကို ပို့ကုန်အဖြစ် တိုးတက်တင်ပို့နိုင်ရန်မှာမြန်မာနိုင်ငံအတွက် အထူး လိုအပ်သော ကိစ္စတစ်ရပ်ဖြစ်ပါသည်။ ပဲမျိုးစုံကို နှစ်စဉ် အမေရိကန်ဒေါ်လာ တစ်ဘီလီယံကျော် တင်ပို့လျက်ရှိပြီး ဆီထွက်သီးနှံများဖြစ်သော နှမ်း၊ မြေပဲ စသောဆီထွက်သီးနှံများကိုလည်း ပြည်ပ သို့တင်ပို့လျက်ရှိပါသည်။ ထိုသို့သော သီးနှံများသည် ပုပ်သိုးပျက်စီးရန် လွယ်ကူခြင်းမရှိဘဲ ရေရှည် သိုလှောင်နိုင်သော သီးနှံများဖြစ်သဖြင့် နိုင်ငံ အသီးသီးအတွက် ရိက္ခာအဖြစ် ထားရှိနိုင်ပါသည်။ ကိုဗစ် - ၁၉ ကပ်ရောဂါကဲ့သို့ ရောဂါများ ဖြစ်ပွား သည့် အတွေ့အကြုံအရ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ကူးလူးသွားလာမှု၊ ကုန်သွယ်မှုတို့ကို ဆင်ခြင်နေရ သည့် ကာလမျိုးတွင် လွန်စွာအရေးပါသည်ကို တွေ့ရှိလာရပါသည်။ ထို့ကြောင့် ပုပ်သိုးပျက်စီး လွယ်ကူခြင်းမရှိ သီးနှံများကို ပိုမိုထုတ်လုပ်ရေး၊ ပိုမိုတင်ပို့နိုင်ရေးသည်များစွာ အရေးပါပြီး ပို့ကုန် တိုးမြှင့်ရေးအတွက် အလိုက်သင့်ကောင်းစွာ ဆောင်ရွက်နိုင်ရန် လိုအပ်ပါသည်။ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံများအား ကုန်ကြမ်းနှင့် ကုန်ချော များအဖြစ် တိုးတက်ထုတ်လုပ်တင်ပို့ရန်အတွက် ယခုဖော်ပြသော မဟာဗျူဟာသည် အလွန်အရေး ကြီးသောနေရာတွင် ရှိနေပြီး အောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဆိုပါ က နိုင်ငံဖွံ့ဖြိုးတိုးတက် ရေးအတွက် များစွာ အကျိုးရှိမည်ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည် ခင်ဗျား။ ။
- Log in to post comments