
ပဲခူး ဖေဖော်ဝါရီ ၂၆
ပဲခူးတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး နှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၅/၂၀၂၂)ကို ဖေဖော်ဝါရီ ၂၅ ရက်က တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ Online Zoom Meeting System ဖြင့် ကျင်းပသည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မိမိတို့တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုသည် ၃ ရာခိုင်နှုန်း အောက် ရှိနေသေးသော်လည်း ယခုရောဂါပိုးတွေ့ရှိသူ အများစုသည် မည်သည့်ရောဂါလက္ခဏာများမပြဘဲ တွေ့ရှိနေရသဖြင့် တစ်ဦးတစ်ယောက်ချင်းစီတိုင်း ကျန်းမာရေးအသိဖြင့် နေထိုင်သွားလာရမည် ဖြစ်ကြောင်း၊ ရုံးဝန်ထမ်းများအနေဖြင့်လည်း ဌာန အတွင်း ရောဂါပိုးကူးစက်မှုမခံရစေရေး စုဝေးနေထိုင် စားသောက်ခြင်းများ ရှောင်ကြဉ်ရမည်ဖြစ်ကြောင်း၊ အခြေခံပညာကျောင်းများ စာမေးပွဲဖြေဆိုတော့မည် ဖြစ်၍ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူ များအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန် ထားသည့် ကိုဗစ်-၁၉ စည်းကမ်းချက်နှင့်အညီ အထူး ဂရုပြုပညာသင်ကြားနိုင်ရေး ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ကြောင်း ပြောကြားပြီး တက်ရောက် လာကြသူများက ကိုဗစ်-၁၉ ရောဂါတွေ့ရှိမှုနှင့် ကြိုတင် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေ အနေများကို ဆွေးနွေးတင်ပြသည်။
တင်စိုး(ပဲခူး)