ပဲခူးမြို့နယ်အတွင်းရှိ စျေးများ၌ ကိုဗစ်-၁၉ အပိုဆောင်းကာကွယ်ဆေး လိုက်လံထိုးနှံပေး

ပဲခူး   ဧပြီ   ၂၉
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ညွှန်ကြားမှုဖြင့် ပဲခူးမြို့နယ်အတွင်းရှိ ဈေးများ၌ ကိုဗစ်-၁၉ အပိုဆောင်းကာကွယ်ဆေး (Booster Dose)ကို လိုက်လံထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ဈေးများ၌  ကိုဗစ်-၁၉ အပိုဆောင်းကာကွယ်ဆေး  ထိုးနှံပေး ခြင်းကို  ဧပြီ ၂၄ ရက်မှ   စတင်ဆောင်ရွက်ခြင်းဖြစ်ပြီး  ကာကွယ်ဆေး ထိုးနှံပေးသည့်ဈေးနှင့် နီးစပ်သည့်ရပ်ကွက်များမှ ပြည်သူများအနေ ဖြင့် မည်သူမဆို အခမဲ့လာရောက် ထိုးနှံနိုင်ကြောင်း သိရသည်။
ပဲခူးမြို့အတွင်း ကိုဗစ်-၁၉  ကာကွယ်ဆေးထိုးပေးခြင်းကို မူလ သတ်မှတ်ထားသည့် ဆေးထိုးစုရပ်နေရာများတွင်လည်း ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း၊  ဈေးရောင်းချသူများအနေဖြင့်  ကိုဗစ်-၁၉ ကာကွယ်ဆေးကို      အဆင်ပြေလွယ်ကူစွာ     ထိုးနှံနိုင်ရန်      ပဲခူး တိုင်းဒေသကြီးအစိုးရအဖွဲ့၏    ညွန်ကြားမှုဖြင့်    မြို့နယ်အတွင်းရှိ ဈေး ၁၁   ဈေး၌  သတ်မှတ်ရက်များအတွင်း ယခုကဲ့သို့    အပိုဆောင်း ကာကွယ်ဆေးလိုက်လံထိုးနှံပေးခြင်းဖြစ်ကြောင်း သိရသည်။
“ကျွန်မက ဖက်တန်းဈေးမှာ ဈေးရောင်းပါတယ်။ ကာကွယ်ဆေး လည်း ထိုးထားတာ အကြိမ်ပြည့်ပါပြီ၊ ထပ်ထိုးလို့ရတယ်ဆိုတာလည်း မသိဘူး၊ ဆေးထိုးတဲ့နေရာသွားထိုးဖို့က   နည်းနည်းလှမ်းတာလည်း ပါတယ်၊ ဈေးသည်ဆိုတော့ မေ့နေတာ မအားတာလည်း ပါတာပေါ့၊ အခု ကိုယ့်ဈေးမှာလာထိုးပေးတော့ အဆင်ပြေတယ်၊ ကာကွယ်ဆေး ထိုးထားတာက ခြောက်လပြည့်ရင်/  ခြောက်လကျော်ရင်  ထပ်ထိုးလို့ ရတယ်ပြောတယ်” ဟု  ဖက်တန်းဈေးမှ ကာကွယ်ဆေး လာရောက် ထိုးနှံသည့် ဈေးသည်တစ်ဦးက ပြောသည်။
ဈေးများတွင်  ကိုဗစ်-၁၉ အပိုဆောင်းကာကွယ်ဆေး  ထိုးနှံရာ သို့ လာရောက်ဆေးထိုးသူများသည်       မိမိတို့ဆေးထိုးနှံပြီးသည့် ကာကွယ်ဆေးထိုးကတ်ပြားများ      ယူဆောင်လာရန်လိုကြောင်း၊ တစ်ကြိမ်တစ်ခါမှ ဆေးမထိုးရသေးသူများလည်း လာရောက်ဆေးထိုး နိုင်ကြောင်းနှင့်  ဆေးထိုးရာတွင် ငွေကြေးတစ်စုံတစ်ရာမှ    ပေးရန် မလိုကြောင်း    ကာကွယ်ဆေးထိုးပေးနေသည့်အဖွဲ့မှ   တာဝန်ရှိသူ တစ်ဦးကပြောသည်။
ကာကွယ်ဆေးထိုးနှံရာတွင် ပဲခူးမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံပေးကာ   မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက ကွန်ပျူတာဖြင့် စာရင်းသွင်း မှတ်တမ်းတင်ခြင်း၊ သက်ဆိုင်ရာဈေးများမှ   စည်ပင်သာယာရေး ဝန်ထမ်းများက  ဈေးသူဈေးသားများအား လိုက်လံအသိပေးခေါ်ယူခြင်း စသဖြင့် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မောင်ယဉ်ဦး