ပဲခူး-မော်လမြိုင် ရထားလမ်းပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရထားလမ်းရေကျော်သဖြင့် ရထားခရီးစဉ်များ ခေတ္တရပ်နားထားရ

 

နေပြည်တော်   ဩဂုတ်   ၉


မွန်ပြည်နယ်အတွင်း  ယနေ့နံနက်ပိုင်းမှစတင်၍ မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေများ အရှိန်အဟုန်ဖြင့်  စီးဆင်းလာသောကြောင့် ဘီးလင်းမြို့နယ်  ဒုံဝန်းဘူတာနှင့် နှင်းပုလဲဘူတာအကြား ပေ ၁၅၀၀ ခန့် ရှည်လျားသော ရထားလမ်းနေရာတွင် သံလမ်းအထက်   နှစ်လက်မခန့် ရေကျော်မှုဖြစ်ပွားနေသဖြင့် လူစီးရထားများ ဖြတ်သန်းရာတွင် ဘေးအန္တရာယ်မဖြစ်ပေါ်စေရေးအတွက် ရန်ကုန်-မော်လမြိုင် လူစီးရထားခရီးစဉ်  လေးခုကို ရပ်တန့်ထားရသည်။  


အဆိုပါ ဖြစ်စဉ်ကြောင့် ရန်ကုန်မှ ထွက်ခွာ လာသော  အမှတ်(၈၁)အဆန်  လူစီးအမြန် ရထားနှင့် အမှတ်(၈၉)အဆန် RBE အမြန် ရထားတို့သည်     နှင်းပုလဲဘူတာ၌     လည်း ကောင်း၊    မော်လမြိုင်မှ   ထွက်ခွာလာသော အမှတ် (၈၂) အစုန်   လူစီးအမြန်ရထားသည် တောင်စွန်းဘူတာနှင့် အမှတ်(၉၀)အစုန် RBE အမြန်ရထားသည် ဒုံဝန်းဘူတာတို့တွင် လည်း ကောင်း ယာယီရပ်တန့်၍ ရေပြန်လည်ကျဆင်း သည့်အချိန်ကို စောင့်ဆိုင်းလျက်ရှိသည်။


ယနေ့  ညနေပိုင်းတွင်  ရေများပြန်လည် ကျဆင်းလျက်ရှိသော်လည်း အဆိုပါနယ်မြေ အတွင်း    တံတားလေးခုတွင်   ရေစီးဆင်းမှု ပြင်းထန်လျက်ရှိသောကြောင့် မြန်မာ့မီးရထား မှ  တာဝန်ရှိသူများအနေဖြင့်   ရထားလမ်း တစ်လျှောက်   ရေတိုက်စားမှုများနှင့်  တံတား များ ကြံ့ခိုင်ရေးကို ထိခိုက်မှု ရှိ/မရှိ စစ်ဆေး ဆောင်ရွက်လျက်ရှိပြီး    ပျက်စီးမှုများရှိပါက အချိန်နှင့်တစ်ပြေးညီ   ပြင်ဆင်နိုင်ရေး   စီစဉ် ဆောင်ရွက်လျက်ရှိကြောင်းနှင့် လုံခြုံစိတ်ချရမှု အခြေအနေပေါ် မူတည်၍  မူလခရီးစဉ်အတိုင်း    ဆက်လက်ပြေးဆွဲနိုင်ရေး   စီစဉ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။    

သတင်းစဉ်