ပျားမွေးမြူရေး၏ ပစ္စုပ္ပန်နှင့် အနာဂတ်

Type
ပျားမွေး

 

ဒေါက်တာခင်စန္ဒာလွင် (မွေးကု)

ပျားမွေးမြူရေးလုပ်ငန်းသည် လူသားတို့၏ စားရေရိက္ခာဖူလုံရေး၊ အာဟာရဖူလုံရေးနှင့် စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသောမွေးမြူရေးလုပ်ငန်းတစ်ရပ်ဖြစ်သည်။ ပျားများသည် ပျားရည်၊ ပျားဖယောင်း၊ တော်ဝင်ဂျယ်လီ (Royal Jelly)၊ ပရိုပိုလစ် (Propolis)၊ ဝတ်မှုန် (Bee Pollen)နှင့် ပျားအဆိပ် (Bee Venom) ကဲ့သို့သော တန်ဖိုးမြင့်ထုတ်ကုန်များကို ထုတ်လုပ်ပေးနိုင်သည့်အပြင် စိုက်ပျိုးသီးနှံများအတွက် ဝတ်မှုန်ကူးပေးခြင်းအားဖြင့် သီးနှံအထွက်နှုန်းနှင့် အရည်အသွေးကိုတိုးတက်စေသော အရေးကြီးဝတ်မှုန်ကူးပေးသည့် အင်းဆက်များဖြစ်ကြသည်။

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးအခြေပြုနိုင်ငံဖြစ်ပြီး ပန်းပွင့်သီးနှံများပေါများခြင်း၊ သဘာဝပတ်ဝန်းကျင်ကောင်းမွန်ခြင်းနှင့် ရာသီဥတုသင့်လျော်ခြင်းတို့ကြောင့် ပျားမွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတတ်နိုင်သည့် အလားအလာကောင်းများစွာရှိနေပါသည်။ သို့သော် ခေတ်မီနည်းပညာအသုံးပြုမှုနည်းပါးခြင်း၊ ပိုးသတ်ဆေးအန္တရာယ်များ၊ ရောဂါနှင့် ကပ်ပါးပိုးကျရောက်မှုများကြောင့် လုပ်ငန်းဖွံ့ဖြိုးရေးတွင် စိန်ခေါ်မှုများလည်း ရှိနေဆဲဖြစ်သည်။

ပျားမွေးမြူရေးကဏ္ဍ၏ အရေးပါပုံ

၁။ စားရေရိက္ခာဖူလုံရေးနှင့် စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါမှုသစ်သီးပင်များ၊ ဟင်းသီးဟင်းရွက်များ၊ ဆီထွက်သီးနှံများ၊ ပဲမျိုးစုံနှင့် အစေ့ထုတ်သီးနှံများသည် ပျားများ၏ ဝတ်မှုန်ကူးပေးမှုကြောင့် အထွက်နှုန်းပိုမိုကောင်းမွန်လာကြသည်။

လေ့လာချက်များအရ ပျားအုံများအနီးတွင် စိုက်ပျိုးထားသောသီးနှံများသည် ပျားမရှိသောနေရာများထက် အသီးအရွယ်အစားပိုကြီးခြင်း၊ အရသာပိုကောင်းခြင်း၊ အစေ့ပြည့်ဝခြင်းနှင့် ပုံသဏ္ဌာန်ညီညာခြင်းတို့ကိုရရှိစေကြောင်း တွေ့ရှိရသည်။

၂။ စီးပွားရေးအကျိုးကျေးဇူးနှင့် ဝင်ငွေရရှိမှု

ပျားမွေးမြူရေးလုပ်ငန်းသည် အရင်းအနှီးနည်းနည်းဖြင့် စတင်လုပ်ကိုင်နိုင်ပြီး အမြတ်အစွန်းကောင်းမွန်သော လုပ်ငန်းတစ်ခုဖြစ်သည်။ ပျားရည်၊ ပျားဖယောင်း၊ ဝတ်မှုန်၊ တော်ဝင်ဂျယ်လီ၊ ပရိုပိုလစ်နှင့် ပျားအဆိပ်တို့ကဲ့သို့ တန်ဖိုးမြင့်ထုတ်ကုန်များကို ထုတ်လုပ်ရောင်းချနိုင်သည်။

  • ပျားရည်သည် အာဟာရဓာတ်ကြွယ်ဝပြီး ကျန်းမာရေးအတွက် အကျိုးပြုသဖြင့် ပြည်တွင်းပြည်ပ ဝယ်လိုအားမြင့်မားသည်။
  • ပျားဖယောင်းကို ဖယောင်းတိုင်၊ အလှကုန်၊ ဆေးဝါးနှင့် အနုပညာပစ္စည်းများတွင် အသုံးပြုကြသည်။
  • တော်ဝင်ဂျယ်လီနှင့် ဝတ်မှုန်တို့ကို ကျန်းမာရေးဖြည့်စွက်စာအဖြစ် အသုံးပြုကြပြီး ဈေးကောင်းရရှိနိုင်သည်။
  • ပျားအဆိပ်ကို ဆေးဝါးနှင့် ကုထုံးလုပ်ငန်းများတွင် အသုံးပြုလာကြသည်။

ထို့ပြင် ပျားအုံများကို စိုက်ခင်းများသို့ ငှားရမ်း၍ ဝတ်မှုန်ကူးဝန်ဆောင်မှု (Pollination Service) ပေးနိုင်သဖြင့် ပျားရည်မထွက်သော ရာသီများတွင်လည်း ဝင်ငွေရရှိနိုင်သည်။

၃။ သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ် ထိန်းသိမ်းရေး

ပျားများသည် သဘာဝဂေဟစနစ်တွင် အရေးကြီးသော ဝတ်မှုန်ကူးပေးသူများဖြစ်ကြသည်။ ပျားများ၏ ဝတ်မှုန်ကူးပေးမှုကြောင့် အပင်မျိုးစုံမျိုးပွားနိုင်ပြီး ဇီဝမျိုးစုံမျိုးကွဲများတည်တံ့စေရန် အထောက်အကူပြုသည်။

ပျားများကောင်းစွာရှင်သန်သော ဒေသများတွင် သဘာဝတောတောင်များနှင့် သတ္တဝါမျိုးစုံလည်း ပိုမိုတည်တံ့လေ့ရှိသည်။ ထို့အပြင် အော်ဂဲနစ်ပျားရည်ထုတ်လုပ်နိုင်ရန် ဓာတုပစ္စည်းအသုံးပြုမှုနည်းပါးသော ပတ်ဝန်းကျင်လိုအပ်သဖြင့် ပျားမွေးမြူရေးလုပ်ငန်းသည် ရေရှည်တည်တံ့သော စိုက်ပျိုးရေးစနစ်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကိုလည်း အထောက်အကူပြုသည်။

ပျားမွေးမြူရေးဖွံ့ဖြိုးတိုးတက်ရေးအစီအမံများ

၁။ ခေတ်မီပျားမွေးမြူနည်းစနစ်များ အသုံးပြုခြင်းရိုးရာပျားအုံများအစား ခေတ်မီ Movable-frame Hive များ အသုံးပြုခြင်းဖြင့် ပျားအုံစီမံခန့်ခွဲမှု ပိုမိုလွယ်ကူလာပြီး ပျားရည်ထုတ်လုပ်မှု တိုးတက်လာနိုင်သည်။

Honey Extractor ၊ Smoker ၊ Queen Excluderနှင့် Protective Equipment များ အသုံးပြုခြင်းဖြင့် လုပ်ငန်းထိရောက်မှုမြင့်မားလာစေသည်။ ထို့အပြင် Artificial Queen Rearing နည်းပညာဖြင့် အရည်အသွေးကောင်းမွန်သော ပျားဘုရင်မများမွေးမြူထုတ်လုပ်နိုင်ပြီး ပျားအုံအင်အားနှင့် ပျားရည်ထုတ်လုပ်မှုကို တိုးမြှင့်နိုင်သည်။

၂။ ပျားအုံစီမံခန့်ခွဲမှု ကောင်းမွန်စေရေး

ပျားအုံများကို ပုံမှန်စစ်ဆေး၍ ပျားဘုရင်မ၏ ကျန်းမာရေး၊ သားလောင်းဖွံ့ဖြိုးမှု၊ ပျားရည်သိုလှောင်မှုနှင့် ရောဂါကျရောက်မှုတို့ကို စောင့်ကြည့်စစ်ဆေးရမည်ဖြစ်သည်။

ရာသီအလိုက် အုံတိုးချဲ့ခြင်း၊ အစာဖြည့်စွက်ပေးခြင်း၊ သင်းခွဲခြင်းကို ထိန်းချုပ်ခြင်းနှင့် ဆောင်းရာသီအတွက် ပြင်ဆင်ခြင်းတို့ကို စနစ်တကျဆောင်ရွက်သင့်သည်။

ဝတ်ရည်နှင့် ဝတ်မှုန်ရင်းမြစ်များကိုလိုက်၍ ပျားအုံပြောင်းရွှေ့မွေးမြူခြင်း (Migratory Beekeeping) သည်လည်း ထုတ်လုပ်မှုတိုးတက်စေရန် အရေးပါသည်။

၃။ အရည်အသွေးပြည့်ဝသော ပျားဘုရင်မမွေးမြူခြင်းနှင့် မျိုးစပ်ခြင်း

ဥ ဥနှုန်းကောင်းခြင်း၊ ရောဂါဒဏ်ခံနိုင်ရည်ရှိခြင်း၊ သင်းခွဲမှုနည်းပါးခြင်းနှင့် အလုပ်လုပ်သန်စွမ်းခြင်း စသည့်အရည်အသွေးကောင်းများရှိသော ပျားဘုရင်မများကို ရွေးချယ်မွေးမြူခြင်းသည် အရေးကြီးသည်။

ဒေသခံပျားမျိုးများဖြစ်သော သစ်ခေါင်းပျားများသည် ဒေသရာသီဥတုနှင့် လိုက်လျောညီထွေရှိပြီး Varroa mite ကပ်ပါးကို ပိုမိုခံနိုင်ရည်ရှိသဖြင့် ထိန်းသိမ်းမွေးမြူသင့်သည်။

၄။ ပျားရောဂါနှင့် ကပ်ပါးပိုးများ ထိန်းချုပ်ခြင်း

ပျားမွေးမြူရေးတွင် Varroa mite၊ Wax moth၊ Nosema၊ American Foulbrood (AFB)နှင့် European Foulbrood (EFB) စသည့် ရောဂါများနှင့် ကပ်ပါးပိုးများသည် အဓိကစိန်ခေါ်မှုများဖြစ်သည်။ ထို့ကြောင့် -

  • ပျားအုံများကို သန့်ရှင်းစွာ ထိန်းသိမ်းခြင်း၊
  • ရောဂါကျရောက်သော အုံများကို ခွဲခြား စစ်ဆေးခြင်း၊
  • လိုအပ်သော ကုသမှုများ ပြုလုပ်ခြင်း၊
  • ကပ်ပါးပိုးထိန်းချုပ်ရေး နည်းစနစ်များ အသုံးပြုခြင်းတို့ကို စနစ်တကျ ဆောင်ရွက် ရန် လိုအပ်ပါသည်။

၅။ ပိုးသတ်ဆေးအန္တရာယ်မှ ကာကွယ်ခြင်း

ပိုးသတ်ဆေးများ အလွန်အကျွံအသုံးပြုခြင်းသည် ပျားများအတွက် အန္တရာယ်ကြီးမားစေသည်။ အထူးသဖြင့် ပန်းပွင့်ချိန်တွင် ဆေးဖျန်းခြင်းကြောင့် ပျားများအဆိပ်သင့်သေဆုံးမှုများဖြစ်ပေါ်နိုင် သည်။ ထို့ကြောင့်-

  • ပျားမွေးမြူသူများနှင့် တောင်သူများ ညှိနှိုင်းဆောင်ရွက်ခြင်း၊
  • ညဘက်တွင် ပိုးသတ်ဆေးဖျန်းခြင်း၊
  • ပျားအန္တရာယ်နည်းသော ဆေးများ အသုံး ပြုခြင်း၊
  • Organic Farming စနစ်များ အားပေးခြင်း တို့ကို ဆောင်ရွက်သင့်သည်။

၆။ ပျားစာ အရင်းအမြစ်များဖွံ့ဖြိုးစေခြင်း

ပျားများအတွက် ပန်းပွင့်သီးနှံများ၊ သစ်ပင်များနှင့် သဘာဝစားကျက်များ တိုးချဲ့စိုက်ပျိုးရန် လိုအပ်သည်။

ဝတ်ရည်ရှားပါးသော ရာသီများတွင် သကြားရည်၊ ပရိုတင်းဖြည့်စွက်စာနှင့် သန့်ရှင်းသောရေများ ဖြည့်စွက်ပေးခြင်းဖြင့် ပျားအုံအင်အားမကျဆင်းစေရန် ကာကွယ်နိုင်သည်။

၇။ သင်တန်းနှင့် နည်းပညာဖြန့်ဝေခြင်း

ပျားမွေးမြူသူများအား ခေတ်မီပျားမွေးမြူနည်းများ၊ ရောဂါကာကွယ်ထိန်းချုပ်ရေးနည်းများ၊ ပျားရည်ထုတ်ယူနည်းများနှင့် ဈေးကွက်ချိတ်ဆက်နည်းများကို စနစ်တကျသင်ကြားပေးရန် လိုအပ်သည်။

မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေ

လက်ရှိတွင် မြန်မာနိုင်ငံ၌ ပျားမွေးမြူရေးလုပ်ငန်းကို ကျေးလက်ဒေသများတွင် အများအားဖြင့် လုပ်ကိုင်လျက်ရှိပြီး အချို့ဒေသများတွင် ခေတ်မီနည်းစနစ်များ စတင်အသုံးပြုလာကြသော်လည်း ရိုးရာနည်းလမ်းများကို အဓိကထား အသုံးပြုနေဆဲဖြစ်သည်။

လက်ရှိအခွင့်အလမ်းများ

  • အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ (LIFT, Tag International Development) ၏ အကူအညီဖြင့် ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် အဆင့်မြင့်သင်တန်းများ ပို့ချပေးနိုင်ခြင်း၊
  • အစ္စရေး၊ MASAHV အဖွဲ့အစည်းများ၏ နည်းပညာအကူအညီဖြင့် သင်ကြားနိုင်ခြင်း၊
  • ပျားရည်နှင့် ပျားထွက်ပစ္စည်းများအပေါ် ပြည်တွင်းဝယ်လိုအား တဖြည်းဖြည်းတိုးတက်လာခြင်း၊
  • သဘာဝပတ်ဝန်းကျင်ကောင်းမွန်သောဒေသများတွင် Organic Honey ထုတ်လုပ်နိုင်ခြင်း၊
  • ဒေသခံ သစ်ခေါင်းပျားမျိုးများ ရှင်သန်နေ ဆဲဖြစ်ခြင်း။

လက်ရှိစိန်ခေါ်မှုများ

  • ခေတ်မီကိရိယာများ လက်လှမ်းမီမှုနည်းပါးခြင်း၊
  • Varroa mite ကပ်ပါးပိုးနှင့် ပျားရောဂါများကျရောက်ခြင်း၊
  • ပိုးသတ်ဆေးအသုံးပြုမှုများပြားခြင်း၊
  • ပျားစာ အရင်းအမြစ်များလျော့နည်းလာခြင်း၊
  • ဈေးကွက်နှင့် ထုပ်ပိုးမှုစနစ်အားနည်းခြင်း၊
  • သင်တန်းနှင့် နည်းပညာပံ့ပိုးမှုမလုံလောက်ခြင်း။

အနာဂတ်အလားအလာများ

ပျားမွေးမြူရေးလုပ်ငန်းသည် အနာဂတ်တွင် အလွန်ဖွံ့ဖြိုးတိုးတက်နိုင်သော ကဏ္ဍတစ်ရပ်ဖြစ်သည်။ ကမ္ဘာ့ဈေးကွက်တွင် အော်ဂဲနစ်ပျားရည် (Organic Honey) နှင့် သဘာဝထုတ်ကုန်များအပေါ် ဝယ်လိုအားတိုးတက်လာနေခြင်းကြောင့် မြန်မာနိုင်ငံအတွက် ပို့ကုန်လုပ်ငန်းတစ်ခုအဖြစ် ဖွံ့ဖြိုးလာနိုင်သည်။

ထို့အပြင် ပျားမွေးမြူရေးနှင့် စိုက်ပျိုးရေးကိုပေါင်းစပ်ဆောင်ရွက်ခြင်းဖြင့် သီးနှံအထွက်နှုန်းတိုးတက်လာနိုင်ပြီး ကျေးလက်ဒေသများ၏ လူမှုစီးပွားဘဝကို မြှင့်တင်ပေးနိုင်မည်ဖြစ်သည်။

အနာဂတ်တွင် -

          - အော်ဂဲနစ်ပျားရည်တင်ပို့မှု (Organic Honey Export) တိုးတက်လာခြင်း၊

- ဝတ်မှုန်ကူးဝန်ဆောင်မှုလုပ်ငန်း (Polli-nation Service Industry) ဖွံ့ဖြိုးလာခြင်း၊

- တန်ဖိုးမြှင့် ပျားထွက်ပစ္စည်းများ ထုတ်လုပ် လာနိုင်ခြင်း၊

- ဒေသခံပျားမျိုးများ ထိန်းသိမ်းမွေးမြူနိုင်ခြင်း၊

         - ခေတ်မီနည်းပညာနှင့် သုတေသနလုပ်ငန်းများ တိုးတက်လာခြင်းတို့ကြောင့် မြန်မာနိုင်ငံ၏ ပျားမွေးမြူရေးကဏ္ဍသည် နိုင်ငံတကာအဆင့်သို့ ရောက်ရှိလာနိုင်မည်ဖြစ်သည်။