
ရန်ကုန် ဇူလိုင် ၂၈
ONE Championship က စီစဉ်ကျင်းပသည့် Battleground အမည်ရ MMA ပြိုင်ပွဲကို ဇူလိုင် ၃၀ ရက်တွင် စင်ကာပူနိုင်ငံ၌ ကျင်းပမည် ဖြစ်ပြီး မြန်မာ MMA ကစားသမား အောင်လအန်ဆန်၏ မစ်ဒယ်ဝိတ်တန်းစိန်ခေါ်ပွဲ ပါဝင်လာမည်ဖြစ်သည်။
အောင်လအန်ဆန်သည် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆု ကို ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၃၀ ရက်က ထိုးသတ်သည့်ပွဲတွင် နယ်သာလန်နိုင်ငံသား ဒီရစ်ဒါကို အရေးနိမ့်ခဲ့ကာ ချန်ပီယံဆု လက်လွှတ်ရပြီးနောက်ပိုင်း ပထမ ဆုံး မစ်ဒယ်ဝိတ်တန်းပွဲ ပြန်လည် ထိုးသတ်ရခြင်း ဖြစ်သည်။ အောင်လအန်ဆန်သည် ယခင်က ONE မစ်ဒယ်ဝိတ်တန်းနှင့် လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီ ယံအဖြစ် ရပ်တည်နိုင်ခဲ့သော် လည်း မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ ချန်ပီယံဆုကို ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၃၀ ရက် လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကို ၂၀၂၁ ခုနှစ် ဧပြီ ၂၈ ရက်တွင် နယ်သာလန်နိုင်ငံသား ဒီရစ်ဒါကို အရေး နိမ့်ပြီး ချန်ပီယံခါးပတ်နှစ်ခုစလုံးကို ၎င်းအား လွှဲပြောင်း ပေးခဲ့ရသည်။ အောင်လအန်ဆန်သည် ချန်ပီယံခါးပတ်နှစ်ခုစလုံး လက်လွှတ်လိုက်ရ ပြီးနောက်ပိုင်း အသက်အရွယ်အရ မစ်ဒယ်ဝိတ်တန်းပွဲစဉ်များသာ ထပ်မံထိုးသတ်ရန် ဆုံးဖြတ်ခဲ့သဖြင့် ONE Championship က မစ်ဒယ် ဝိတ်တန်းပွဲစဉ်များ စီစဉ်ပေးခြင်းဖြစ်သည်။ အောင်လအန်ဆန်သည် လီအန်ဒရိုကို အနိုင်ရပါက မစ်ဒယ်ဝိတ်တန်းချန်ပီယံဆုအား စိန်ခေါ်ခွင့် ရမည်ဖြစ်ပြီး ONE Championship အနေဖြင့် ယခုပွဲမှအနိုင်ရသူကို ကမ္ဘာ့ချန်ပီယံလုပွဲထိုးသတ်ခွင့်ပြုမည်ဖြစ်ကြောင်း သတင်းထုတ်ပြန် ထားသည်။ အောင်လအန်ဆန်နှင့် ထိုးသတ်မည့် လီအန်ဒရိုသည် အသက် ၃၄ နှစ်ရှိပြီဖြစ်ပြီး MMA ကစားသမားဘဝ ၁၅ ပွဲ ထိုးသတ် ထား ရာတွင် ၁၁ ပွဲနိုင်၊ လေးပွဲရှုံးနိမ့်ထားသည်။ ၂၀၂၀ ဖေဖော်ဝါရီတွင် ဒီရစ်ဒါနှင့် ထိုးသတ်ပြီးနောက်ပိုင်း တစ်နှစ်ခွဲကျော်မှ ပြန်လည်ထိုးသတ် ခွင့်ရရှိခြင်းဖြစ်သည်။
ဇူလိုင် ၃၀ ရက်တွင်ပြုလုပ်မည့် Battleground အမည်ရပြိုင်ပွဲ တွင် တွဲဆိုင်းခြောက်ပွဲပါဝင်မည်ဖြစ်သည်။ ယင်းပြိုင်ပွဲတွင် အဓိက တွဲဆိုင်းအဖြစ် မွေထိုင်း Straw ဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲဖြစ်သော လက်ရှိချန်ပီယံ ဂိုင်ယန်ဟာဒေါင်(ထိုင်း)နှင့် စိန်ခေါ်သူ ပီရာယန်ချိုင် (ထိုင်း)၊ Co-Main Event အဖြစ် အောင်လအန်ဆန် (မြန်မာ)နှင့် လီအန် ဒရို (ဘရာဇီး)တို့ ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်သည်။ အခြားတွဲဆိုင်းများ အဖြစ် ဆာဝါဒါ (ဂျပန်)နှင့် ဘာလတ် (ကျူးဘား)၊ ချင်ယု (တရုတ်) နှင့် ဂျီရီမီ (ဖိလစ်ပိုင်)၊ အမျိုးသမီး တွဲဆိုင်းများအဖြစ် ရီတူ (အိန္ဒိယ)နှင့် လင်ဟီကျူ (တရုတ်)၊ ဗစ်တိုးရီးယားလီ (စင်ကာပူ/အမေရိကန်) နှင့် ဝမ်လုပင် (တရုတ်)တို့ ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်သည်။
သတင်း-ရဲရင့်လွင်
ဓာတ်ပုံ-ONE Championship