
ရန်ကုန် မေ ၁၀
နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက် ရေးနှင့် တိုင်းရင်းသားလူမျိုးများ၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာ နယ်စပ်ဒေသမှ တိုင်းရင်းသူများအား အသက်မွေးဝမ်းကျောင်းပညာရပ်များ သင်ကြား ပေးပြီး အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးခြင်းဖြင့် လူမှုစီးပွား ဘဝများ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနနှင့် Japan Myanmar Association (JMA) တို့အကြား လက်မှတ်ရေးထိုးခဲ့သည့် နားလည်မှု စာချွန်လွှာ(MoU) အရ စတင်ဖွင့်လှစ်သည့် သက်ကြီးရွယ်အိုစောင့်ရှောက် ရေး (သူနာပြုအလုပ်သင်)သင်တန်းအမှတ်စဉ်(၁) သင်တန်းဖွင့်အခမ်းအနား ကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်ရှိ ဗဟိုလေ့ကျင့်ရေးကျောင်း၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်၊ နယ်စပ်ရေးရာဝန်ကြီး ဌာန အမြဲတမ်းအတွင်းဝန် ဦးသိန်းဌေးဦးနှင့် တာဝန်ရှိသူများ၊ Japan Myanmar Association (JMA) ဥက္ကဋ္ဌ Mr. WATANABE Hideo၊ Secretary General, Mr. WATANABE Yusuke နှင့် ဖိတ်ကြားထားသော ဧည့်သည် တော်များ၊ သင်တန်းနည်းပြများနှင့် သင်တန်းသူများ တက်ရောက် ကြသည်။
အမှာစကားပြောကြား
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် က သင်တန်းဖွင့် အမှာစကား ပြောကြားသည်။
ထို့နောက် Japan Myanmar Association (JMA) ဥက္ကဋ္ဌ Mr. WATANABE Hideo က သင်တန်းဖွင့်လှစ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားပြီး ပြည်ထောင်စုဝန်ကြီးက Japan Myanmar Association (JMA) ဥက္ကဋ္ဌထံ သင်တန်းဖွင့်လှစ်ခြင်း အထိမ်းအမှတ် လက်ဆောင် သစ်သီးခြင်းကို ပေးအပ်သည်။
ဆက်လက်၍ Myanmar Sankou Co.,Ltd မှ Managing Director, Mr. Tsuda Shunji က သင်တန်းသူများ သင်တန်းကာလအတွင်း နေထိုင်စားသောက်ရေးအတွက် ထောက်ပံ့သည့် ငွေကြေးနှင့် သင်ထောက် ကူပစ္စည်းများစာရင်းကို သင်တန်းသူများကိုယ်စား သင်တန်းသူ နှစ်ဦး ထံ လွှဲပြောင်းပေးအပ်သည်။
သင်တန်းဖွင့်ပွဲအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် သင်တန်းသူများ၏ သင်ကြားလေ့ကျင့်မှု အခြေအနေများကို လိုက်လံ ကြည့်ရှုအားပေးကြသည်။
ယခုဖွင့်လှစ်သည့် သက်ကြီးရွယ်အိုစောင့်ရှောက်ရေး (သူနာပြု အလုပ်သင်) သင်တန်းအမှတ်စဉ်(၁) သို့ နယ်စပ်ဒေသအသီးသီးမှ တိုင်းရင်းသူများနှင့် ဘိုးဘွားရိပ်သာများတွင် တာဝန်ထမ်းဆောင် လျက်ရှိသည့် စေတနာ့ဝန်ထမ်းများအနက်မှ ရွေးချယ်သည့် သင်တန်းသူ ၅၁ ဦး တက်ရောက်လျက်ရှိပြီး သင်တန်းကာလမှာ ရက်သတ္တ ၅၂ ပတ် ပြီးမြောက်ပါက ပြည်ပတွင် အလုပ်အကိုင်ရရှိရေးအတွက် စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဗဟိုလေ့ကျင့်ရေးကျောင်း တွင် ဖွင့်လှစ်လျက်ရှိသော ငြိမ်းချမ်းရေး၊ နယ်စပ်ဒေသနှင့် တိုင်းရင်း သား လူမျိုးများ ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းစဉ်ဆိုင်ရာ ခေါင်းဆောင်မှု သင်တန်း၊ အဆင့်မြင့်စက်ချုပ်သင်တန်း၊ စီမံခန့်ခွဲရေးသင်တန်း၊ စာရေး ဝန်ထမ်းသင်တန်းတို့၏ သင်ကြားလေ့ကျင့်နေမှုများကို ကြည့်ရှု အားပေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းပေးခဲ့ကြောင်း သိရသည်။ သတင်းစဉ်