နယ်စပ်ရေးရာဝန်ကြီးဌာန ဇီဝိတဒါန စုပေါင်းငါးလွှတ်ပွဲနှင့် သက်ကြီးပူဇော်ပွဲ အခမ်းအနားများကျင်းပ

 

နေပြည်တော်    ဧပြီ   ၁၇ 


နယ်စပ်ရေးရာဝန်ကြီးဌာန၏ ဇီဝိတဒါန စုပေါင်းငါးလွှတ်ပွဲ အခမ်းအနားကို ယနေ့ (မြန်မာနှစ်ဆန်း ၁ ရက် နေ့) နံနက် ၇ နာရီတွင် နေပြည်တော်ရှိ မင်္ဂလာကန်တော်၌ ကျင်းပသည်။ 

 


အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့်ဇနီး၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်နှင့်ဇနီး၊ အမြဲတမ်းအတွင်းဝန်နှင့် ဇနီး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊  ညွှန်ကြားရေး မှူးများနှင့်  ဝန်ထမ်းမိသားစုများ  တက်ရောက်၍ ပြည်ထောင်စုဝန်ကြီးနှင့်ဇနီးတို့    ဦးဆောင်ကာ ဘေးမဲ့ငါးကောင်ရေ  ၁,၅၀၀  ကို  ဇီဝိတဒါနအဖြစ် မင်္ဂလာကန်တော်တွင်းသို့ ကုသိုလ်ပြု လွှတ်ပေးခဲ့ကြ သည်။

 


ထို့နောက် သက်ကြီးပူဇော်ပွဲ အခမ်းအနားကို နံနက် ၉ နာရီတွင် နေပြည်တော် ရုံးအမှတ် (၄၂) နယ်စပ်ရေးရာဝန်ကြီးဌာန         စုပေါင်းခန်းမ၌ ဆက်လက်ကျင်းပခဲ့ရာ  နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ထမ်း မိသားစုများရှိ အသက် ၇၅ နှစ်နှင့်အထက် အဘိုး ကိုးဦး၊ အဘွား ၁၃ ဦး စုစုပေါင်း ၂၂ ဦးအနက် တက်ရောက်နိုင်သူ   အဘိုး၊   အဘွား   ရှစ်ဦးကို ပြည်ထောင်စုဝန်ကြီးနှင့်ဇနီးတို့ ဦးဆောင်၍ မြန်မာ့ ဓလေ့ထုံးတမ်းအစဉ်အလာနှင့်အညီ    နှစ်သစ်ကူး ကန်တော့ပစ္စည်းများဖြင့် လှူဒါန်းပူဇော်ကန်တော့ ခဲ့ကြပြီး ကန်တော့ခံ ဘိုးဘွားများကိုယ်စား အဘွား တစ်ဦးက    ဆုတောင်းမေတ္တာစကား   ပြန်လည် ပြောကြားသည်။ ထို့နောက် ဘိုးဘွားများအား ရင်းနှီး စွာ ဂါရဝပြုတွေ့ဆုံခဲ့ပြီး အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ခဲ့ကြောင်း သိရသည်။              

သတင်းစဉ်