ဒေါက်တာမောင်သင်း
(ယမန်နေ့မှအဆက်)
သင်ရိုးကို ပညာရှင်များ ရေးဆွဲခဲ့စဉ် က “သိ” ဖို့ သက်သက်လောက်သာ ရပ်တန့်ထားရန် မဟုတ်ပါ။ မိမိဝန်းကျင် ၌ ဆက်လက် “အသုံးချ” တတ်ရန်အဓိက ပါ။ အသုံးချသည် ဆိုရာတွင်လည်း “စာမေးပွဲမှာဖြေဖို့” ဟု နိမ့်နိမ့်ကျကျ မမှတ်ယူသင့်ပါ။ လူတစ်ဦးချင်းစီ၏ ဘဝ အောင်မြင်ရေးနှင့် လူ့အဖွဲ့အစည်း ဖွံ့ဖြိုးရေးအတွက် အသုံးချရန်ပါ။ ဆိုလို သည်မှာ စာအုပ်ထဲမှသင်ခန်းစာသည် စာမေးပွဲတွင် အဆုံးသတ်ခဲ့သည့် အဖြစ် မျိုး မဟုတ်ပါ။ “ကျောင်းနံရံ” ထဲတွင်သာ ချန်ထားခဲ့ရန် မဟုတ်ပါ။
ဉာဏ်မျက်စိ ဖွင့်ပေးသည့်ကျောင်း
ဥပမာအားဖြင့် ဆရာ ဆရာမက ကျောင်းသင်ခန်းစာကို မှတ်စုထုတ်ပေး၊ အလွတ်ကျက်စေ၊ ပြီးလျှင် “၍” “၏” “သည်” မှားလျှင်ပင် အမှတ်လျှော့ခံရ တာမျိုးပါ။ ယင်းမှာ ကလေးများ၏ ဉာဏ်အမြင်ကို ပိတ်စေသော သင်ပုံမျိုး ပါ။ မိမိသင်ပေးသည့် သင်ခန်းစာကို ပတ်ဝန်းကျင်နှင့်ယှဉ်ပြီး အသုံးချမှုမပါ။ ထိုအစား သာဓကအားဖြင့် “သင်တွေ့ဖူး သော ပန်းငါးမျိုးကို ပြောပြပါ” ဆိုသည့် မေးခွန်းပါ။ စာမေးပွဲဖြေရန်၊ အမှတ်ရရန် သက်သက်မဟုတ်တော့ပါ။ ထို့အတွက် ကလေးသည် မိမိပတ်ဝန်းကျင်တွင် သူမြင်ဖူးသော ပန်းငါးမျိုး ဖြေနိုင်ပါသည်။ အတန်းထဲမှ ကလေး ၂၀ ၏ အဖြေသည် အမျိုး ၂၀ ဖြစ်နိုင်ပါသည်။ ကွဲပြားသော် လည်း “ပန်း” အမည်ငါးမျိုးဖြစ်လျှင် မှန်ပါသည်။ အားလုံးမတူနိုင်ပါ။ ထို့အတူ အပင်ငါးပင်၊ တိရစ္ဆာန်ငါးကောင်ဆိုသည် မျိုး မေးနိုင်ပါသည်။ ကလေး၏ ဉာဏ် အမြင်ကို အမြဲတမ်းပွင့်နေအောင် လုပ်ပေး၊ သင်ပေးသည့်ကျောင်းကို ဉာဏ်မျက်စိ ဖွင့်ပေးသည့်ကျောင်းဟု ခေါ်ပါသည်။
ဉာဏ်အမြင်အာရုံကို ပိတ်လိုက်ခြင်း
ကလေး၏ပတ်ဝန်းကျင်ကို ကြည့် တတ်၊ မြင်တတ်မှ အမှတ်ရသည်ဆိုသည့် ဆွဲဆောင်မှုဖြင့် မိမိဝန်းကျင်ကို မြင်တတ်၊ ကြည့်တတ်သော အလေ့ အကျင့်ရအောင် လက်တွေ့လေ့ကျင့်ပေး ခြင်းပါ။ ထိုသဘောမျိုးမဟုတ်ဘဲ ဆရာမ က ပန်းအမည်ငါးမျိုး၊ အပင်ငါးပင်နှင့် တိရစ္ဆာန်ငါးကောင်ရေးပေး၊ အဲဒါကို အလွတ်ကျက်၊ စာမေးပွဲမှာပြန်ရေးခဲ့လျှင် ကလေးများ၏ စာကိုအခြေခံပြီး ပတ်ဝန်း ကျင်ကို ကြည့်တတ်၊ မြင်တတ်သည့် ဉာဏ်အမြင်အာရုံကို ပိတ်လိုက်ခြင်း ဖြစ်ပါသည်။ စာအုပ်ဘောင်ကိုကျော်၍ မြင်နိုင်စွမ်းမရှိအောင်၊ ကျောင်းအခန်း၊ သင်ခန်းစာများထက် ပိုမမြင်အောင် ပိတ်လှောင်ခံလိုက်ရပါသည်။ စာဖြင့် ပိတ်လှောင်ခံရသည့်အတွက် အပြင်ကို မမြင်တော့ပါ။ မိမိပတ်ဝန်းကျင်ကို မြင်နိုင်စွမ်းမရှိသည့်နေရာ၊ ယင်းသို့ ဖြစ်အောင် လေ့ကျင့်ပေးနေသည့် ကျောင်းသည် ကျောင်းအပြင်က အကျဉ်း ထောင်နှင့် ဘာများထူးပါသေးသလဲ။
“ဉာဏ်အမြင်ကို ပိတ်စေသော ကျောင်း”၊ တစ်နည်းအားဖြင့် “ပိတ်နေ သောကျောင်း”၊ “သင်ခန်းစာမှလွဲ၍ ဘာမှမြင်အောင်မလုပ်ပေး၊ လေ့ကျင့် မပေးသောကျောင်း” သည်လည်း နံရံ လေးဖက်ကာရံထားသော “ထောင်” ကဲ့သို့ ဖြစ်နေပါလိမ့်မည်။ ထောင်ကျခံ ရသူကမှ အချိန်တန်လျှင် ထောင်မှလွတ် ကာ ပြင်ပကို မြင်နိုင်စွမ်းရှိပါသေးသည်။ ဦးနှောက်အမြင် ပိတ်ခံရလိုက်သူမှာ လူ့လောက ဟင်းလင်းပြင်ကြီးထဲနေပြီး လူ့အဖွဲ့အစည်း၏ ကောင်းကျိုးသယ်ပိုး မှုကို မြင်အောင်မကြည့်တတ်သူဘဝဖြင့် အသက်ရှင်သန်နေရပါလိမ့်မည်။
ကျွန်တော်တို့ ငယ်ငယ်တုန်းက နံနက်အိပ်ရာကထလျှင် မျက်နှာမသစ် ခင် မီးမွှေး၊ ဆန်ဆေး၊ ထမင်းအိုးတစ်လုံး တည်၊ ပြီးလျှင်မျက်နှာသစ်၊ ဈေးက အမေ့ဆိုင်သွား၍ ဝိုင်းကူဖွင့်ပေးပါသည်။ ပြီးလျှင် အိမ်သုံးရန် ရေဝိုင်းခပ်သည်။ ယင်းအလုပ်များပြီးမှ ရေချိုး၊ ကျောင်း သွားပါသည်။ ရွာမှာနေတုန်းကဆိုလျှင် ကျွဲ၊ နွားကို စားကျက်လွှတ်ပေးရသည်။ လွှတ်မရသည့် မိုးရာသီ (ကျွန်တော်တို့ ရွာက မိုးတွင်းဆို ရေလွှမ်းသည်မို့ ကျွဲ၊ နွားလွှတ်ကျောင်း၍မရပါ) ဆိုလျှင် နွားစာကျွေး၊ နွားတင်းကုပ်သန့်ရှင်းရေး လုပ်ရပါသည်။ (နွားချေးကျုံး၊ နွားသေးရှိ သည့်နေရာ ရေဆေး ပြာဖုံးပါ) ထို့နောက် ရေမိုးချိုး၊ လွယ်အိတ်လေးလွယ်၊ ကျောင်းသွားပါသည်။
ညနေကျောင်းဆင်းလျှင် လွယ်အိတ် ချ၊ ဘောလုံးကွင်းပြေး၊ ကစားသည့်နေရာ မှ ပြန်ရောက်လျှင် ကျွဲ၊ နွားများကို ချည် တိုင်တွင်ချည်၊ မိုးတွင်းတွင် ကျွဲ၊ နွားများ ခြင်၊ မှက်မကိုက်ရလေအောင် ကောက်ရိုး အစိုနှင့် မီးခိုးမှိုင်းတိုက်ရပါသည်။ ထို့ နောက် ရေမိုးချိုး၊ ထမင်းစား၊ မီးခွက်နှင့် စာကြည့်ပါသည်။ မြို့ပြောင်းလာချိန်တွင် အထက်တွင်ပြောသကဲ့သို့ ဈေးထဲမှ အမေ့ ဆိုင်ကို ဝိုင်းကူဖွင့်၊ ညနေတွင် ဘောလုံး ကန်၊ အမေ့ဆိုင်ဝင်သိမ်း၊ ညနေစာ သုံး ရေခပ်၊ ပြီးလျှင် ရေမိုးချိုး၊ ထမင်းစား၊ စာကျက် စသည့် “မိဘကူတဲ့အကျင့်” ဘယ်ကရသလဲဆိုလျှင် သူငယ်တန်း ဖတ်စာအုပ်ထဲက “စောစောထ၊ သွား တိုက်၊ မျက်နှာသစ်၊ အိပ်ရာသိမ်း၊ အစာ စား၊ ပလုတ်ကျင်း” (ကျွန်တော်တို့ ငယ်ငယ်တုန်းက မပါပါ။ သိရတာက ၁၉၈၃ ခုနှစ်လောက်ကျမှ ဆရာကြီး ဒေါက်တာအောင်ခင်ဆင့်က သွားခံတွင်း ကျန်းမာရေးအတွက် အလိုအပ်ဆုံးအရာ ဟုဆိုပြီး ထည့်ခဲ့သည်ဟု မှတ်သားထားမိ ခဲ့ပါသည်။ ) “အဝတ်လဲ၊ ကျောင်းသွား” ပြီးလျှင်“ ကျောင်းပြန်၊ မိဘကူ၊ ကစား၊ ရေချိုး၊ ညစာစား၊ စာကြည့်၊ သွားတိုက်၊ အိပ်ရာဝင်” ဆိုသည့် ကျောင်းသင်ခန်းစာ မှရခြင်းပါ။
သေသည်အထိ နေ့စဉ်အသုံးချရန်
စောစောထကနေ အိပ်ရာဝင် ဆိုသည့် ဖတ်စာထဲမှစာသည် လက်တွေ့ သုံးရမည့်အရာဖြစ်၍ အပြင်တွင် အသုံး ချရန် ကျွန်တော်တို့၏ “ငယ်ဆရာများ သင်ပေး၊ လေ့ကျင့်ပေးခဲ့ခြင်း”ပါ။ သူငယ် တန်းဖတ်စာထဲမှ အထက်ပါအကြောင်း အရာများသည် အလွတ်ကျက်ပြီး စာမေး ပွဲဖြေရန်အတွက် မဟုတ်ဘဲ လက်တွေ့ ဘဝတွင် သေသည်အထိ နေ့စဉ်အသုံးချ ရန်ပါ၊ ကလေးတစ်ယောက် နေ့စဉ်အသုံး ချမှု ရှိ/ မရှိ၊ ကျောင်းတက်တိုင်း ဆရာ ဆရာမက မေးနေ၊ စစ်ဆေးနေပြီး မိဘ နှင့်ပူးပေါင်းကာ “ရေချိုး”၊ “အိပ်ရာ သိမ်း”၊ “သွားတိုက်”၊ “မိဘကူ” သော အလေ့အကျင့်ကောင်းရအောင် လေ့ကျင့် ပေးရန်ဖြစ်ပါသည်။
သူငယ်တန်းဖတ်စာမှ ကျောင်းစာကို နေ့စဉ်ဘဝထဲရောက်စေရန် သယ်ယူလာ ခဲ့သည့် ကိုယ်တွေ့ ဥပမာလေးပါ။ အထက်ပါ သူငယ်တန်းဖတ်စာအုပ်ပါ အကြောင်းအရာများသည် ယနေ့ မြန်မာ့ ပညာရေးတွင် စာမေးပွဲမေးရန် “စာ” ဟု မြင်ပြီး ပြန်ဆိုတတ်ရုံ၊ ရေးတတ်ရုံ လောက်တွင်သာ အဆုံးမသတ်စေချင်ပါ။ လက်တွေ့ဘဝထဲအထိ သယ်ဆောင် သွားရမည့် “အကျင့်”ဟု သိအောင်၊ ခံယူ သွားအောင်၊ အထုံဖြစ်သွားအောင် လေ့ကျင့်ပေးလိုက်ပါမှ ပညာရေး၏ အနှစ်သာရပေါ်လွင်ပေလိမ့်မည်။
ယနေ့ ပညာရေးပညာရှင်များ၏ လေ့လာချက်အရ “အိမ်မှာ မိဘကို ဝိုင်းကူလုပ်သော” ကလေးများသည် အတန်းကို ခေါင်းဆောင်နိုင်စွမ်းရှိပြီး စာတော်ကြသည်။ မိမိကိုယ်ကို ယုံကြည် မှုအပြည့်ရှိကြသည်။ ပေးအပ်သော တာဝန်ကို ကျေကျေပွန်ပွန်နှင့်ပြီးမြောက် အောင် ဆောင်ရွက်နိုင်စွမ်းရှိသည်ကို တွေ့ရသည်ဟုသိရသည်။ ကျောင်းတွင် ကာယအချိန်ရှိပါသည်။ ကာယအချိန်တိုင်း တွင် ကာယဆရာလာပြီးအားကစားနည်း တစ်ခုခု သို့မဟုတ် စုပေါင်းကိုယ်လက် လေ့ကျင့်ခန်းလုပ်ပါသည်။ တချို့ရက်များ ဆိုလျှင် ကျောင်းသားများကို ဘောလုံး ကန်ခိုင်း၊ ဘော်လီဘောပုတ်ခိုင်း၊ ဘတ်စကက်ဘောလေ့ကျင့်ခိုင်းပါသည်။
အားကစားသည် ကလေးများ၏ ကျန်းမာရေး၊ ကာယ၊ ဉာဏစွမ်းရည် တက်စေပါသည်။ ကျောင်းတွင် ငူတူတူ ငိုင်တိုင်တိုင်နှင့်ဖြစ်ပြီး ညအခါတွင် အိပ်မပျော်ဖြစ်နေသည့် ကလေးများ သည် ကစားချိန် ပြည့်ပြည့်ဝဝမရခဲ့သော ကလေးများဖြစ်ပါသည်။ ထိုကလေးများ ကို အချိန်လုံလုံလောက်လောက်ပေးပြီး ကစားခိုင်းသည့်အခါ ငူတူတူနှင့် အိပ် မပျော်ခြင်းများပျောက်ပြီး သွက်လက် လာကာ “စာ” လည်း ပိုတော်လာသကဲ့သို့ ကျောင်းတွင်လည်း လူဝင်ဆံ့၊ ကျောင်း ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ထိရောက်စွာ ဦးဆောင်နိုင်သည်ကို တွေ့ရပါသည်ဟု ပညာရေးပညာရှင်များ၏ လေ့လာချက် အရ သိရပါသည်။
“စာဒဏ်ပိ” မှုကို ခံရခြင်း
ပြောင်းပြန်ရလဒ်မှာ စာချည်းပဲ လုပ်ခိုင်းခံနေရသည့် ကလေးများသည် ထုံထိုင်းပြီး ရောဂါဘယ ထူလာပါတော့ သည်။ “စာဒဏ်ပိ” မှုကို ခံရခြင်းဟု မြင်မိ ပါသည်။ ကျောင်းသည် အကျဉ်းထောင် လို ဒဏ်ပေးပြီး လေ့ကျင့်သောအရပ် မဟုတ်ပါ။ ကလေးငယ်များ၏ အနာဂတ် တွင် ကြုံရမည့်လောကဓံကို အသိတရား ဦးဆောင်မှုဖြင့် ခံနိုင်ရည်ရှိရန် ကြိုတင် ပြင်ဆင်သည့် အရပ်ဖြစ်ပါသည်။ ကျောင်းဆိုသည့်အရပ်တွင် မည်သည့် ဒဏ်ပေးမှု၊ ဒဏ်ပိမှုကြောင့်မျှ ကလေး များ၏ ဗလငါးတန်ဖွံ့ဖြိုးမှု နှေးကွေး စေခြင်းမျိုးကို လုံးဝမလုပ်ဆောင်အပ်ပါ။
ယနေ့ ကျွန်တော်တို့ ပတ်ဝန်းကျင် တွင် ဖြစ်ပျက်နေသည့် သာဓကများကို ကြည့်လျှင် နံနက်အိပ်ရာထသည်နှင့် ကလေးက ကျူရှင်သွား၊ ပြီးလျှင် ကျောင်းဆက်ပို့၊ ကျောင်းမှဆင်းလျှင် ကျူရှင်၊ ကျူရှင်ပြန်လာလျှင် “Guide” ဆိုသူနှင့် စာကြည့်၊ Guide က စာ ထပ်သင်ပေး၊ လေ့ကျင့်ခန်းများ ထပ်လုပ်ခိုင်း၊ ပြီးလျှင် အိပ်ရာဝင်။ ကလေးသည် နံနက်နိုးလာလျှင် ယခင် ကဲ့သို့ “စာသံသရာ” ထဲ ထပ်ပြီး ထည့်ခံ ရပြန်၊ ဤသို့ဖြင့် ကျောင်းနေသည့် ကလေးများသည် လူ့တန်ဖိုးအစစ်ကို မြင်နိုင်စွမ်းမရှိအောင် စာဖြင့် ပိတ်ပင် ခြင်းခံရပြီး ပတ်ဝန်းကျင်ကို လှမ်းကြည့် ခွင့်လည်းမရ၊ လူ့တန်ဖိုးအစစ် ပိုင်ဆိုင် ရန် လေ့ကျင့်ခွင့်လည်း မရတော့ပါ။
လူ့တန်ဖိုးအစစ် တပ်ဆင်ရန် အချိန် မပေးနိုင်တော့ပါ။ ထိုသို့ စာဖြင့် ပိတ်ထား သဖြင့် “စာနံရံနှင့် ပိတ်လှောင်ခံရသူ” ဘဝရောက်နေသော ကလေးများ ကျွန်တော်တို့ဝန်းကျင်တွင် ဒုနှင့်ဒေး ပေါ်ထွန်းနေပါသည်။ ထို “စာနံရံ”၊ “သင်ခန်းစာထောင်ချောက်ထဲ”မှ ထွက် လာသောကလေးများသည် ဘွဲ့ လက်မှတ်များ၊ အောင်လက်မှတ်များ မည်မျှပင်ရရ ထိုသူများတွင် “လူ့တန်ဖိုး အစစ်အမှန်များဖြစ်သော ကျန်းမာရေး၊ စိတ်ဓာတ်တည်ငြိမ် ရင့်ကျက်ဖွံ့ဖြိုးမှု၊ ကိုယ်ကျင့်တရားမြင့်မြတ်မှု၊ စာနာတတ် မှု၊ လူမှုဆက်ဆံရေးကောင်းမွန်မှု၊ စိတ်ထားနူးညံ့သိမ်မွေ့မှု၊ ပြဿနာကို ကျိုးကြောင်းခိုင်လုံစွာ ဖြေရှင်းနိုင်မှု၊ စရိုက်မတူသူများနှင့် ညီညွတ်စွာပူးပေါင်း ဆောင်ရွက်တတ်မှု” စသည့် လူ့တန်ဖိုး အနှစ်သာရများ ပါလာနိုင်ရန် အခွင့် အလမ်း အလွန်နည်းသွားပါလိမ့်မည်။
လူ့တန်ဖိုးအစစ်အမှန်များ မပါ သောကလေးသည် မိမိပတ်ဝန်းကျင်ကို မည်ကဲ့သို့ ခေါင်းဆောင်နိုင်မည်နည်း။ “လူတော်” ဆိုသည့်စကားနှင့် “စာတော် သူ” သည် တခြားစီပင်။ စိတ်ဓာတ်ရေးရာ မြင့်မားမှုလည်း တော်သင့်ပါသည်။ စာသာတော်သည့် “တံလျှပ်လူတော်”ကို လူတော်ဟု ငယ်ငယ်တုန်းက ထင်ခဲ့ သည်ကို ထိုအတန်းဖော်စာတော်သူများ ကြီးလာသောဘဝတွင် “လျော်သူများ”၊ “ဘဝစာမေးပွဲအလီလီမှာ ကျရှုံးသူများ” ဖြစ်နေသည်ကို တွေ့ရတော့မှပင် အမှတ် မှား၊ အထင်မှား ပျောက်ပါတော့သည်။ ကျောင်းသည် ကောင်းသောလူကောင်း များ ဖြစ်လာအောင် လေ့ကျင့်ရန် ပထမ ပါ။ ထိုကောင်းသောလူသားကို လောက ကောင်းကျိုးသယ်ပိုးရာတွင် တော်သူ ဖြစ်အောင် စာအုပ်ကို နမူနာပြပြီး ထပ်ဆောင်းလေ့ကျင့်ပေးသည့်အရပ်ပါ။ ကျောင်းဆိုသည်မှာ “စာတော်”ရုံ သက်သက်ဆိုသည့် အဆင့်နိမ့်လူသား မွေးထုတ်သောအရပ် မဟုတ်ကြောင်း နိုင်ငံသားတိုင်း သတိပြုရပါလိမ့်မည်။ အချုပ်အားဖြင့် “တော်” “မတော်” ကို လောကကောင်းကျိုး သယ်ပိုး၊ မသယ်ပိုး ပေတံနှင့် တိုင်းကြည့်မှသာပင် သိနိုင်ပါ သည်။
သာဓကလေးများ ပြချင်ပါသည်။ မြန်မာဆေးတက္ကသိုလ် တစ်ခုတွင် ဘွဲ့လွန်ကျောင်းသူနှစ်ဦးက အတန်း အတူတူပင်။ နှစ်ယောက်စလုံး စာတော် ပြီး ပထမနေရာ သူတစ်ပြန် ကိုယ်တစ် လှည့် ရနေကြကြောင်း သိရပါသည်။ တစ်ယောက်က သူ့စာပဲ အမြဲလုပ်ပြီး နံပါတ်တစ်နေရာရအောင် လုပ်နေသော် လည်းနောက်တစ်ဦးက သူတတ်သိထားသမျှ တခြားသူငယ်ချင်းများကို ရှင်းပြ၊ သင်ပေး၊ ဖြန့်ဝေပေးသည်။ ထိုသို့ ရှင်းပေး၊ သင်ပေးသည့်အတွက် သူ့ပညာ ရပ်ကို ပိုမှတ်မိပြီး သင်ပေး၊ ရှင်းပြပေး ရခြင်းကို ပိုပျော်လာသည်။ သူ့ဘေးတွင် သူငယ်ချင်းများ တရုန်းရုန်းနှင့် ပျော်ကြ ရွှင်ကြ၊ ပြီးလျှင် စာမေးပွဲဖြေလျှင်လည်း သူငယ်ချင်းများကို အကြိမ်ကြိမ်ရှင်းပြ ထားသည်မို့ မှတ်မိကာ အရင်ကထက် ပိုပြီးဖြေနိုင်၊ စာမေးပွဲအမှတ်များ ထိပ်ဆုံးက ရပါသည်။ တစ်ဦးတည်း ကြိတ်ပြီး စာကျက်သောကလေးမထက် အမြဲသာလာပါတော့သည်။ ထိုအခါ သူ့စာပဲ သူလုပ်သော ကလေးမက ကြိတ်မနိုင်ခဲမရဖြစ်ပါတော့သည်။
ဤသို့ဖြင့် တစ်နေ့ သူငယ်ချင်းများ ကို စာရှင်းပြနေသော သူ့ထက်သာသူ မိန်းကလေးကို သူ့အခန်းထဲခေါ်ပြီး မျက်နှာကို “အက်စစ်” ဖြင့် ပက်ပါသည်။ ထိုအခါ သူလည်း အဖမ်းခံရ၊ ဆရာဝန် လည်း မဖြစ်ခဲ့ပါ။ အက်စစ်ဖြင့် အပက်ခံရ သည့် မိန်းကလေးမှာ မျက်နှာတစ်ခုလုံး ပျက်စီးခဲ့ပါသည်။ အဆိုပါမျက်မမြင် ဆရာဝန်မလေးမှာ ကလေးအထူးကု ဆရာဝန်အဖြစ် ကလေးများ၏ အသက် ကို ဆက်ပြီး ကယ်နေဆဲဟု သိရပါသည်။ စာလောက်သာ တော်သော်လည်း “စိတ်ထားလျော်”ခဲ့သူကြောင့် ပတ်ဝန်း ကျင်မှ လူကောင်း၊ လူတော်တစ်ယောက် နစ်နာခဲ့ရခြင်းဖြစ်ပါသည်။ အဆိုပါ ဖြစ်ရပ်လေးကို သုံးသပ်ရပါက အက်စစ် ဖြင့် သူများကို ပက်ခဲ့သူသည် ဆေးတက္ကသိုလ် ရောက်လာသည်အထိ ဘဝ၏အောင်မြင်မှုဆိုသည်မှာ “ကျောင်း စာလှောင်ချိုင့်” သို့မဟုတ် “စာမေးပွဲ ရမှတ်”ထဲမှာပင် ရှိသည်ဟု ဉာဏ်မျက်စိ မပွင့်သောအမြင်၏ ရလဒ်သာ ဖြစ်ပါ သည်။ သူငယ်စဉ်က တက်ခဲ့သော ကျောင်းတွင် ကျောင်းစာဘောင်နှင့် ကျောင်းနံရံကိုကျော်ပြီး ဉာဏ်မျက်စိဖြင့် ကြည့်တတ်အောင် မသင်ခဲ့၊ မလေ့ကျင့် ခဲ့၍ဟု မြင်မိပါသည်။
ဉာဏ်မျက်စိဖွင့်တတ်အောင် မသင်ပေးခဲ့သည့် ရလဒ်
ကျောင်းစာ တော်သော်လည်း ကျောင်းက ဉာဏ်မျက်စိဖွင့်တတ် အောင် မသင်ပေးခဲ့သည့် ရလဒ်ကြောင့် သူ့ကို ရိုးရိုးမျက်စိဖြင့် အကုန်ကြည့်ခွင့် မရအောင် လေးဖက်အုတ်နံရံများက ဆက်ကာရံခြင်းကို ခံရပါတော့သည်။ လူတော်ရန် စာတော်အောင်ကြိုးစားရင်း စိတ် ဓာတ် လျော်ခဲ့၍ ဘဝအကြောင်းမလှ ခဲ့ရခြင်းပါ။ ကျောင်းက လူ့တန်ဖိုးအစစ် များ ပြည့်ပြည့်စုံစုံ မဖြည့်ပေးခဲ့သည့် ရလဒ်ဟုမြင်မိပါသည်။ ထိုအဖြစ်မျိုး ပေါင်း မြောက်မြားစွာရှိပါသည်။ ကျောင်း က လူကောင်းလေ့ကျင့်မှု အားနည်းပြီး စာဘောင်၊ စာနံရံအတွင်း ကြည့်ခြင်း သက်သက်လောက်သာ သင်ပေးခဲ့ကာ စာရသူများကို အမှတ်များများပေး၍ “တော်သူ” ဆိုပြီး “တံလျှပ်လူတော်” သာ မွေးထုတ်ခဲ့၍ဟု မြင်မိပါသည်။
အားလုံးကိုခြုံကြည့်လျှင် မိဘများ နှင့် ဆရာများခင်ဗျာ၊ ကျွန်တော့် ပထမမေးခွန်း၏ အဖြေက ကျောင်းနှင့် ထောင်သည် ဆက်စပ်မှုရှိနေပါသည်။ ကျောင်းက လိမ္မာယဉ်ကျေးသူနှင့် လူကောင်းလူတော် အရည်အသွေးများ ပြည့်လာအောင် လေ့ကျင့်ပေးမှုအားနည်း လေလေ အကျဉ်းထောင်တံခါးပွင့်လေ လေပါပဲ။ ဒုတိယမေးခွန်း၏အဖြေက ကျောင်းဆိုသည်မှာ စာသင်ခန်းမှ တစ်ဆင့် မိမိပတ်ဝန်းကျင်၊ ထိုမှတစ်ဆင့် ကမ္ဘာကြီးကို လှမ်းကြည့်တတ်၊ မြင်တတ် အောင် အစပျိုးလေ့ကျင့်ပေးသည့်နေရာ ဖြစ်၍ ပိတ်ထားသောအကျဉ်းထောင်နှင့် မည်ကဲ့သို့မျှမတူပေ။ လုံးဝကွဲပြား ခြားနားပါသည်။ ပြီးလျှင် ကျောင်းမှ ထွက်သူမှန်သမျှ အကျဉ်းထောင်နှင့် ဝေးသမျှဝေးရပြီး လူ့အဖွဲ့အစည်း ကောင်းကျိုးသယ်ပိုးသည့် လူကောင်း လူတော်ပေါ်ထွက်ရေးသည် ကျောင်း တိုင်း၏ အန္တိမရည်မှန်းချက်ပင်ဖြစ်သည်။ အကယ်၍ ကျွန်တော်တို့ ဆရာ၊ မိဘနှင့် ပညာရေး၏ သင်ရိုးများက “သင်ခန်းစာ” နှင့် “ကျောင်းနံရံ” ထက် ပိုမိုမြင်နိုင်စွမ်း မရှိအောင် ပတ်ဝန်းကျင်ကို လေ့ကျင့်ပေး ခဲ့လျှင်မူ ကလေးများ၏ ဉာဏ်အမြင် (ဉာဏ်မျက်စိနှင့် ကြည့်တတ်မှု) ကို လှမ်းပိတ်လိုက်သည့်အတွက် ကျောင်း နှင့်ထောင်သည် ဘာမျှမခြားဟု ဆိုချင်ပါ သည်။ လူ့အသိုင်းအဝိုင်းအားလုံးက ကျောင်းသည် ထောင်နှင့်မနှိုင်းအပ်သော အရာဟု လက်ခံထားသည့်အတွက် ကျောင်းများတွင် ကလေးများကို စာနံရံ ဖြင့် ပိတ်လှောင်ထားသည့်ဘဝမှ ကင်းဝေး စေချင်ပါသည်။ “စာနံရံပိတ်ကျောင်း”မျိုး မြန်မာ့ပညာရေးတွင် လုံးဝမရှိစေချင်ပါ။
ကျောင်းနှင့် ထောင်သည် တကယ် မနှိုင်းအပ်သောအရာ ဖြစ်ရန်မှာ ကျွန်တော် တို့ မိဘ၊ ဆရာများက ကလေး၏ဉာဏ် အမြင်တံခါးကို ဖွင့်ပေးရန် အဓိကပါ။ ကလေးများ၏ အနာဂတ်ရောင်ခြည် တံခါးကို စာမေးပွဲရမှတ်သက်သက်ဖြင့် မပိတ်မိရန် အထူးသတိရှိရန်ပါ။ ကျွန်တော် တို့ ကလေးများကို “စာမှစာ” ဆိုသည့် ကျွန်တော်တို့၏ ဒိဋ္ဌိအစွဲဖြင့် လေ့ကျင့် မပေးပါမှ ကလေးများ “စာထောင်ချောက်” ထဲ မကျမည်ဖြစ်ပါသည်။ ထိုသို့မဖြစ် စေရန် မိဘ၊ ဆရာများနှင့် ပညာရေး တာဝန်ရှိသူများက အားကစားအသင်း၊ ကြက်ခြေနီကဲ့သို့ လူမှုရေးအသင်း၊ ဘာသာရေးအသင်း၊ ပန်းချီ၊ ဂီတ၊ အနုပညာအသင်း၊ ဟောပြောပွဲအသင်း၊ ပတ်ဝန်းကျင် လေ့လာရေးအသင်း၊ စာဖတ်အသင်း၊ စာကြည့်တိုက်အသင်း၊ အိမ်တွင်းမှုအသင်း၊ စိုက်ပျိုးမွေးမြူရေးအသင်းများတွင် မိမိသားသမီး၊ တပည့် များကို ပါဝင်လှုပ်ရှားစေရန်လိုသည်။ ခေတ်မီပညာရေး၏အဖွင့် ကျောင်းသင်ရိုး ညွှန်းတမ်းများကလည်း အထက်ပါဖွံ့ဖြိုး ရေးအသင်းများ၏လှုပ်ရှားမှုကို ပြည့်ပြည့် ဝဝအားပေးသည့်သင်ရိုးများသာ ဖြစ်ရန် လိုသည်။
စာမေးပွဲရမှတ်လွန် လူ့တန်ဖိုးအစစ်များ
ကျောင်းဖွံ့ဖြိုးရေးအချိန်များသည် စာမေးပွဲရမှတ်လွန် လူ့တန်ဖိုးအစစ်များ ပိုင်ဆိုင်စေမည့် လှုပ်ရှားမှုများနှင့် ပြည့်နှက်နေရပါမည်။ သင်ခန်းစာမကုန် မည်စိုး၍ ဖွံ့ဖြိုးရေးအချိန်ကို ဘာသာရပ် ဝင်သင်သည်များ လုံးဝမဖြစ်သင့်ပေ။ လှုပ်ရှားမှုများတွင် ကလေးများ တက်တက်ကြွကြွ ပါဝင်လိုစိတ်ရှိနေရ ပါမည်။ လုပ်အားပေးသွား၊ ဆေးရုံ၊ ရဲစခန်း၊ ပြတိုက်၊ စက်ရုံ၊ မွေးမြူရေးခြံ၊ လယ်ကွင်းများသို့ လေ့လာရေးဆင်းရ ပါမည်။ မိဘများကလည်း ကိုယ့်သား သမီး စကားရည်လုပွဲဝင်ရောက်ယှဉ်ပြိုင် ခြင်း၊ ဗဟုသုတဖြစ်စေမည့် အားကျစရာ၊ အတုယူစရာဖြစ်မည့် ခေါင်းစဉ်တစ်ခုခု ကို ဦးဆောင်ဟောပြောခြင်း၊ စာစီစာကုံး ပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲများတွင် ဝင်ရောက် ယှဉ်ပြိုင်ခြင်း၊ စက်ရုံ၊ အလုပ်ရုံများသို့ သွားရောက်လေ့လာပြီး အတွေ့အကြုံ များကို ပြန်ပြောနေခြင်းတို့ကို အားပေး ရပါမည်။ ပြီးလျှင် အားကစားကွင်း၌ ပျော်ပျော်ရွှင်ရွှင်ကစားနိုင်ရန် စီစဉ်ပေးရ ပါမည်။ ထိုသို့ အားပေးသည့်ကျောင်းကို ရွေးပြီး မိမိကလေးကို ထားစေချင်ပါ သည်။ ထိုသို့ ဉာဏ်မျက်စိဖွင့်ပေးသော ကျောင်းများအဖြစ် ယနေ့မြန်မာ့ကျောင်း များကို ပညာရေးဝန်ကြီးဌာနကလည်း မဖြစ်မနေအသွင်ပြောင်းပေးရန် လိုအပ် ပါသည်။
လူ့သက်တမ်း၏ လေးပုံတစ်ပုံသာ ကျောင်းတွင်နေရသည်ဖြစ်၍ ကျောင်း ပြင်ပ လူ့အဖွဲ့အစည်းများနှင့်အတူ ပူးပေါင်းဆောင်ရွက်ပြီး အသက်ရှင်သွား ရမည့် လူ့သက်တမ်းက ကျောင်းတွင် နေရသည်ထက် ပိုကြာပါသည်။ ထို့ ကြောင့် လူအများကြား သွားတတ်၊ လာ တတ်၊ နေထိုင်တတ်ပါမှ လူမှုဆက်ဆံ ရေး၊ ပြည်သူ့နီတိ၊ ကိုယ်ကျင့်တရား၊ လောကဝတ်၊ ယဉ်ကျေးပျူငှာခြင်းနှင့် သည်းခံနိုင်မှုများကို ပိုမိုရင့်သန်စေနိုင် ပါသည်။
တန်ဖိုးမြင့်နိုင်ငံသား ကိုယ်ရည်ကိုယ်သွေးများ
လူအချင်းချင်း အပြန်အလှန် နားလည်မှုကို ကျောင်းတက်ရင်း၊ စာသင် ရင်း လက်တွေ့ကျင့်သုံးတတ်စေရန် လေ့ကျင့်ပေးနေခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် “ကျောင်းဆို သည်မှာ အနာဂတ်လူ့အဖွဲ့အစည်းနှင့် တစ်ကိုယ်ရေဘဝအတွက် ကြိုတင် ပြင်ဆင် လေ့ကျင့်ပေးသောနေရာ”ဖြစ်၍ ဖြစ်ပါသည်။ ထိုပြည်သူ့နီတိ၊ ယဉ်ကျေးမှု ပျူငှာမှုနှင့် ကိုယ်ကျင့်တရားကောင်းမွန် မှုများ အထုံဖြစ်လာပြီဆိုလျှင် မိမိတို့ သားသမီးများ ပွင့်သည့်ဉာဏ်ဖြင့် လောကကိုကြည့်တတ်သည့် လူကောင်း လူတော်များ ဖြစ်လာကြပေပြီ။
လူကောင်းဆိုသူများသည် ဆိုးသွမ်း သူများ သွားသည့်အရပ်ဖြစ်သော ထောင် နှင့် အလှမ်းဝေးပါတော့သည်။ သို့မှသာ ကျောင်းသည် ထောင်နှင့် မနှိုင်းယှဉ်အပ် သော နေရာအဖြစ် ထာဝရရပ်တည်နေ မည်။ ထို့ကြောင့် မြန်မာ့ကလေးများ အလိမ္မာအပေါင်း ခညောင်းပြီး ပညာ ကောင်းသည့် တန်ဖိုးမြင့်နိုင်ငံသား ကိုယ်ရည်ကိုယ်သွေးများ ပိုင်ဆိုင်ရန် အတွက် မြန်မာ့ပညာရေးလောကတွင် ဉာဏ်မျက်စိကို ပွင့်စေသော ကျောင်း ကောင်းများ၏ စာသင်ခန်းများ များများ ဖြစ်ထွန်းနေစေရန် မိဘနိုင်ငံသားများ ကလည်း ပညာရေးဌာနနှင့် ဝိုင်းဝန်းပံ့ပိုး တည်ထောင်နိုင်ရပါလိမ့်မည်။ စိတ်ဓာတ် ရေးရာတွင် အဆင့်အတန်းမြင့်မားသည့်၊ တစ်နည်းအားဖြင့် လူ့အဖွဲ့အစည်း ကောင်းကျိုးသယ်ပိုးလိုသည့် လူကောင်း လူတော်များ ပေါကြွယ်ဝနေမှသာ ယနေ့ ၂၁ ရာစု၌ ယခုဆောင်းပါးအစတွင် ရစ်ချက်အာဂရင်း ပြောကြားခဲ့သည့် ကမ္ဘာ့အနာဂတ် “ကောင်းကျိုး သက်ရောက်မှုကို အာမခံနိုင်သည့်” ငြိမ်းချမ်းပြီး ဖွံ့ဖြိုးတိုးတက်သည့် မြန်မာ့ ရပ်ကွက်ကို ကမ္ဘာ့ရွာကြီးတွင် ကြွားကြွား ဝင့်ဝင့်ထူထောင်နိုင်မည်ဖြစ်ပါသည်။
သို့ဖြစ်၍ “မြန်မာ့လူ့အဖွဲ့အစည်း တိုးတက်ဖွံ့ဖြိုးမှုအစ၊ ဉာဏ်မျက်စိ ဖွင့်ပေးသည့် ကျောင်းများက” ဟု ကျွန်တော်၏ ပညာရေးအမြင်ကို ရေးသားတင်ပြလိုက်ရပါသည်။ ။
- Log in to post comments