
နေပြည်တော် နိုဝင်ဘာ ၁၁
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသံအမတ်ကြီးH.E Mr. Saurabh Kumar အား ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ သည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် အိန္ဒိယ နှစ်နိုင်ငံ အကြား ပူးပေါင်းဆောင်ရွက်မှုအဖြစ် ဖွင့်လှစ်ထား သော မြန်မာသတင်းအချက်အလက်နည်းပညာ တက္ကသိုလ်၏ သင်ကြားသင်ယူမှုကိစ္စရပ်များ၊ အိုင်စီတီနယ်ပယ်တွင် လူသားအရင်းအမြစ် ပြုစု ပျိုးထောင်ခြင်းများကို ပိုမိုတိုးတက်အောင် ဆောင်ရွက်သွားမည့်အခြေအနေ၊ အိန္ဒိယနိုင်ငံရှိ India Institute of Information Technology– Bangalore (IIIT-B) နှင့် တက္ကသိုလ်အချင်းချင်း ဆက်လက် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေ၊ မြန်မာနိုင်ငံအတွက် အရေးပါသော ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍနှင့် ဇီဝနည်းပညာကဏ္ဍ တို့တွင် ပူးပေါင်းဆောင်ရွက်မည့်အစီအစဉ်၊ မန္တလေး နည်းပညာတက္ကသိုလ်တွင် Remote Sensing ဌာန နှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်နိုင်မည့် အခြေ အနေများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်