ပျဉ်းမနားစိုက်ပျိုးရေးသိပ္ပံကျောင်းသို့ ကြည့်ရှုစစ်ဆေး

စိုက်ပျိုးရေးသိပ္ပံကျောင်းများအချင်းချင်းအကြား အသိပညာ၊ နည်းပညာဖလှယ်ရေး 
အင်တာနက်ကွန်ရက် ချိတ်ဆက်ရေးဆိုင်ရာများ ဆွေးနွေးမှာကြား

 

နေပြည်တော်  နိုဝင်ဘာ  ၇


စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးသည် ယနေ့တွင် ပျဉ်းမနားစိုက်ပျိုးရေးသိပ္ပံကျောင်း ရွှေရတုအထိမ်း အမှတ်  ခန်းမဆောင်တွင် ကျောင်းအုပ်ဆရာမကြီးနှင့် ဘာသာရပ်ဆိုင်ရာ ဆရာ ဆရာမများ၊  ကျောင်းစီမံ အုပ်ချုပ်ရေး    ဝန်ထမ်းများကို တွေ့ဆုံအမှာစကား ပြောကြား၍ ဆန်၊  ဆီနှင့်  စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်သည်။


ကြည့်ရှုစစ်ဆေး


ထို့နောက် စိုက်ပျိုးရေးသိပ္ပံကျောင်းဝင်းအတွင်း  လှည့်လည်ကြည့်ရှုစစ်ဆေးပြီး အစောဆုံး(၁၉၂၄)ခုနှစ်က  တည်ဆောက်ခဲ့သည့်  နှစ်တစ်ရာနီးပါး သက်တမ်းရှိ  ရှေးဟောင်း ကျောင်းအဆောက်အအုံများ ထိန်းသိမ်းရေးနှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်း သာယာရေးဆိုင်ရာများကိုလည်းကောင်း၊ စိုက်ပျိုးရေး သိပ္ပံကျောင်း စာကြည့်တိုက်များ အဆင့်မြှင့်တင်ရေး၊ စိုက်ပျိုးရေးတက္ကသိုလ်၊  မွေးမြူရေးဆိုင်ရာ  ဆေး တက္ကသိုလ်များရှိ  စာကြည့်တိုက်ကွန်ရက်များနှင့် ချိတ်ဆက်အသုံးပြုနိုင်ရေး၊ စိုက်ပျိုးရေးသိပ္ပံကျောင်း များအချင်းချင်းအကြား အသိပညာ၊ နည်းပညာ ဖလှယ်ရေး၊   အင်တာနက်ကွန်ရက်  ချိတ်ဆက်ရေး ဆိုင်ရာများကိုလည်းကောင်း၊ ဝန်ထမ်းအိမ်ရာများ တွင် အာဟာရပြည့်ဝရေးနှင့် မိသားစုဝင်ငွေရရှိရေး အတွက်  တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေးလုပ်ကိုင် နိုင်ရေး အားပေးကူညီဆောင်ရွက်ရန် လိုအပ်ချက်များ ကိုလည်းကောင်း၊ ဆောက်လုပ်ဆဲ ဝန်ထမ်းအိမ်ရာ များ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ဆောက်လုပ် ပြီးစီးရေးကိုလည်းကောင်း ဆွေးနွေးမှာကြားသည်။


ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လာမည့် စာသင်နှစ်တွင် စတင်ဖွင့်လှစ်မည့် မွေးမြူရေး ဒီပလိုမာ  သင်တန်းတိုးချဲ့ဖွင့်လှစ်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသော  မွေးမြူရေးပညာ  စာသင် ဆောင်၊ ဓာတ်ခွဲခန်း၊ လက်တွေ့သင်တန်း အထောက် အကူပြု  အဆောက်အအုံများ  ဆောက်လုပ်ရေး လုပ်ငန်းခွင်သို့ ရောက်ရှိစစ်ဆေးကြည့်ရှုရာ တာဝန်ရှိ သူများက သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်း တင်ပြကြသည်။
တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းများ သတ်မှတ်ကာလအတွင်း အရည်အသွေး စံချိန်စံညွှန်းပြည့်မီစွာ ပြီးစီးရေး၊ ငွေစာရင်းဆိုင်ရာ စီမံခန့်ခွဲမှုဆိုင်ရာ   လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရေး၊ ကျောင်းဖွင့်ရာသီအမီ ဆောင်ရွက်ရ မည့် အကြိုလုပ်ငန်းများ စနစ်တကျ ရေးဆွဲချမှတ် ဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြား သည်။


ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စိုက်ပျိုးရေး     အလေ့အကျင့်ကောင်းများ   GAP  ဟင်းသီးဟင်းရွက်စံပြစိုက်ခင်းသို့ ရောက်ရှိကြပြီး ဒေသနေပြည်သူများ၊ ပုဂ္ဂလိကများအား နည်းပညာပေး ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။
ဖွင့်လှစ်ထားရှိ


မြန်မာနိုင်ငံတွင် စိုက်ပျိုးရေးတက္ကသိုလ်တစ်ခု၊ မွေးမြူရေးဆိုင်ရာ   ဆေးတက္ကသိုလ်   တစ်ခုရှိပြီး စိုက်ပျိုးရေးသိပ္ပံကျောင်း ၁၅  ကျောင်းကို တိုင်းဒေသ ကြီး/ ပြည်နယ်အသီးသီးတွင် ဖွင့်လှစ်ထားရှိသည်။ ယခုအခါ မွေးမြူရေးကဏ္ဍတွင် လိုအပ်လျက်ရှိနေ သည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်း ကျွမ်းကျင်သူ များ သင်ကြားလေ့ကျင့် မွေးထုတ်ပေးနိုင်ရေးအတွက်  စိုက်ပျိုးရေးသိပ္ပံကျောင်းများတွင် ယခုနှစ် ကျောင်းဖွင့် ရာသီမှစတင်၍  မွေးမြူရေးဒီပလိုမာသင်တန်းများ တိုးချဲ့ဖွင့်လှစ်ရေး  ဆောင်ရွက်လျက်ရှိပြီး  စက်မှု လယ်ယာ ဒီပလိုမာသင်တန်းများ တိုးချဲ့ဖွင့်လှစ်ရေး ကိုလည်း  မျှော်မှန်းဆောင်ရွက်လျက်ရှိနေကြောင်း၊ လက်တွေ့အသုံးချ ပညာရပ်များကို အသက်မွေးဝမ်း ကျောင်းပညာရပ်များအဖြစ်  အသုံးပြုလုပ်ကိုင်နိုင် ကြခြင်းဖြင့် လူငယ်များအတွက် အစိုးရဌာနများနှင့် ပုဂ္ဂလိကလုပ်ငန်းများတွင် အလုပ်အကိုင် အခွင့် အလမ်းရရှိရေးသာမက စိုက်ပျိုးမွေးမြူရေးလုပ်ငန်း များတွင် ကိုယ်တိုင်လုပ်ကိုင်ကြမည့် လယ်ယာစီးပွား လုပ်ငန်းရှင်များ ပေါ်ထွက်လာခြင်းကြောင့်  လယ်ယာ ကဏ္ဍဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန် ကောင်းမွန်လာ စေရန်     ရည်ရွယ်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။                                    

    သတင်းစဉ်