ဘရန့်ဖို့ဒ်ကို အနိုင်ရပြီး နာရီပိုင်းအကြာတွင် ဖာကီကို နည်းပြအဖြစ်မှ ထုတ်ပယ်လိုက်သည့် နော့ဝှစ်ချ်

 

ပရီမီယာလိဂ်ကလပ် နော့ဝှစ်ချ်အသင်းသည် ယခုနှစ် ရာသီတွင် ပထမဆုံး ပရီမီယာလိဂ်နိုင်ပွဲအဖြစ် စနေ နေ့က ဘရန့်ဖို့ဒ်အသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင် ရရှိပြီး   နာရီပိုင်းအကြာတွင်   ဒန်နီရယ်ဖာကီကို နည်းပြအဖြစ်မှ ထုတ်ပယ်လိုက်ကြောင်း သတင်းများ တွင် ဖော်ပြထားသည်။ ဖာကီ၏ နော့ဝှစ်ချ်အသင်း သည် ယခုနှစ်ရာသီ ပရီမီယာလိဂ်တွင် ရလဒ်ဆိုးများ နှင့်ကြုံတွေ့နေရပြီး ပွဲစဉ် (၁၁) အပြီးတွင် တစ်ပွဲနိုင်၊ နှစ်ပွဲသရေနှင့် ရှစ်ပွဲအထိ ရှုံးနိမ့်ထားကာ ရမှတ် ငါးမှတ်ဖြင့်      အမှတ်ပေးဇယားအောက်ဆုံးတွင် ရပ်တည်နေသည်။

 


ထို့အပြင် နော့ဝှစ်ချ်အသင်းသည် အဆိုပါ ၁၁ ပွဲ တွင် ရဂိုးက ငါးဂိုးသာရှိပြီး ပေးဂိုးက ၂၆ ဂိုးအထိရှိ နေသည့်အတွက် တိုက်စစ်၊ ခံစစ်အဆိုးရွားဆုံးအသင်း အဖြစ်     ရှိနေခြင်းလည်းဖြစ်သည်။    ဖာကီသည် နော့ဝှစ်ချ်အသင်းကို ၂၀၁၇ ခုနှစ်နောက်ပိုင်း ချန်ပီယံ ရှစ်မှ   ပရီမီယာလိဂ်သို့   တန်းတက်ခွင့်ရအောင် နှစ်ကြိမ် ကူညီပေးထားနိုင်သူ ဖြစ်သည်။ 

 


အသက် ၄၅ နှစ်အရွယ်ရှိ ဂျာမန်လူမျိုးနည်းပြ ဖာကီသည် နော့ဝှစ်ချ်အသင်းကို ၂၀၁၇ ခုနှစ် မေလ တွင် စတင်တာဝန်ယူကိုင်တွယ်ခဲ့ပြီး ၂၀၈ ပွဲတွင် ၈၇ ပွဲနိုင်၊ ၄၉ ပွဲသရေ၊ ၇၂ ပွဲ  ရှုံးနိမ့်ထားသည်။ နော့ဝှစ်ချ် အသင်းသည် နိုဝင်ဘာ ၂၀ ရက်မတိုင်မီ နည်းပြသစ်ကို ခန့်အပ်သွားဖွယ်ရှိသည်။                      

အောင်ဇော်