
မိမိတို့ဆောင်ရွက်သည့် လုပ်ငန်းရပ်များသည် ပြည်သူလူထုအတွက် အကျိုးရှိစေနိုင်သည့်
လုပ်ငန်းရပ်များဖြစ်ရန်လိုပြီး နိုင်ငံအား ထိခိုက်မှုဖြစ်စေနိုင်သည့် လှုံ့ဆော်မှုမျိုးမဖြစ်ရန်လို
နေပြည်တော် အောက်တိုဘာ ၃၁
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် စာပေ၊ ရုပ်ရှင်၊ သဘင်၊ ဂီတ အနုပညာရှင်များနှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ ကုန်းမြင့်သာရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင် တွင် တွေ့ဆုံပြီး စာပေ၊ ရုပ်ရှင်၊ သဘင်၊ ဂီတပိုင်း ဆိုင်ရာ ကဏ္ဍများမှတစ်ဆင့် နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေး လုပ်ဆောင်နိုင်မည့် အခြေအနေများ နှင့်ပတ်သက်၍ ဆွေးနွေးပြောကြားသည်။
တက်ရောက်
အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်အတူ ကောင်စီအဖွဲ့ဝင်များ၊ ကောင်စီတွဲဖက်အတွင်းရေးမှူး၊ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးဝန်ကြီး ချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိ ကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ မြို့တော်ဝန်၊ မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ မျိုးသန့်တင်၊ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးနာယကနှင့် ယာယီဦးစီးကော်မတီ ဥက္ကဋ္ဌ အကယ်ဒမီ ဒါရိုက်တာ စည်သူဦးကြည်စိုးထွန်း၊ မြန်မာနိုင်ငံ ဗဟိုသဘင်အစည်းအရုံး ဒုတိယဥက္ကဋ္ဌ ဦးစိန်မြအောင်၊ မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို) ယာယီအမှုဆောင်အဖွဲ့ နာယက ဦးမောင်မောင်လတ် တို့နှင့် စာပေ၊ ရုပ်ရှင်၊ သဘင်၊ ဂီတရပ်ဝန်းမှ နိုင်ငံကျော် အနုပညာရှင်၊ အတတ်ပညာရှင်များ တက်ရောက်ကြသည်။
လှုံ့ဆော်တိုက်တွန်းဆောင်ရွက်
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် စာပေ၊ ရုပ်ရှင်၊ ဂီတ၊ သဘင် အဖွဲ့ အစည်းများသည် သမိုင်းကြောင်းရှိသည့် အဖွဲ့အစည်း များဖြစ်ကြောင်း၊ မိမိတို့သည် အမွေဆက်ခံသည့် သူများဖြစ်ကြကြောင်း၊ လွတ်လပ်ရေးကြိုးပမ်းမှု ကာလတစ်လျှောက်တွင် စာပေနှင့် ပတ်သက်သည့် ပုဂ္ဂိုလ်များနှင့် အနုပညာနှင့်ပတ်သက်သည့် ပုဂ္ဂိုလ် များက လွတ်လပ်ရေးရရှိအောင် ဆောင်ရွက်ရာ၌ လှုံ့ဆော်မှုများတွင် နိုင်ငံရေးအရ ပါဝင်ဆောင်ရွက် ပေးခဲ့ကြကြောင်း၊ လွတ်လပ်ရေး ရရှိပြီးချိန် နောက်ပိုင်း တိုင်းပြည်ငြိမ်းချမ်းရေးအတွက် လှုံ့ဆော် တိုက်တွန်းဆောင်ရွက်ပေးခဲ့မှုများရှိကြောင်း၊ မိမိတို့ နိုင်ငံ၏ ခေတ်အဆက်ဆက်၊ အစိုးရအဆက်ဆက် ပြောင်းလဲခဲ့ချိန်တွင်လည်း စာပေ၊ ရုပ်ရှင်၊ ဂီတ၊ သဘင်အဖွဲ့အစည်းများ အားလုံးသည် ကဏ္ဍ အသီးသီးမှ ပါဝင်ခဲ့ကြကြောင်း၊ လွတ်လပ်ရေး ကြိုးပမ်းမှုကာလတွင် နိုင်ငံရေးအရပါဝင် ဆောင်ရွက် ခဲ့ကြသကဲ့သို့ လွတ်လပ်ရေး ရရှိပြီးချိန် နောက်ပိုင်း တွင်လည်း နိုင်ငံတိုးတက်ရေးအတွက် အစိုးရ၏ မူဝါဒများအပေါ် မူတည်၍ လှုပ်ရှားဆောင်ရွက်ခဲ့ကြ ကြောင်း၊ အနုပညာရှင်များအားလုံးသည် ပြည်သူများ အားလုံး၏ Motivation စိတ်ခံစားမှုများကို တက်ကြွအောင် ဆောင်ရွက်ပေးပြီး ခေတ်ရေစီး ကြောင်းတွင် ပါဝင်လာအောင် ဆောင်ရွက်ပေးရသည့် အဖွဲ့အစည်းများဖြစ်ကြောင်း၊ ခေတ်အဆက်ဆက် ပြည်သူလူထုကို ဖျော်ဖြေရာတွင် မြန်မာ့ရိုးရာ ယဉ်ကျေးမှုနှင့် အမျိုးသားရေးစရိုက်လက္ခဏာများ ကိုထိန်းသိမ်း၍ နိုင်ငံ၏ ရေစီးကြောင်းပေါ်တွင်ပါ လာအောင် ဆောင်ရွက်ခဲ့ကြကြောင်း။
ခေတ်၏လိုအပ်ချက်များအတိုင်း ဆောင်ရွက်
အနုပညာရှင် (ဝါဂီနစ်) များသည် နိုင်ငံ၏ အကျိုး ကို ဆောင်ရွက်ခဲ့ကြသူများဖြစ်ပြီး သမိုင်းမှတ်တမ်း များအရလည်း နိုင်ငံ့အကျိုးကို ဆောင်ရွက်ခဲ့ကြ သည်ကို တွေ့မြင်ရမည်ဖြစ်ကာ ခေတ်၏လိုအပ်ချက် များအတိုင်း ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်ကြောင်း၊ ရုပ်ရှင် အစည်းအရုံးတွင် “ရုပ်ရှင်သည် ပြည်သူ့ အတွက်”၊ ဂီတအစည်းအရုံးတွင် “ဂီတ စွမ်းအား ပြည်ထွန်းကား”၊ စာနယ်ဇင်းကောင်စီတွင် “စာပေ မြင့်မှ လူမျိုးတင့်မည်”၊ သဘင်အစည်းအရုံးတွင် “အမျိုးသားရေးအတွက် သဘင်၊ နိုင်ငံဆည်းလည်း သဘင်၊ ပြည်သူ့အသဲစွဲ သဘင်” ဟူ၍ ဆောင်ပုဒ်များ ရှိပြီး အဆိုပါဆောင်ပုဒ်များအရ အားလုံးမှာ တိုင်းပြည်အတွက် ဆောင်ရွက်သည့် ရည်ရွယ်ချက် များပင်ဖြစ်ကြောင်း၊ ယခုအခါ စာပေနှင့် ပတ်သက်၍ ပုံနှိပ်မီဒီယာများ၏ အခန်းကဏ္ဍ ကျဆင်းလာပြီး အွန်လိုင်းမီဒီယာများ၏ အခန်းကဏ္ဍများ စိုးမိုးလာ သည်ကိုတွေ့ရကြောင်း၊ အလားတူ ယဉ်ကျေးမှုနှင့် ပတ်သက်၍ ရုပ်ရှင်ကြီးများ၏ အခန်းကဏ္ဍကျဆင်း လာသကဲ့သို့ ဂီတနှင့် ပတ်သက်၍လည်း အနောက် နိုင်ငံများ၏ ဂီတများ လွှမ်းခြုံလာသည်ကို သတိပြုမိ ကြောင်း၊ စာဖတ်မှုများ အားနည်းလာပြီး စာကောင်း ပေမွန်များမှရရှိသည့် ကောင်းမွန်သည့် အသိများ နည်းလာခြင်းကြောင့် လူများ၏ တုံ့ပြန်မှုမှာလည်း ပြောင်းလဲလာကြောင်း၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီနိုင်ငံတစ်ခု ဖြစ်စေရန်အတွက် ပညာ ရေးစနစ် ကောင်းမွန်ရန်လိုကြောင်း၊ ပညာတတ်မှသာ အသိပညာ အတတ်ပညာများ ရရှိမည်ဖြစ်သဖြင့် အနုပညာရှင်များအနေဖြင့် မိမိတို့နိုင်ငံတိုးတက်ရေး အတွက် အဓိကအရေးကြီးသည့် ပညာရေးနှင့် ပတ်သက်၍ ဝိုင်းဝန်းနှိုးဆော် တိုက်တွန်းပေးကြ စေလိုကြောင်း၊ မိမိတို့နိုင်ငံကို ချစ်သည်ဆိုပါက နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် ပညာရေးကို အားပေး ဆောင်ရွက်ကြရန်လိုကြောင်း။
ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားချိန်တွင် မိမိတို့နိုင်ငံ၏ အဓိကအခက်အခဲမှာ ပစ္စည်းများ စုံလင်မှုမရှိခြင်းနှင့် ဆေးဝါးပစ္စည်းများ စုံလင်မှုမရှိခြင်း၊ လူသား အရင်းအမြစ် နည်းပါးခြင်းတို့ကြောင့် အကျပ် အတည်းများ ဖြစ်ပေါ်ခဲ့ကြောင်း၊ မိမိတို့နိုင်ငံသည် လှူတန်းလိုစိတ်ရှိသူများ ပေါများခြင်းတို့ကြောင့် အခက်အခဲဖြစ်ပေါ်ချိန်တွင် အားလုံး ဝိုင်းဝန်းဆောင် ရွက်ခဲ့ကြသကဲ့သို့ မိတ်ဆွေနိုင်ငံများမှလည်း ကူညီ ခဲ့ကြမှုများရှိခဲ့ကြောင်း၊ ယခုအခါ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများ ကျဆင်းသွားပြီဖြစ်ကြောင်း၊ ကျန်ရှိ သည့် ရောဂါဖြစ်ပွားမှုနှုန်း မြင့်တက်လျက်ရှိသည့် ဒေသများတွင်လည်း ကူးစက်မှုနှုန်း ကျဆင်းရေး အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ ကိုဗစ် ကြောင့် တုံ့ဆိုင်းခဲ့ရသည့် နိုင်ငံ့ယန္တရားများ ပြန်လည် လည်ပတ်နိုင်ရေးအတွက်လည်း အနုပညာရှင်များ အနေဖြင့် ဝိုင်းဝန်းကူညီပါဝင် ဆောင်ရွက်ကြစေလို ကြောင်း၊ မိမိတို့အနေဖြင့် တပ်မတော်မှ ပေးအပ် ထားသည့် ကတိအတိုင်း ရှေ့လုပ်ငန်းစဉ်များနှင့် ဦးတည်ချက်များ ချမှတ်၍ ဆောင်ရွက်လျက်ရှိ ကြောင်း၊ ရှေ့လုပ်ငန်းစဉ်များအား အကောင်အထည် ဖော် ဆောင်ရွက်ပြီးချိန်တွင် မိမိတို့နိုင်ငံ၏ လမ်းကြောင်းအား ပြန်လည်တည့်မတ်အောင် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ပါတီစုံဒီမိုကရေစီ လမ်းကြောင်းသည် ပြည်သူများက ရွေးချယ်ဆောင် ရွက်ထားသည့် နိုင်ငံရေးလမ်းကြောင်းဖြစ်သဖြင့် စည်းကမ်းရှိသည့် ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ တိုင်းပြည်တည်ဆောက်ရေး လုပ်ငန်းများ ဖြစ်သည့် State Building၊ Nation Building များ တည်ဆောက်ရာတွင် အနုပညာရှင်များ၏ အခန်း ကဏ္ဍမှာ အရေးကြီးကြောင်း၊ စာပေမှ တိုက်တွန်း ချက်များ၊ လုပ်ဆောင်ချက်များ များစွာဆောင်ရွက်၍ ရကြောင်း၊ စာဖတ်ခြင်းမှသိရှိရသည့် အသိပညာများမှ ဖြန့်ဝေခံစား ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ အလားတူ ဂီတကဏ္ဍသည်လည်း လူတစ်ဦး ကလေးငယ်မှစ၍ သားချော့တေးမှစတင်ပြီး ကလေးငယ်၏ စိတ်ကို ဂီတဖြင့် ပြုပြင်သွားခြင်းပင်ဖြစ်ကြောင်း၊ ဂီတသည် လူများ၏ Mind Set ကို ပြုပြင်ပေးနိုင်သကဲ့သို့ နိုင်ငံကို ဖျက်ဆီးနိုင်မှုများလည်းရှိကြောင်း၊ ရုပ်ရှင် ကဏ္ဍသည်လည်း လူများ၏ စိတ်ကိုပြောင်းလဲနိုင် ကြောင်း၊ သဘင်ကဏ္ဍသည် ယဉ်ကျေးမှုနှင့် ပတ်သက်၍ ထိန်းသိမ်းပေးသည့် ပညာရပ်ဖြစ်သဖြင့် အရေးကြီးကြောင်း၊ ထို့ကြောင့် အနုပညာအဖွဲ့အစည်း များသည် နိုင်ငံအတွက် အရေးပါသည့် အဖွဲ့အစည်း များပင်ဖြစ်ကြောင်း။
စည်းမျဉ်းစည်ကမ်းများကို လိုက်နာ
ဖြစ်ပေါ်ခဲ့သည့် အခြေအနေများတွင် အချို့ အနေဖြင့် စိတ်ခံစားမှုနှင့် လှုံ့ဆော်မှုများကြောင့် မှားယွင်းမှုများ ရှိခဲ့သော်လည်း မိမိအနေဖြင့် ခွင့်လွှတ်ပေးပြီး အရေးယူထားသူများအား ပြန်လွှတ် ပေးခဲ့ကြောင်း၊ အနုပညာနှင့်ပတ်သက်၍ ဆောင်ရွက် နေချိန်တွင် မိမိကိုယ်တိုင်ကောင်းရန်နှင့် ပတ်ဝန်းကျင် ကောင်းရန်အတွက် ရည်ရွယ်ဆောင်ရွက်ရန်လို ကြောင်း၊ နိုင်ငံကောင်းစေရန်အတွက် အနုပညာရှင် များအနေဖြင့် ဝိုင်းဝန်းဆောင်ရွက်ကြစေ လိုကြောင်း၊ မိမိတို့ ဆောင်ရွက်သည့် လုပ်ငန်းရပ်များသည် ပြည်သူလူထုအတွက် အကျိုးရှိစေနိုင်သည့် လုပ်ငန်း ရပ်များဖြစ်ရန်လိုပြီး နိုင်ငံအား ထိခိုက်မှုဖြစ်စေ နိုင်သည့် လှုံ့ဆော်မှုမျိုးမဖြစ်ရန်လိုကြောင်း၊ မိမိတို့ သက်ဆိုင်ရာကဏ္ဍအလိုက် စည်းမျဉ်းစည်ကမ်း များကို လိုက်နာကြရန်လိုကြောင်း။
ညီညီညွတ်ညွတ်ဖြင့် ဆောင်ရွက်
ကိုဗစ်-၁၉ ရောဂါကြောင့် နိုင်ငံ၏ ယန္တရားများ ရပ်တန့်ခဲ့ရပြီး ပြန်လည်ဆောင်ရွက်ချိန်တွင် အနုပညာအဖွဲ့အစည်းများအားလုံး ညီညီညွတ်ညွတ် ဖြင့် ပါဝင်ဆောင်ရွက်စေလိုကြောင်း၊ နိုင်ငံအတွင်းရှိ အဖွဲ့အစည်းများအားလုံး ညီညီညွတ်ညွတ်ရှိပါက အားလုံးကို ရင်ဆိုင်ဖြတ်ကျော်နိုင်ကြောင်း၊ ၂၀၁၈ ခုနှစ်မှစတင်၍ ကျဆင်းခဲ့သည့်နိုင်ငံ၏ စီးပွားရေး ပြန်လည် ဦးမော့လာစေရန်အတွက် မိမိတို့အနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့နိုင်ငံ သည် စိုက်ပျိုးမွေးမြူရေး နိုင်ငံတစ်ခုဖြစ်သည့်အတွက် စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များအား ပြည်ပသို့ တင်ပို့ရောင်းချနိုင်ကြောင်း၊ ပညာရေးမြှင့်မှုများနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မိရိုးဖလာမှဖောက်ထွက်၍ ဆောင်ရွက်နိုင်မည်ဆို ပါက အခြေခံကောင်းများရှိသည့် မိမိတို့နိုင်ငံသည် လေးငါးနှစ်အတွင်း အာဆီယံနိုင်ငံများထဲ၌ အလယ် အလတ်အဆင့်သို့ ရောက်ရှိနိုင်သကဲ့သို့ ၁၀ နှစ်ခန့် အတွင်း ထိပ်တန်းနိုင်ငံအဆင့်သို့ ရောက်ရှိနိုင် ကြောင်း၊ ထိုကဲ့သို့ဆောင်ရွက်နိုင်ရန်အတွက် အရေး အကြီးဆုံးလိုအပ်ချက်မှာ ပြည်တွင်းရှိ အဖွဲ့အစည်း အားလုံး ညီညီညွတ်ညွတ်ဖြင့် ဆောင်ရွက်ကြရန် လိုကြောင်း၊ အလားတူ နိုင်ငံတကာနှင့် ဆက်ဆံရေး တွင်လည်း လုပ်သင့်လုပ်ထိုက်သည့် လုပ်ငန်းများကို ဆောင်ရွက်နိုင်မည်ဆိုပါက မိမိတို့နိုင်ငံတိုးတက် မည်ဖြစ်ကြောင်း၊ နိုဝင်ဘာ ၁ ရက်မှစ၍ နိုင်ငံ အတွင်းရှိ လုပ်ငန်းများအားလုံးပြန်လည် လည်ပတ် နိုင်ရေးခွင့်ပြုပေးပြီးဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက် ရာတွင်လည်း ကိုဗစ်-၁၉ စည်းကမ်းချက်များကို လည်း လိုက်နာဆောင်ရွက်ရန်လိုကြောင်း၊ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ပြည်သူများ စည်းကမ်း လိုက်နာစေရေး၊ နိုင်ငံနှင့် ပြည်သူအတွက်အကျိုးရှိ မည့် လုပ်ငန်းရပ်များတွင် ကျရာအခန်းကဏ္ဍမှ ပါဝင် ဆောင်ရွက်ကြစေလိုကြောင်း၊ အလားတူ မိမိတို့နိုင်ငံ ၏ အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက်ပျက်စေရေး ထိန်းသိမ်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က စာပေ၊ ရုပ်ရှင်၊ သဘင်၊ ဂီတ အနုပညာရပ်ဝန်းအသီးသီးအတွက် ရန်ပုံငွေ ကျပ်သိန်း ၄၀၀၀၊ ဆန်အိတ် ၁၀၀ ၊ ဆီပိဿာ ၅၀၀ နှင့် ပဲပိဿာ ၃၀၀ တို့အား ပေးအပ်ရာ စာပေနှင့် စာနယ်ဇင်းကဏ္ဍမှ စာပေပညာရှင်များကိုယ်စား မြန်မာနိုင်ငံ စာရေးဆရာအသင်း အတွင်းရေးမှူး ဦးညွန့်တင်၊ တွဲဖက်အတွင်းရေးမှူး ဦးမျိုးထွန်း (မောင်စိမ်းနောင် (လယ်ဝေး)) တို့ကလည်းကောင်း၊ မြန်မာနိုင်ငံရုပ်ရှင်ကဏ္ဍမှ အနုပညာရှင်များကိုယ်စား မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး ဒုတိယဥက္ကဋ္ဌ ဦးအေးကြူလေး၊ အတွင်းရေးမှူး ဦးဇော်မြင့်ဦးတို့က လည်းကောင်း၊ မြန်မာနိုင်ငံ သဘင်ပညာရှင်များ ကိုယ်စား မြန်မာနိုင်ငံသဘင်အစည်းအရုံး အမှု ဆောင် ဦးဌေးလွင်နှင့် တာဝန်ရှိသူတစ်ဦးက လည်းကောင်း၊ မြန်မာနိုင်ငံ ဂီတပညာရှင်များ ကိုယ်စား မြန်မာနိုင်ငံဂီတ အစည်းအရုံး (ဗဟို) မှ ယာယီအမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးလွင်မြင့်နှင့် တာဝန် ရှိသူတစ်ဦးတို့က လည်းကောင်း လက်ခံရယူကြသည်။
ယင်းနောက် စာပေ၊ ရုပ်ရှင်၊ သဘင်၊ ဂီတ ကဏ္ဍ အသီးသီးမှ အနုပညာရှင်များ ကိုယ်စား မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးနာယကနှင့် ယာယီဦးစီးကော်မတီ ဥက္ကဋ္ဌ အကယ်ဒမီ ဒါရိုက်တာ စည်သူဦးကြည်စိုးထွန်း က ကျေးဇူးတင်စကားပြောကြားရာတွင် ယခု ကဲ့သို့ အနုပညာရပ်ဝန်းအသီးသီးမှ အနုပညာရှင်များအား တွေ့ဆုံ၍ စားသောက်ဖွယ်ရာများနှင့် ရန်ပုံငွေများ ပေးအပ်သည့်အတွက် နိုင်ငံတော်အကြီးအကဲနှင့် တာဝန်ရှိသူများ အားလုံးကို ကျေးဇူးတင်ရှိပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပေါ်ခဲ့မှုကြောင့် မိမိတို့ အနုပညာရပ်ဝန်းအသီးသီးတွင် အခက်အခဲများ များစွာဖြစ်ပေါ်ခဲ့ရကြောင်း၊ မိမိတို့ အနုပညာရှင်များ အနေဖြင့် မိမိတို့တတ်မြောက်ထားသည့် အနုပညာ ပညာရပ်များဖြင့် တိုင်းပြည်အတွက် ကောင်းရာ ကောင်းကျိုးများကို တတ်စွမ်းသရွေ့ ဆက်လက် သယ်ပိုးထမ်းရွက်သွားမည် ဖြစ်ကြောင်းဖြင့် ပြောကြားသည်။
ရင်းရင်းနှီးနှီးနှုတ်ဆက်
အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်သည် တက်ရောက်လာကြသည့် စာပေ၊ ရုပ်ရှင်၊ သဘင်၊ ဂီတ ရပ်ဝန်းအသီးသီးမှ နိုင်ငံကျော်အနုပညာရှင်၊ အတတ်ပညာရှင်များအား လက်ဖက်ရည်ဝိုင်းဖြင့် တည်ခင်း ဧည့်ခံခဲ့ပြီး ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်