
မိုးညှင်း အောက်တိုဘာ ၂၄
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကာမိုင်းမြို့၌ အထက်ဘက်မှ မိုးများ သည်းထန်စွာရွာသွန်းမှု ကြောင့် ပေ ၉၀၀ တံတားအစပ် အောက်ခြေကို ရေများတိုက်စား သွားသဖြင့် တံတားချဉ်းကပ် ကားလမ်း ပျက်ကျခဲ့သည့်နေရာ အား ယာယီသံပေါင်ဘေလီတံတား ဆောက်လုပ်ပြီးစီး၍ အောက်တို ဘာ ၂၄ ရက် နံနက်ပိုင်းမှ စတင်ကာ မော်တော်ယာဉ်များ ဖြတ်သန်းသွားလာလျက်ရှိကြောင်း သိရသည်။
အောက်တိုဘာ ၂၂ ရက် နံနက် ၁၁ နာရီခန့်တွင် ကာမိုင်း-လဝါး သွား ကားလမ်းမပေါ်ရှိ ပေ ၉၀၀ တံတားအစပ် အောက်ခြေကို ရေများ တိုက်စားသွားသဖြင့် တံတားချဉ်းကပ်ကားလမ်း အနံ ပေ ၂၀၊ အလျား ၁၀ ပေခန့် ပျက်ကျသွားခဲ့ရာ ဒေသခံပြည်သူ များနှင့် ခရီးသွားပြည်သူများအား အန္တရာယ်မဖြစ်ပေါ်စေရေးအတွက် တာဝန်ရှိသူများက ကြိုးတား ပိတ်ဆို့ထားရှိပြီး ခရီးသွားပြည်သူ များအနေဖြင့် မိုးကောင်း-ပါဟုတ်- ကာမိုင်း လမ်းအတိုင်း သွားလာစေ ခဲ့ကြောင်း သိရသည်။
အဆိုပါ ပျက်ကျနေသော တံတားချဉ်းကပ် ကားလမ်းအပိုင်း ကို အမြန်ပြုပြင် ဆောင်ရွက်နိုင် ရန် ဖားကန့်မြို့နယ်လမ်းဦးစီး ဌာနမှ တာဝန်ရှိသူများ၊ မိုးကောင်း မြို့နယ် လမ်းဦးစီးဌာနမှတာဝန် ရှိသူများနှင့် ကာမိုင်းမြို့မှ တာဝန် ရှိသူများပူးပေါင်း၍ ကြီးကြပ်ပြီး ယာယီသံပေါင် ဘေလီတံတား ပေ ၃၀ ခန့် အမြန်ဆောင်ရွက်သွား နိုင်ရန် လိုအပ်သော ကျောက်တုံး ကျောက်ခဲများနှင့် ဆောက်လုပ်ရေး သုံးပစ္စည်းများ သယ်ယူစုဆောင်း ပြီး တံတား သံပေါင်တပ်ဆင်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေစဉ် အတွင်း ချဉ်းကပ်ကားလမ်းဘက်မှ အလျား ၁၀ ပေခန့် ထပ်မံပြတ်ကျ ခဲ့သဖြင့် မူလလျာထားခဲ့မှုအပေါ် ပေ ၄၀ ဘေလီတံတား ထပ်မံ တည်ဆောက်သွားရန် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
အောက်တိုဘာ ၂၃ ရက်တွင် ယာယီသံပေါင် ဘေလီတံတား တပ်ဆင်ခြင်းလုပ်ငန်းများ ဆောင် ရွက်ရာ၌ တံတားပိုင်ရိုက်ရန် လိုအပ်သောသစ်များနှင့် ကျောက် တုံး ကျောက်ခဲများကို ချဉ်းကပ် ကားလမ်း ပြတ်ကျသွားသော နေရာတွင် တံတားပိုင်ရိုက်ခြင်း၊ ကျောက်တုံး ကျောက်ခဲများ ဖြည့် သွင်းခြင်းလုပ်ငန်းများ ဆောင်ရွက် ခဲ့ရာ အောက်တိုဘာ ၂၄ ရက် နံနက်ပိုင်းမှစတင်၍ မော်တော် ယာဉ်များ ဖြတ်သန်းသွားလာလျက် ရှိကြောင်း သိရသည်။
ဇွဲသူရအောင်
(ပြန်/ဆက်)