
ပေါက်ပေါက်
ကိုဗစ်တတိယလှိုင်း ဖြစ်ပေါ်လာချိန်တွင် ပြည်သူများက ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရန် စိတ်အားထက်သန်လာကြသည်။ ကာကွယ်ဆေးနှစ်ကြိမ် ထိုးပြီးသူများကလည်း ဗီဇမျိုးပြောင်း အန္တရာယ်ကိုကြောက်၍ နောက်တစ်ကြိမ် ကာကွယ်ဆေးထိုးနှံရန် သင့်၊ မသင့် ဝိရောဓိဖြစ်နေကြသည်။ တချို့ကလည်း မိမိသဘောဖြင့် နောက်ထပ်တစ်ကြိမ် ထိုးနှံနေကြသူများလည်း တွေ့ရသည်။ သို့ပါ၍ အပိုဆောင်းကာကွယ်ဆေး ထိုးသင့်၊ မထိုးသင့် ကွဲကွဲပြားပြား ရေးသားဖော်ပြပေးလိုပါသည်။
အပိုဆောင်းကာကွယ်ဆေး ထိုးနှံသင့်သူများ
ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးနောက် ထပ်ဆောင်းကာကွယ်ဆေးအဖြစ် ထိုးနှံသောဆေး ကို Booster Dose , Booster Shots ဟု ခေါ်ပါ သည်။ အပိုဆောင်းကာကွယ်ဆေး ထိုးနှံသင့်သူများ မှာ -
l အကြောင်းကြောင်းကြောင့် ကိုယ်ခံအား အလွန်ကျဆင်းနေသူများနှင့် အသက် အလွန်ကြီးရင့်သူများမှာ ကာကွယ်ဆေး နှစ်ကြိမ် ထိုးပြီးသော်လည်း ကိုယ်ခံအား နည်းနေသည့်အတွက် ရောဂါကို ကာကွယ်နိုင်လောက်သည်အထိ ကိုယ်ခံ အား ပြည့်မီရန် လိုအပ်နေပါသည်။ ထို့ကြောင့် ထိုသူများကို Booster Dose ထိုးပေးဖို့လိုပါသည်။
l ရောဂါတစ်ခုခုကြောင့် ကိုယ်ခံအား ကျဆင်းအောင် ဆေးသောက်သုံးနေရ သူများ၊ ခန္ဓာကိုယ်အစိတ်အပိုင်း အစားထိုး လဲလှယ်ထားရသူများ၊ ကင်ဆာရောဂါဝေဒနာရှင်များ စသူတို့ တွင် ကိုယ်ခံအားအပြည့်အဝရနေရန် လိုအပ်သဖြင့် တတိယအကြိမ် ထိုးနှံပေး ဖို့လိုပါသည်။
အပိုဆောင်းကာကွယ်ဆေး မလိုအပ်သူများ
ကာကွယ်ဆေးထိုးနှံသည့်အခါ အကြိမ်ပြည့် ထိုးနှံဖို့လိုပါသည်။ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးချိန်နှင့်တစ်ပြိုင်နက် ခန္ဓာကိုယ်က ကိုယ်ခံ အားစနစ် စတင်ထုတ်လုပ်ပါသည်။ ယင်းစနစ်က အတိုင်းအတာတစ်ခုအထိ ကာကွယ်နိုင်ပြီး ကိုယ်ခံ အားများလည်း တက်လာပါပြီ။ သို့သော် ဒုတိယ တစ်ကြိမ် ထိုးလိုက်မှသာ ပထမအကြိမ်တက်လာ သော ကိုယ်ခံအားများကို ပိုမိုအားကောင်းစေရန်၊ ခိုင်ခံ့စေရန်၊ ပမာဏများစေရန်၊ ကာကွယ်နိုင်မှု အာနိသင် ပိုရှည်ကြာစေရန် လုပ်ဆောင်ပေးနိုင်မည် ဖြစ်ပါသည်။ ထို့ကြောင့် ပုံမှန်ကျန်းမာရေးအခြေ အနေကောင်းသူများက ကာကွယ်ဆေးနှစ်ကြိမ် ထိုးထားရုံဖြင့် လုံလောက်ပါသည်။ သို့သော် မလို အပ်ဘဲ တတိယအကြိမ် Booster Dose ထိုးခြင်းက ပြည့်ပြီးသားရေအိုးကို ထပ်ဖြည့်သည့်အနေအထား ဖြစ်၍ အမှန်တကယ်လိုအပ်သူများအတွက် ငဲ့ညှာ သင့်ပေသည်။
အမေရိကန်နိုင်ငံ၏ သတိပေးချက်
ကိုဗစ်-၁၉ ရောဂါအတွက် ကာကွယ်ဆေး နှစ်ကြိမ်ထိုးပြီးသူများအနေဖြင့် Booster Dose (ခေါ်) နောက်တစ်ကြိမ်ထိုးနှံရန် လိုအပ်ခြင်း ရှိ၊ မရှိနှင့်ပတ်သက်၍ အမေရိကန်နိုင်ငံ အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက အောက်ပါအတိုင်း ထုတ်ပြန်ကြေညာထားကြောင်း တွေ့ရသည်။
l Booster Dose ကို အသက် ၆၅ နှစ် အထက် အသက်ကြီးသူများ၊ ပြင်းထန် စွာ ရောဂါဖြစ်ပွားနိုင်ခြေရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် အန္တရာယ် ရှိအခြေအနေတွင် တာဝန်ထမ်းဆောင် နေသူများကို ထိုးနှံပေးဖို့လိုအပ်ပြီး ၎င်း အုပ်စုတွင် မပါဝင်သူများကို ထပ်မံထိုးနှံ ရန် မလိုအပ်ကြောင်း၊
l ကာကွယ်ဆေးထိုးနှံခြင်းက ရောဂါ ပြင်းထန်စွာခံစားရမှု၊ အသက်သေဆုံးမှု၊ ဆေးရုံတက်ရောက်ရမှု မဖြစ်အောင် ရည်ရွယ်ခြင်းဖြစ်ရာ လက်ရှိကာကွယ် ဆေး နှစ်ကြိမ်ထိုးနှံထားခြင်းက အဆိုပါ ရည်ရွယ်ချက်များကို ပြည့်မီပြီးသား ဖြစ်သည့်အတွက် Booster Dose ထပ်မံ ထိုးနှံဖို့ ဆုံးဖြတ်ချက်ပေးရန် ယခုအချိန် သည် စောနေသေးကြောင်း၊
l ကိုဗစ်-၁၉ ကာကွယ်ဆေး၏ အာနိသင် သည် အနည်းဆုံးခြောက်လ၊ ရှစ်လမှ တစ်နှစ်ကျော်အထိရှိနိုင်ပြီး လက်ရှိ ကာကွယ်ဆေးများ၏ အာနိသင်မှာ ကောင်းမွန်ကြောင်း၊
l ပြင်းထန်ဝေဒနာ ခံစားရသူများအနေဖြင့် ကာကွယ်ဆေး တတိယအကြိမ် ထိုးနှံ သင့်ပြီး အကယ်၍မလိုအပ်ဘဲ အသက် ငယ်ရွယ်သူများကို ထပ်ဆောင်းဆေး ထိုးနှံပေးခြင်းက တချို့မှာဆိုးကျိုးများဖြစ်စေသည်ကို တွေ့ရကြောင်း၊ ထို့ပြင် လက်ရှိအခြေအနေတွင် အသက် ၁၆ နှစ် အထက်များကို တတိယအကြိမ် ကာကွယ်ဆေးထိုးနှံရန် လုံလောက် သော အကြောင်းပြချက်မရှိသေးကြောင်း၊
l ခုခံအားဆိုင်ရာ ပညာရှင်များ၏ အထောက်အထား ဖော်ပြချက်အရ ကာကွယ်ဆေးထိုးခြင်းသည် Antibody (ခေါ်) ခန္ဓာကိုယ် သွေးတွင်းဖြစ်ပေါ်စေ သည့် ရောဂါကာကွယ်သော ပဋိပစ္စည်း ကို တိုးမြင့်စေခြင်းဖြစ်ရာ ဆေးထိုးပြီး နောက် B Cell၊ TCell ဟုခေါ်သည့် ကိုယ်ခံအားဆဲလ်များက ကိုယ်ခံအား စနစ်ကို ကြာမြင့်စွာ ကာကွယ်ပေးထား နိုင်ကြောင်း၊ ထို့ကြောင့် ကာကွယ်ဆေး နှစ်ကြိမ် ထိုးပြီးသူများအနေဖြင့် တတိယ အကြိမ်ထိုးနှံရန် မလိုအပ်ကြောင်း၊
l အထူးသဖြင့် အမျိုးသားများမှာ Pfizer ထိုးနှံပြီးနောက် နှလုံးရောင်ရမ်းနိုင်သော အန္တရာယ်ကိုတွေ့ရပြီး ကုသမှုရရှိပါက ပြန်လည်သက်သာသွားသည်ကို တွေ့ရ သဖြင့် အသက် ၁၆ နှစ်အထက် လူအားလုံး ကို တတိယအကြိမ် ကာကွယ်ဆေးထိုးနှံ ပေးရန် လုံလောက်သောအကြံပြုချက်ကို မတွေ့ရသေးကြောင်း၊
l ကမ္ဘာပေါ်မှာ ပထမအကြိမ် ကာကွယ် ဆေးထိုးနှံရန် ကျန်ရှိနေကြသူ များပြား နေသည့်အချိန်မှာ ကာကွယ်ဆေးထိုးနှံ ပြီးသူအများစုကို ထပ်မံထိုးနှံပေးခြင်း ထက် လုံးဝမထိုးနှံရသေးသူနှင့် ဆေး ပတ်လည်အောင် ဒုတိယအကြိမ်ထိုးရန် ကျန်ရှိနေသူ များကိုသာ ထိုးနှံပေးခြင်းက ပိုမိုကောင်းမွန်ပါကြောင်းနှင့် လူသား အားလုံး ကာကွယ်ဆေးနှစ်ကြိမ် ရရှိစေ လိုပါကြောင်း၊
l အထက်ပါသုံးသပ်ချက်များအရ Booster Dose ထိုးနှံခြင်းက ထူးခြားသော ပြောင်းလဲမှု၊ ခြားနားချက်များဖြစ်မည် မဟုတ်ကြောင်း ဆိုထားပါသည်။
အိန္ဒိယနိုင်ငံ၏ သတိပေးချက်
အိန္ဒိယနိုင်ငံ၏ သက်ဆိုင်ရာကျန်းမာရေး ပညာရှင်များ၊ ကိုယ်ခံအားစနစ်ဆိုင်ရာ ပညာရှင် များ၊ ဆေးပညာရှင်များ စသည်ဖြင့် ဘက်ပေါင်းစုံက ပညာရှင်များကလည်း Database အနေဖြင့် ကိုဗစ်-၁၉ ရောဂါသည် လက်ရှိ အနေအထားအရ Booster Dose ထိုးရန် မလိုအပ်ကြောင်း၊ နောက်တစ်ချက်မှာ ကာကွယ်ဆေးထိုးနှံရန် ဦးတည်ရည်မှန်းချက် လူဦးရေ၏ လေးပုံ တစ်ပုံ ထက် နည်းနေသည့်အချိန်မှာ ဆေးနှစ်ကြိမ် ထိုးပြီးသူများအနေဖြင့် Booster ထိုးဖို့ မလိုအပ် သေးကြောင်း၊ မဖြစ်မနေထိုးနှံသင့်သူများနှင့် ကူးစက်ခံရနိုင်ခြေ အခွင့်အလမ်းများသူများမှာ ကာကွယ်ဆေးထိုးနှံပေးရန် စီမံချက်များရှိနေသည့် အတွက် Booster Dose ထိုးရန် အချိန်ကောင်း မဟုတ်သေးကြောင်း အကြံပြုထားပါသည်။
ကျန်းမာရေးဝန်ကြီးဌာန၏ သတိပေးချက်
စက်တင်ဘာလ ၃၀ ရက်နေ့တွင် ကျန်းမာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက် များအရ မြန်မာနိုင်ငံအတွင်း ရောဂါဖြစ်ပွားမှုနှင့် သေဆုံးမှုများကို လျော့နည်းစေရန် ရည်ရွယ်ခြင်း ဖြစ်သည့်အတွက် ဆေးလုံးဝမထိုးနှံရသေးသူများ ကို ထိုးနှံပေးဖို့က အရေးကြီးပါကြောင်း၊ သို့ပါ၍ ဘယ်လိုလူများကို Booster ထိုးရမလဲ စဉ်းစား ဆုံးဖြတ်သည့်အခါ ပြည်သူ့ကျန်းမာရေးအမြင်ဖြင့် အားလုံးကို ကာကွယ်နိုင်မှုရရှိစေရန် ရည်ရွယ်ပြီး စဉ်းစားဆုံးဖြတ်ရမည်ဖြစ်ကြောင်း၊ လက်ရှိအခြေ အနေအရ အသက်ကြီးသူများ၊ ပြင်းထန်သည့်ရောဂါ ဖြစ်ပွားနိုင်ခြေရှိသူများ၊ ကျန်းမာရေးဝန်ထမ်း များနှင့် အန္တရာယ်ရှိသောအခြေအနေများတွင် တာဝန်ထမ်းဆောင်နေကြသူများကိုသာ ကိုဗစ်-၁၉ ကာကွယ်ဆေး တတိယအကြိမ် ထိုးနှံသင့်ပြီး မလိုအပ်ဘဲ အသက်ငယ်ရွယ်သူများကို ထိုးနှံ ပေးခြင်းက ဆိုးကျိုးအချို့ကို ဖြစ်စေနိုင်ကြောင်း၊ အကယ်၍ အခွင့်အရေးရ၍ မိမိတို့ရုံး သို့မဟုတ် လုပ်ငန်းဌာနတွင် ကာကွယ်ဆေးထိုးနှံပေးသော အခါမှာလည်း ထပ်ထိုးနှံခြင်းမျိုး မလုပ်သင့်ဘဲ မိမိအတွက် ပိုလာမည့်ဆေးကို အမှန်တကယ် လိုအပ်နေသူများမှာ ထိုးနှံနိုင်ကြရန် ညှာတာစေ လိုပါကြောင်း အကြံပေးထားသည်။
ကာကွယ်ဆေးထိုးနှံပြီးသည့် အခြေအနေ
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က စက်တင် ဘာလကုန်အထိ လူဦးရေ၏ ၁၀ ရာခိုင်နှုန်းကို ကာကွယ်မှုပေးနိုင်ရန် ညွှန်ကြားထားသည်။ မြန်မာ နိုင်ငံအတွင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန် ချက်များအရ ၂၇-၁-၂၀၂၁ ရက်နေ့မှ ၄-၁၀-၂၀၂၁ ရက်နေ့အထိ လူဦးရေစုစုပေါင်း ၈ ဒသမ ၆၈ သန်း အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီး ဖြစ်ကြောင်း၊ ကာကွယ်ဆေးနှစ်ကြိမ် အပြည့်ထိုးနှံ ပြီးစီးသူ ၃ ဒသမ ၉၂ သန်း၊ အသက် ၁၈ နှစ်နှင့် အထက် လူဦးရေ၏ ၁၀ ဒသမ ၆၃ ရာခိုင်နှုန်း ခန့်ကို အကြိမ်ပြည့် ထိုးနှံပေးပြီးဖြစ်ကြောင်း၊ ပထမအကြိမ် ထိုးနှံပြီးသူမှာလည်း ၄ ဒသမ ၇၆ သန်း ပါရှိ၍ စုစုပေါင်းအကြိမ်ရေ ၁၂ ဒသမ ၆ သန်း ထိုးနှံပြီးဖြစ်ကာ ရည်မှန်းကာကွယ်ဆေးအကြိမ် ရေ၏ ၁၇ ဒသမ ဝ၈ ရာခိုင်နှုန်းအား ထိုးနှံပြီးဖြစ် ကြောင်း၊ ဆက်လက်၍လည်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့က သတ်မှတ်ထားသည့် စံချိန်စံညွှန်းများနှင့် အညီ ဦးတည်အုပ်စုအလိုက် ကာကွယ်ဆေးလွှမ်းခြုံ မှုများ အပြည့်အဝရရှိစေရေးအတွက် မိမိတို့ရှိထား သည့် ကာကွယ်ဆေးများဖြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ပြည်တွင်း၌ ကာကွယ်ဆေး စုစုပေါင်း ၁၈ သန်းရှိပြီး တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် ရုရှားနိုင်ငံတို့မှ လှူဒါန်းထားသော ကာကွယ်ဆေး စုစုပေါင်း ငါးသန်းကျော် ရရှိထားကြောင်း၊ Sinovac ကာကွယ်ဆေး ခုနစ်သိန်းကျော်ရှိပြီး အောက်တိုဘာလ ၁၃ ရက်နေ့နှင့် ၁၄ ရက်နေ့တို့ တွင် တရုတ်နိုင်ငံမှ လှူဒါန်းသည့် ကာကွယ်ဆေး နှစ်သန်း ထပ်မံရောက်ရှိခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် ယခုနှစ် ဒီဇင်ဘာလကုန်အထိ ကိုဗစ်-၁၉ ကာကွယ်ဆေး ၅၀ ရာခိုင်နှုန်းအထိ လွှမ်းခြုံနိုင်ရန် ရည်မှန်းထားကြောင်း သိရသည်။ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးမည့် စာရင်း များအနေဖြင့် အောက်တိုဘာလတွင် အသက် ၅၀ နှင့်အထက်၊ နိုဝင်ဘာလတွင် ၄၅ နှစ်နှင့်အထက်၊ ဒီဇင်ဘာလတွင် အသက် ၄၀ နှင့်အထက်အထိ ထိုးနှံပေးရန် ရည်မှန်းထားပြီး မကြာမီ အခြေခံ ပညာကျောင်းများ ပြန်လည်ဖွင့်လှစ်တော့မည် ဖြစ်ရာ အသက် ၁၂ နှစ်နှင့်အထက် ကလေးများကို လည်း ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကာကွယ်ဆေးကို အကြိမ်ပြည့်ထိုးနှံပြီးပါက ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပေးသော QR Code ပါသည့် ကိုဗစ်ရောဂါ ကာကွယ်ဆေးထိုး မှတ်တမ်းကတ်ပြားများကို ကောင်းမွန်စွာ သိမ်းဆည်းထားပြီး ခရီးသွားလာသည့်အခါ သို့မဟုတ် လိုအပ်သောအခါ စိစစ်မှုများ ခံယူနိုင် ရန်အတွက် ယူဆောင်သွားကြရန် ကျန်းမာရေး ဝန်ကြီးဌာနက တိုက်တွန်းထားသည်။
Covishield တစ်ကြိမ် ထိုးပြီးသူများအတွက် ကျန်းမာရေးဝန်ကြီးဌာန၏ တိုက်တွန်းချက်
မေလနောက်ဆုံးပတ်နှင့် ဇွန်လပထမပတ်တို့ တွင် အိန္ဒိယနိုင်ငံထုတ် Covishield လက်ကျန်ရှိမှု အပေါ်မူတည်၍ မထိုးနှံရသေးသူများကို ပထမအကြိမ် ထိုးနှံပေးခဲ့ကြောင်း၊ သို့သော် ၎င်းပထမအကြိမ်ထိုးနှံ ပြီးနောက် သုံးလခန့်အကြာ စက်တင်ဘာလလယ် အထိ အိန္ဒိယနိုင်ငံထုတ် Covishield သည် လောလော ဆယ်အနေအထား၌ ထပ်မံရောက်ရှိလာနိုင်ဖွယ်မရှိ ကြောင်း၊ ထို့ကြောင့် တစ်ကြိမ်ထိုးပြီးခဲ့သူများ အနေဖြင့် Covishield ကို ဆက်မစောင့်တော့ဘဲ လက်ရှိ မြန်မာပြည်တွင် ထိုးနှံပေးနေသော Sinopharm ကာကွယ်ဆေးကို နှစ်ကြိမ်ပြန်ထိုးကြ ရန် လိုအပ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ဆေးထိုးပြီးသော်လည်း မပေါ့ဆသင့်
ဆေးပတ်လည်ပြည့် နှစ်ကြိမ်ထိုးနှံပြီးသူများ ကလည်း မိမိဆေးထိုးပြီးဖြစ်၍ ပေါ့ပေါ့ဆဆမနေ သင့်ပေ။ မျိုးကွဲဗီဇသစ်များကလည်း ဆေးထိုးနှံပြီး သူများကို ကိုဗစ်ရောဂါ ဖြစ်စေနိုင်ပါသည်။ ထို့ကြောင့် ကိုဗစ်-၁၉ စည်းကမ်းများဖြစ်သည့် နှာခေါင်းစည်းတပ်၊ လက်ဆေး၊ လူစုလူဝေး ရှောင်ခြင်းတို့ကို ဆက်လက်ဆောင်ရွက်သင့်ပေ သည်။ ရောဂါပိုးပါဝင်သည့် အစက်အမှုန်များသည် ရောဂါရှိသူ သာမန်အသက်ရှူထုတ်ချိန်တွင် အနီးပတ်ဝန်းကျင် ငါးပေကျော်၊ ချောင်းဆိုးလျှင် အနီးပတ်ဝန်းကျင် ခြောက်ပေခွဲကျော်၊ နှာချေလိုက် သည့်အချိန်တွင် အနီးပတ်ဝန်းကျင် ၁၉ ပေခွဲကျော် အထိ ရောက်ရှိနိုင်၍ ပါးစပ်၊ နှာခေါင်းစည်း တပ်ခြင်းက ရောဂါပိုးကို အလွယ်တကူ ကူးစက်နိုင် ခြင်းမရှိသည့် အဓိကအကြောင်းရင်းတစ်ခု ဖြစ် သည်။ ထို့ပြင် နှာချေ၊ ချောင်းဆိုးခြင်းတို့မှ ထွက်လာသည့် အစက်အမှုန်များက အနီးပတ်ဝန်း ကျင်ရှိ အရာဝတ္ထုများတွင် ကပ်တင်နေတတ်သဖြင့် ၎င်းဗိုင်းရပ်စ်ပိုးကို ပျက်စီးစေရန် လက်ကို ဆပ်ပြာ ဖြင့် စက္ကန့် ၂၀ ကြာ မကြာခဏဆေးကြောပေးဖို့လိုပါ သည်။ အိမ်ခန်းများအတွင်း လေဝင်လေထွက် ကောင်းစေရန် တံခါးများဖွင့်ထားခြင်း၊ အစား အသောက်ကိုလည်း လူစုလူဝေးနှင့် စားသောက်ခြင်း မှ ရှောင်ရပါမည်။
အချုပ်အားဖြင့်ဆိုသော် ကောလာဟလ အမျိုး မျိုးကြောင့် လူတချို့ကလည်း ဆေးထိုးနှံခြင်းကို ရှောင်ရှားနေကြဆဲဖြစ်သည်ကို တွေ့ရသည်။ ကိုဗစ်-၁၉ ကာကွယ်ဆေးများသည် ကူးစက် ပြင်းထန် Delta မျိုးဗီဇအပါအဝင် လူသိများသော ဗိုင်းရပ်စ်မျိုးကွဲများကို ကာကွယ်ပေးနိုင်သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က ထုတ်ပြန်ထား သည်။ ထို့ပြင် WHO က အရေးပေါ်အသုံးပြုခွင့်ပေးထားသော ကာကွယ်ဆေးများသည် ရောဂါ ပြင်းထန်နိုင်မှု၊ ဆေးရုံတက်ရောက်ရမှုနှင့် သေဆုံးမှုတို့ကို ၉၀ ရာခိုင်နှုန်းကျော် ကာကွယ် ပေးနိုင်ကြောင်း သိရသည်။ ထို့ကြောင့် မထိုးနှံ ရသေးသူများအနေဖြင့် အမျိုးသားရေး အသိစိတ်ဓာတ် ဖြင့် မိမိအလှည့်ရောက်ချိန်တွင် သွားရောက်ထိုးနှံသင့် ပေသည်။ ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုးများ ကူးစက်မှု ဆက်လက်ပျံ့နှံ့လာလျှင် မျိုးဗီဇပြောင်းလဲရန် အခွင့်အလမ်းသစ်များလာပြီး ကာကွယ်ထိန်းချုပ်ရပ်တန့်နိုင်ရန် ပို၍ခက်ခဲလာမည်ဖြစ်သည်။ ကိုဗစ် ကာကွယ်ဆေးထိုးနှံခြင်းသည် ရောဂါပြန့်ပွားမှုကို နှေးကွေးစေနိုင်ပြီး မျိုးကွဲအသစ်များ ပေါ်ပေါက်လာ နိုင်ခြေကိုလည်း လျှော့ချနိုင်ပါသည်။ ထို့ကြောင့် ကျန်းမာရေးဝန်ကြီးဌာနက တိုင်းရင်းသားပြည်သူ များကို ကာကွယ်ဆေးထိုးနှံ ကြရန် သတိပေးနှိုးဆော် နေခြင်း ဖြစ်ပါသည်။
တစ်ဖက်ကလည်း အပိုဆောင်းဆေးထိုးနှံရန် ဆန္ဒပြင်းပြနေသူများရှိနေကြသည်။ မိမိတစ်ယောက် တည်း သို့မဟုတ် မိမိ၏မိသားစုတစ်စုတည်း ကာကွယ်ဆေး ထပ်မံထိုးနှံနေရုံမျှဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကို လုံခြုံစွာကာကွယ်ထားနိုင်ပြီဟု မမှတ်ယူသင့်ပေ။ ကမ္ဘာ့ကပ်ရောဂါဖြစ်သည့် အတွက် လူသားအားလုံး ကာကွယ်ဆေး လွှမ်းခြုံ နိုင်မှသာလျှင် စိတ်ချရမည်ဖြစ်ပါသည်။ ကာကွယ် ဆေး နှစ်ကြိမ်ထိုးနှံပြီးသူများက ဖုံးကွယ်ပြီး အခွင့် အရေးရတိုင်း နောက်ထပ်ကာကွယ်ဆေးထိုးနှံခြင်း ကလည်း သမာသမတ်မဖြစ်တော့ဘဲ မျှဝေလို သောစိတ်မရှိခြင်းက လူ့ကျင့်ဝတ်နှင့် မညီပါ ကြောင်း အများအကျိုးမျှော်၍ အကြံပြုရေးသား လိုက်ရပါသည်။ ။
- Log in to post comments