ပုဂံ - ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုဇုန်ရှိ အံ့ဖွယ်ကိုးစုံရွှေစည်းခုံ စွယ်တော်စေတီတော်ကြီးတွင် ဆီမီး ၂၀၀၀ ကပ်လှူပူဇော်

ညောင်ဦး  အောက်တိုဘာ  ၂၁


သီတင်းကျွတ်လပြည့်ကျော် ၁ ရက် ယနေ့   ညနေ ၆ နာရီခွဲမှစတင်ပြီး ပုဂံ-ညောင်ဦး  ရှေးဟောင်း ယဉ်ကျေးမှုဇုန်ရှိ အံ့ဖွယ်ကိုးစုံရွှေစည်းခုံ စွယ်တော် စေတီတော်ကြီးတွင်  ရွှေစည်းခုံဂေါပကအဖွဲ့နှင့် အနယ်နယ်အရပ်ရပ်   ဘုရားဖူးလာပြည်သူများမှ ဆီမီး ၂၀၀၀   ကပ်လှူပူဇော်ခဲ့ကြောင်း  ရွှေစည်းခုံ ဂေါပကအဖွဲ့ ရုံးအဖွဲ့မှူးထံမှ သိရသည်။

 


ထိုသို့ ရွှေစည်းခုံစွယ်တော်စေတီတော်ကြီးတွင် ဆီမီး ၂၀၀၀ ကပ်လှူပူဇော်ခြင်းနှင့်အတူ မြန်မာ ပြည်အရပ်ရပ် ဘုရားဖူးလာ   မိဘပြည်သူများက အလိုတော်ပြည့်ဘုရား၊ ဓမ္မရံကြီးဘုရား၊ လောကနန္ဒာ စွယ်တော်မြတ်စေတီ၊ သဗ္ဗညုဘုရား၊ အာနန္ဒာဘုရား အစရှိသည့် တန်ခိုးကြီးဘုရားစေတီများတွင်လည်း  ဆီမီးများ ပူဇော်ခဲ့ကြောင်းသိရသည်။ ပုဂံ-ညောင်ဦး  ရှေးဟောင်းယဉ်ကျေးမှုဇုန်ရှိ စေတီ၊ ပုထိုး၊ သာသနိက အဆောက်အအုံများကို နေ့စဉ် နံနက် ၆ နာရီမှ ညနေ ၆    နာရီအထိ   ဖွင့်လှစ်ဖူးမြော်ခွင့်ပြုပေးထားပြီး ရွှေစည်းခုံ    စွယ်တော်စေတီအား   သီတင်းကျွတ် ကာလ အောက်တိုဘာ  ၁၉ ရက်မှ  ၂၁ ရက် နံနက် ၅ နာရီမှ  ည ၈ နာရီအထိ   ဖူးမြော်ကြည်ညိုခွင့် ပြုထားကြောင်းလည်း   ဂေါပကဥက္ကဋ္ဌထံမှ    သိရ သည်။


 မောင်မောင်ထိန်(ကျောက်ပန်းတောင်း)