အရည်အသွေးကောင်း ထောပတ်သီးများ စိုက်ပျိုးထုတ်လုပ်ရန် စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်းများ (GAP) စနစ်ဖြင့် ဆောင်ရွက်မည်

 

မန္တလေး စက်တင်ဘာ ၂၆


မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ထောပတ် သီးစိုက်ပျိုးထုတ်လုပ်  ရောင်းချသည့်ခြံများတွင် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (GAP) စနစ်ဖြင့် စိုက်ပျိုးမှုများပြုလုပ်ပြီး အသိ အမှတ်ပြု လက်မှတ်ရရှိစေရန်    ဆောင်ရွက်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ထောပတ်သီးစိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများ    အသင်းမှ ဒုတိယဥက္ကဋ္ဌ ဦးမျိုးညွန့်က ပြောသည်။


လက်ရှိတွင် မြန်မာထွက်ကုန် ထောပတ် သီးများကို ပြည်ပနိုင်ငံများမှ ကမ်းလှမ်းမှုများ နှင့်   တင်ပို့ရောင်းချမှုများရှိနေသည့်အတွက် ထောပတ်သီးစိုက်ပျိုးသူ     တောင်သူများ အနေဖြင့် GAP  စနစ်ဖြင့်   စိုက်ပျိုးခြင်းများ ပြုလုပ်မှသာ     အဆင်ပြေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် စိုက်ပျိုးပြီးဧကများကို GAP စနစ် ဖြင့် ဆောင်ရွက်နေပြီး လာမည့်နှစ်တွင် စိုက် ပျိုးမည့်       ထောပတ်ခြံများကိုလည်း တောင်သူများမှ စိုက်ပျိုးရေး နည်းစနစ်ကောင်း ဖြစ်သော GAP စနစ်ဖြင့် စိုက်ပျိုးကာ အသိ အမှတ်ပြုလက်မှတ်ရရှိစေရန်    ဆောင်ရွက် မည်ဖြစ်ကြောင်း သိရသည်။


“ရှမ်းပြည်နယ်တောင်ပိုင်းက    ထောပတ်ခြံ တွေမှာ GAP စနစ်နဲ့ စိုက်ပျိုးနေတာရှိပါတယ်။   စိုက်ပြီးသမျှ ဧကတွေကတော့   GAP  စနစ်နဲ့ သွားဖို့   စီစဉ်ဆောင်ရွက်ထားပါတယ်။  ဧက ၅၀၀၀ နဲ့ ၁၀၀၀၀  ကြားကိုတော့  GAP စနစ်နဲ့ ဆက်လက်စိုက်ပျိုးသွားမှာပါ။ နောက်ထပ်စိုက် ပျိုးမယ့်သူတွေကလည်း GAP စနစ်နဲ့ စိုက်ပျိုးဖို့ ပြင်ဆင်လာကြပါပြီ။   နည်းစနစ်ကောင်းများနဲ့ စိုက်ပျိုးတဲ့အတွက်  ဝယ်ယူစားသုံးသူပြည်သူ များလည်း        ဘေးအန္တရာယ်ကင်းရှင်းပြီး ယုံကြည် စိတ်ချစွာစားသုံးနိုင်ပါတယ်။ ပြည် တွင်း၊   ပြည်ပရောင်းချတဲ့    အခါမှာလည်း ဈေးကောင်းရရှိမှာပါ”ဟု ၎င်းက ရှင်းပြသည်။ 


ထောပတ်သီးစိုက်ပျိုးထုတ်လုပ်ရောင်းချသည့်  ခြံတောင်သူများကို   GAP   စနစ်ဖြင့် စိုက်ပျိုးရန်အတွက် သင်တန်းတစ်ကြိမ်ပေး ပြီးဖြစ်ကြောင်း၊ GAP စနစ်ဖြင့် စိုက်ပျိုးနိုင်ရေး အတွက် မြေ၊ ရေများကို စစ်ဆေးခြင်းများပြုလုပ် ထားကြောင်း၊ ထို့ပြင်   အစာကျွေးနည်းစနစ် များ၊ ပိုးသတ်ဆေးသုံးစွဲနည်း စနစ်များကို GAP စနစ်ဖြင့် ကိုက်ညီစေရန် ဆောင်ရွက်ထားရှိပြီး အသိအမှတ်ပြုလက်မှတ်ရရှိစေရန် ဆောင်ရွက် နေကြောင်း၊    အဆိုပါ   လုပ်ငန်းများကို ပြင်ဦးလွင်ခရိုင်        စိုက်ပျိုးရေးဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ဆက်လက် ၍ သင်တန်းများဖွင့်လှစ်ပေးရန်   စီစဉ်ဆောင် ရွက်ထားရှိကြောင်းလည်း သိရသည်။ 


မင်းထက်အောင်
(မန်းကိုယ်ပွား)