ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို နယ်စပ်ဂိတ် အသီးသီးတွင် ဆက်လက်လက်ခံလျက်ရှိ

 

နေပြည်တော် စက်တင်ဘာ  ၂၆


ပြည်ပနိုင်ငံများမှ    ဝင်ရောက်လာသည့်    မြန်မာနိုင်ငံ သားများကို    နယ်စပ်ဂိတ်အသီးသီးတွင်     လက်ခံ ဆောင်ရွက်ပေးလျက်ရှိရာ စက်တင်ဘာ ၂၅ ရက်နှင့်  ယနေ့တွင်   ရှမ်းပြည်နယ်(မြောက်ပိုင်း)  မူဆယ်မြို့   မြန်မာ-တရုတ်  နှစ်နိုင်ငံနယ်၊   နမ့်ဖာဟော် တံတားမှ အမျိုးသား လေးဦး၊ အမျိုးသမီး  သုံးဦး  စုစုပေါင်း    ခုနစ်ဦးကို လည်းကောင်း၊ ကရင်ပြည်နယ် မြဝတီမြို့ မြန်မာ- ထိုင်း အမှတ်(၂)  ချစ်ကြည်ရေးတံတားမှ အမျိုးသား ၂၄၂ ဦး၊ အမျိုးသမီး ၁၉၂ ဦး စုစုပေါင်း ၄၃၄ ဦးတို့ကိုလည်းကောင်း     အသီးသီးလက်ခံ ခဲ့သည်။ 


ထိုသို့လက်ခံရာတွင် သက်ဆိုင်ရာ ပြည်သူ့ဆေးရုံ များမှ    ကျန်းမာရေးဆိုင်ရာ  တာဝန်ရှိသူများ၊ တပ်မတော်ဆေးတပ်ဖွဲ့ဝင်များက    ကိုဗစ် - ၁၉ ရောဂါစစ်ဆေးပေးခြင်း၊ Quarantine ဝင်ရောက်ရ မည့်       အထောက်အထားစာရွက်စာတမ်းများ ပြုလုပ်ပေးခြင်း၊     ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို     ရှင်းလင်းပြောကြားခြင်းတို့ကို  စနစ်တကျ    ဆောင်ရွက်ပေးပြီး  တိုင်းစစ်ဌာနချုပ် အသီးသီးမှ တာဝန်ရှိသူများ၊  ဌာနဆိုင်ရာတာဝန်ရှိသူ များက     လိုအပ်သည်များ    ကူညီဆောင်ရွက်ပေး ကြသည်။


ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များက စီစဉ်ဆောင်ရွက်ပေးသည့်  ခရီးသည်တင်မော်တော် ယာဉ်များဖြင့် ၎င်းတို့နေရပ်အသီးသီးသို့ လိုက်လံပို့ဆောင်ပေးခဲ့ကြောင်းနှင့်      ရောဂါပိုးတွေ့ရှိသူများကို သက်ဆိုင်ရာနေရာများတွင်     သီးသန့်ထားရှိ၍ လိုအပ်သည့် ကျန်းမာရေးဆိုင်ရာများနှင့် အုပ်ချုပ်မှု ဆိုင်ရာကိစ္စရပ်များကို   အဆင်ပြေချောမွေ့အောင် ဆောင်ရွက်ပေးလျက်ရှိကြောင်း    သတင်းရရှိသည်။


သတင်းစဉ်