
ရန်ကုန် စက်တင်ဘာ ၂၂
မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက ဖွင့်လှစ် သည့် သတင်းမီဒီယာသမားများ အရည် အသွေး မြှင့်တင်ရေး သင်တန်းအမှတ်စဉ်(၂)သင်တန်းဆင်းပွဲကို ယနေ့ညနေပိုင်းက သတင်းမီဒီယာကောင်စီရုံး၌ ကျင်းပသည်။
သင်တန်းဆင်းပွဲတွင် သတင်းမီဒီယာ ကောင်စီ ဒုတိယဥက္ကဋ္ဌ(၁) ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)က မိမိတို့ကောင်စီ၏ သက်တမ်း ငါးလခန့်အတွင်း ဤသင်တန်းမျိုး နှစ်ကြိမ်ဖွင့်လှစ်နိုင်ခဲ့သဖြင့် ဝမ်းမြောက်ဂုဏ်ယူ ကြောင်း၊ သတင်းမီဒီယာကောင်စီ၏ အဓိက ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်မှာ စတုတ္ထ မဏ္ဍိုင် ပီသစွာဖြင့် နိုင်ငံတော်၏ မျက်နှာကို ရှေးရှုဦးတည်သည့် သတင်းမီဒီယာလောက ဖွံ့ဖြိုးတိုးတက်ရေး၊ သတင်းတု သတင်းမှား များ ဆိတ်သုဉ်းရေးကို လေးလေးနက်နက် ဖော်ဆောင်ကြမည့် သတင်းမီဒီယာသမားများ ကို အရည်အသွေးမြှင့်တင်ပေးနိုင်ရေးတို့ပင် ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်ပြီး သင်တန်းမှူး သတင်း မီဒီယာကျင့်ဝတ်နှင့် သတင်းမီဒီယာဖွံ့ဖြိုးရေး ကော်မတီ အဖွဲ့ခေါင်းဆောင် ဦးအောင်ပြည့်စုံ က ကျင့်ဝတ်သည် သတင်းသမားများအတွက် အရေးကြီးဆုံးဖြစ်ကြောင်း၊ ယခုလို သတင်း အမှားများက ပြည်သူအတွက် အဆိပ်သင့်နေ ချိန်မှာ သတင်းအမှန်များကို အချက်အလက် များနှင့် ဖော်ပြနိုင်ရန် ယခုသင်တန်းတွင် ဆွေးနွေးခဲ့ကြပြီဖြစ်ကြောင်း၊နိုင်ငံတော်၏ ဒီမိုကရေစီတည်ဆောက်ရေး လမ်းကြောင်း တွင် မီဒီယာသမားများအနေဖြင့် ကျင့်ဝတ်နှင့် အညီ သတင်းရယူဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။
သင်တန်းဆင်းလက်မှတ်ကို ဒုတိယဥက္ကဋ္ဌ (၁) ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)က ပေးအပ်ခဲ့ပြီး သင်တန်းသားများကလည်း သင်တန်းမှူး ဦးအောင်ပြည့်စုံကို စုပေါင်း လက်ဆောင်ပေးအပ်ခဲ့သည်။
စက်တင်ဘာ ၁၆ ရက် မှ ၂၂ ရက်အထိ ဖွင့်လှစ်ခဲ့သည့် သတင်းမီဒီယာသမားများ အရည်အသွေးမြှင့်တင်ရေး သင်တန်းအမှတ်စဉ် (၂)ကို သင်တန်းသား သင်တန်းသူ စုစုပေါင်း ၁၆ ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလ အတွင်း သတင်းအမှားများကို ပြန်လည် ချေဖျက်ရေးသားနိုင်မည့် သတင်းအမှန်များကို အချက်အလက်နှင့် ဖော်ပြနိုင်ရေး၊ သတင်း သမားကျင့်ဝတ်ဥပဒေများနှင့် ရုပ်သံ၊ ကင်မရာ ရိုက်ကူးခြင်းများ အပါအဝင် သတင်းနှင့် သက်ဆိုင်သည့် ဘာသာရပ်များကို ကောင်စီဝင် သင်တန်းနည်းပြများက ပို့ချခဲ့ကြကြောင်း သိရသည်။
မောင်နိုင်