
နေပြည်တော် စက်တင်ဘာ ၁၆
လူမှုကွန်ရက်စာမျက်နှာတွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ထုတ်ဝေထားသည့် မြန်မာငွေကျပ် ၅၀၀၀ (ငါးထောင်) တန်၊ ၁၀၀၀၀ (တစ်သောင်း)တန် ငွေစက္ကူများကို စက်တင်ဘာလ ၁၆ ရက် မွန်းလွဲ ၂ နာရီမှ စတင်ပြီး တရားဝင်ငွေစက္ကူအဖြစ်မှ ရပ်စဲကြောင်း အမိန့်ကြော်ငြာစာအတုတစ်ခုအဖြစ် ထွက်ပေါ်ခဲ့သည်။
အဆိုပါကြော်ငြာစာ အတုကိစ္စ နှင့် ပတ်သက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ယခုကဲ့သို့ ဖြေကြားထား ပါသည် -
ကျွန်တော်တို့ နိုင်ငံတော်ရဲ့ စီးပွားရေးနဲ့ ပတ်သက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၃၆ မှာ အတိအလင်းဖော်ပြထားပြီး ဖြစ်ပါ တယ်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေနဲ့လည်း ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)ကို တည်ဆဲဥပဒေအဖြစ်နဲ့ လိုက်နာနေတဲ့ အစိုးရအဖွဲ့အစည်း ဖြစ်ပါတယ်။
အဲဒါကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၃၆ ပုဒ်မခွဲ (င)မှာ တရားဝင်ထုတ်ဝေ ထားသော ငွေကြေးကို တရားမဝင်ငွေကြေး အဖြစ် သတ်မှတ်ခြင်းမပြုလို့ ပြဋ္ဌာန်းထားပြီး ဖြစ်ပါတယ်။ အဲဒီအတိုင်း ကျွန်တော်တို့ တိကျစွာ လိုက်နာသွားမှာဖြစ်ပါတယ်။ နောင်လည်း အဲဒီ အတိုင်းပဲ တိကျစွာ လိုက်နာသွားမှာ ဖြစ်ပါ တယ်။
အဲဒီထဲမှာ ထပ်ပြီး ဆက်စပ်ပြီး ပြောချင်တာ ကတော့ ပုဒ်မခွဲငယ်(ဃ)မှာ စီးပွားရေးဆိုင်ရာ လုပ်ငန်းများကို နိုင်ငံပိုင်သိမ်းယူခြင်း မပြုလို့လည်း ပါပြီးသားဖြစ်ပါတယ်။ ဒီဖွဲ့စည်းပုံအခြေခံဥပဒေ အတိုင်းပဲ ကျွန်တော်တို့ လိုက်နာဆောင်ရွက်သွား မှာ ဖြစ်ပါတယ်။
NUG ၊ CRPH တို့လို အဖွဲ့မျိုးတွေအနေနဲ့ ၊ အကြမ်းဖက်အဖွဲ့အစည်းတွေအနေနဲ့ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး နှောင့်ယှက်ဖျက်ဆီးရုံ သာမက ကောလာဟလတွေနဲ့ မတည် မငြိမ်ဖြစ်အောင် လုပ်ဆောင်နေတာ ဖြစ်ပါ တယ်။
ယခင်ကလည်း ဒီလိုအဖြစ်အပျက်မျိုးတွေ၊ ဒီ ၁၀၀၀၀ တန်တွေကို ပယ်ဖျက်လိုက်ပြီဆိုတဲ့ အဖြစ်အပျက်မျိုးတွေ ထုတ်လွှင့်နေတာမျိုး ဖြစ်ပါ တယ်။ အဲဒီတော့ ကျွန်တော့်အနေနဲ့ ပြည်သူလူထုကို ပြောချင်တာကတော့ လက်ရှိ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)အတိုင်း တိကျစွာလိုက်နာ ဆောင်ရွက်လျက် ရှိပါတယ်။ ဒါကြောင့် ခုနက ပုဒ်မ ၃၆ ပုဒ်မခွဲ(င)အရ တရားဝင်ထုတ်ဝေထားတဲ့ ငွေကြေးတွေကို တရားမဝင်ငွေကြေးအဖြစ် သတ်မှတ်ခြင်း ပြုလုပ် မှာ မဟုတ်ဘူးဆိုတာကို ကျွန်တော့်အနေနဲ့ ပြောလို ပါတယ်။ ပြည်သူလူထုအနေနဲ့ အခုလို ကောလာ ဟလတွေ၊ ကမောက်ကမဖြစ်အောင် လုပ်နေတဲ့ ဟာတွေကို မယုံကြည်ကြဖို့ လိုပါတယ်။
ကျေးဇူးတင်ပါတယ်။
သတင်းစဉ်