
ပြည် စက်တင်ဘာ ၁၆
ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့်ဝန်ထမ်း များက ယနေ့မွန်းလွဲ ၂နာရီတွင် ပြည်မြို့နယ် မီးသတ်ဦးစီးဌာနရုံး၌ ဝန်ထမ်းမိသားစုဝင် ၂၆ ဦးအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များ နေ့ချင်းပြီး ကွင်းဆင်းဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
ပြည်မြို့နယ်၌ ပန်းခင်းစီမံချက်ကာလအတွင်း မြို့ပေါ်ရပ်ကွက် ၁၄ ခုနှင့် ကျေးရွာအုပ်စု ၅၅ အုပ်စု စုစုပေါင်း ၆၉ အုပ်စုရှိ လူဦးရေ ၅၆၀၅ ဦးအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်များ ပြုလုပ်ဆောင်ရွက်ပေးရန် လျာထားပြီး လက်ရှိအခြေအနေ တွင် ၉၁၂ ဦး ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း မြို့နယ်လဝကဦးစီးမှူး ဦးဇော်နိုင်သန်းက ပြောသည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် နိုင်ငံသူနိုင်ငံသားအားလုံး နိုင်ငံသားအခွင့်အရေးနှင့် လူမှုဘဝပြည့်စုံမှု ရှိစေရေးအတွက် နိုင်ငံသားတိုင်း ကိုင်ဆောင်ရရှိထားသင့်သည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များကို သတ်မှတ်ချက်များနှင့် ကိုက်ညီသူများထံ လက်ဝယ်အရောက် ပြုလုပ် ဆောင်ရွက်ပေးနိုင်ရန် ပန်းခင်းစီမံချက်ဖြင့် ယခုနှစ် မေ ၃ ရက်မှ ၂၀၂၂ ခုနှစ် အောက်တိုဘာလအထိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူများထံအရောက် နေ့ချင်းပြီး ကွင်းဆင်းဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရသည်။
ကိုဆက်(ပြန်/ဆက်)