
ရန်ကုန် စက်တင်ဘာ ၁၄
အန်းဒရွိုက်ဗားရှင်းအသစ်ဖြစ်သည့် Android 12 ကို Google က ယခုနှစ် ဖေဖော်ဝါရီလ အတွင်းမှစ၍ Developer များအတွက် ထုတ် ပေးခဲ့ပြီး မေလမှစ၍ သာမန်အသုံးပြုသူများ အတွက်ပါ စမ်းသပ်ဗားရှင်းများ ထုတ်ပေး ခဲ့ရာမှ စက်တင်ဘာ ၈ ရက်တွင် နောက်ဆုံး စမ်းသပ်ဗားရှင်းဖြစ်သည့် Beta 5 ကို ထုတ် ပေးခဲ့ပြီးဖြစ်သည်။ အဆိုပါ နောက်ဆုံးစမ်းသပ် ဗားရှင်းကို Developer များနှင့် သာမန်သုံးစွဲ သူများက စမ်းသပ်အသုံးပြု၍ ပြုပြင်မှုများ ပြုလုပ်ပြီးနောက် မကြာမီတွင် Android 12 ကို စတင်အသုံးပြုနိုင်တော့မည်ဖြစ်သည်။
Android 12 ကို စတင်အသုံးပြုနိုင်မည့် အချိန်ကို Google အနေဖြင့် တရားဝင် ကြေညာထားခြင်းမရှိသေးသော်လည်း ယခင် အန်းဒရွိုက်ဗားရှင်းများတွင် နောက်ဆုံးစမ်း သပ်ဗားရှင်းထွက်ပြီး ရက်သတ္တပတ် အနည်း ငယ်အတွင်း စတင်အသုံးပြုနိုင်ခဲ့သောကြောင့် Android 12 ကို လာမည့် အောက်တိုဘာ သို့မဟုတ် နိုဝင်ဘာလအတွင်း စတင်အသုံးပြု နိုင်မည်ဟု နိုင်ငံတကာမှ ကျွမ်းကျင်သူများက ခန့်မှန်းထားကြသည်။
Android 12 ၏ ဒီဇိုင်းပိုင်း၊ စွမ်းဆောင် ရည်ပိုင်းနှင့် လုံခြုံမှုပိုင်းတို့တွင် လက်ရှိထွက် ထားပြီးသော အန်းဒရွိုက်ဗားရှင်းများထက် ထူးခြားချက်များ ပါဝင်လာပြီး အဓိကအချက် မှာ Material You ဟု အမည်ပေးထားသည့် ဒီဇိုင်းပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုဖြစ်သည်။ ဒီဇိုင်းပိုင်းတွင် ဖုန်း၏ Setting အပါအဝင် နေရာအားလုံးမှ စာလုံးအရောင်အသွေးများ ဒီဇိုင်းများကို စိတ်ကြိုက်ပြောင်းလဲနိုင်မည် ဖြစ်သလို ရွေးချယ်ထားသော Wallpaper မှ ပုံ၏ အရောင်အပေါ် မူတည်၍လည်း နာရီ ဂဏန်း၊ စာများနှင့် Notification များ၏ အရောင်များကိုပါ အလိုအလျောက်ပြောင်းလဲ ပေးမည်ဖြစ်သည်။
လုံခြုံရေးပိုင်းအတွက် ပါဝင်လာသည့် privacy dashboard လုပ်ဆောင်ချက်တွင် ဖုန်း၏ မိုက်ခရိုဖုန်းနှင့် ကင်မရာကို လျှို့ဝှက် သုံးနေသော အက်ပလီကေးရှင်းများရှိပါက သတိပေးခြင်း၊ ဖုန်းထဲမှ အက်ပလီကေးရှင်း နှင့် ဖိုလ်ဒါတစ်ခုချင်းကို လက်ဗွေဖြင့်ပိတ် ထားနိုင်ခြင်း စသည်တို့ ပါဝင်လာသည်။
စွမ်းဆောင်ရည်ပိုင်းတွင်လည်း Chrome OS စနစ်သုံးကွန်ပျူတာ(Chromebook)များ အပါအဝင် Google ၏ ထုတ်ကုန်များကို ဖုန်းမှတစ်ဆင့် ဖွင့်နိုင်ခြင်း၊ အန်းဒရွိုက်တီဗွီ များအတွက် ရီမုအဖြစ် အသုံးပြုနိုင်ခြင်း၊ မက်ဆင်ဂျာ အက်ပလီကေးရှင်းများအတွက် Contact များကို ခွဲခြားထားနိုင်ခြင်း၊ စမတ် နာရီများကဲ့သို့ ဝတ်ဆင်နိုင်သော ကိရိယာ များနှင့် ချိတ်ဆက်ရာတွင် ပိုမိုကောင်းမွန်ခြင်း၊ ဓာတ်ပုံများကို အရည်အသွေးမကျစေဘဲ ချုံ့နိုင်ခြင်း စသည့်အချက်များ ပါဝင်သလို ကင်မရာပိုင်းနှင့် အသံပိုင်းတွင်လည်း အဆင့် မြှင့်တင်ထားသည်။
Android 12 စတင် ထွက်ရှိလာချိန်တွင် လက်ရှိ Android 11 အသုံးပြုနေသော ဖုန်းများထဲမှ သင့်တော်သောဖုန်းများအတွက် Android 12 Update ထုတ်ပေးမည်ဖြစ်သည်။ နိုင်ငံတကာမှ ကျွမ်းကျင်သူများ၏ သုံးသပ် ချက်များအရ လက်ရှိဈေးကွက်အတွင်းမှ Android 12 ကိုအသုံးပြုနိုင်မည့် ဖုန်းများမှာ Pixel 6 and Pixel 6 Pro, Pixel 3 to Pixel 5, Oppo Find X3 Pro, Nokia X20, OnePlus 9 / 9 Pro, Xiaomi Mi 11 / 11 Ultra, Xiaomi Mi 11i / 11X Pro, ZTE Axon 30 Ultra, TCL 20 Pro 5G, Asus Zenfone 8, Realme GT, Vivo iQOO 7 Legend နှင့် Tecno Camon 17 စသည့်ဖုန်းများဖြစ်ကာ ဆမ်ဆောင်း၏ မှန်ကိုကွေးနိုင်သော Galaxy Z Fold 3 and Z Flip 3 တို့တွင်လည်း Update ရနိုင်မည်ဖြစ် သည်။ ယင်းတို့အနက် Google မှထုတ်ထား သည့် Pixel ဖုန်းများမှာ Update ကို အစော ဆုံး ရရှိနိုင်မည်ဖြစ်သည်။
Google သည် ၎င်းတို့ထုတ်လုပ်သည့် Android ဗားရှင်းများကို အစမ်းဗားရှင်းဖြစ် သည့် Alpha နှင့် Beta ပြီးနောက် C မှစ၍ Q အထိ အက္ခရာစဉ်အလိုက် စားသောက်စရာ အမည်များဖြင့် ထုတ်လုပ်ခဲ့ကာ ထို့နောက် တွင်မှ Android 11 အမည်ဖြင့် ဆက်ထုတ် ခဲ့သည်။ ထို့ကြောင့် ယခုထွက်လာမည့်ဗားရှင်း သည် Android 12 ဟုဆိုသော်လည်း စထုတ်ခဲ့ သည့် Alpha နှင့် Beta မှစလျှင် ၁၉ ခုမြောက် အန်းဒရွိုက်ဗားရှင်းဖြစ်သည်။ ကိုစိုး