
နေပြည်တော် စက်တင်ဘာ ၁၃
အကြိမ် (၂၀) မြောက် အာဆီယံ - တရုတ် စီးပွားရေး ဝန်ကြီးများအစည်းအဝေး၊ (၁၈) ကြိမ်မြောက် အာဆီယံ -ကိုရီးယား စီးပွားရေးဝန်ကြီးများ အစည်း အဝေး၊ (၁၃) ကြိမ်မြောက် မဲခေါင် - ဂျပန် စီးပွားရေး ဝန်ကြီးများအစည်းအဝေး၊ အာဆီယံ-ဆွစ်ဇာလန် Troika စီးပွားရေး ဝန်ကြီးများအစည်းအဝေး၊ (၂၄) ကြိမ်မြောက် အာဆီယံ-အပေါင်းသုံး စီးပွားရေး ဝန်ကြီးများအစည်းအဝေးတို့ကို ယနေ့နံနက်ပိုင်းတွင် ဗီဒီယိုကွန်ဖရင့်ဖြင့်ကျင်းပရာ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအောင်နိုင်ဦး နေပြည်တော်ရှိ အဆိုပါ ဝန်ကြီးရုံးမှ ပါဝင်တက်ရောက်သည်။
ပူးတွဲကြေညာချက် အတည်ပြု
နံနက် ၇ နာရီတွင် အကြိမ်(၂၀)မြောက် အာဆီယံ- တရုတ် စီးပွားရေးဝန်ကြီးများ အစည်းအဝေးကို စတင်ကျင်းပခဲ့ရာ ဘရူနိုင်းနိုင်ငံ ဝန်ကြီးချုပ်ရုံး ဝန်ကြီးနှင့် ဘဏ္ဍာရေးနှင့် စီးပွားရေးဝန်ကြီး H.E. Dato Dr. Amin Liew Abdullah နှင့် တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး H.E. Mr. Wang Wentao တို့က ပူးတွဲသဘာပတိများအဖြစ် ဆောင်ရွက်ကြပြီး ကိုဗစ်-၁၉ ရောဂါကြောင့် ဖြစ်ပေါ်ခဲ့သည့် စီးပွားရေးသက်ရောက်မှုများကို ကုစားနိုင်ရန်အတွက် ဒေသတွင်း ပူးပေါင်းဆောင်ရွက် မည့် အစီအစဉ်၊ အာဆီယံ-တရုတ် လွတ်လပ်သော ကုန်သွယ်မှုဒေသ အကောင်အထည်ဖော်မှု၊ အာဆီယံ- တရုတ် စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင် ရွက်မှုများနှင့် အာဆီယံ-တရုတ် ထိပ်သီးအစည်း အဝေးအတွက် ပြင်ဆင်မှုများကို ညှိနှိုင်းဆွေးနွေး ကြကာ နှစ် (၃၀) ပြည့် အာဆီယံ-တရုတ် ဆွေးနွေး ဖက် ဆက်ဆံရေးအထိမ်းအမှတ်အဖြစ် အာဆီယံနှင့် တရုတ်စီးပွားရေးဝန်ကြီးများ ပူးတွဲကြေညာချက် နှင့် အကြိမ်(၂၀)မြောက် အာဆီယံ-တရုတ် စီးပွားရေး ဝန်ကြီးများအစည်းအဝေး ပူးတွဲကြေညာချက်တို့ကို အတည်ပြုခဲ့ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက တရုတ်နိုင်ငံက မြန်မာနိုင်ငံအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးနှင့် ဆေးကိရိယာများ လှူဒါန်းမှုကို ကျေးဇူးတင်ရှိကြောင်း၊ ကုန်သွယ်မှုဆိုင်ရာ ထောက်ပံ့ ပို့ဆောင်မှုကွင်းဆက်များ ပိုမိုခိုင်မာစေရေးအတွက် မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှုအား ပုံမှန် ပြန်လည်ဖွင့်လှစ်ပေးရေး အထူးသဖြင့် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှုတွင် အဓိကကျသည့် ရွှေလီနှင့် မူဆယ်ဂိတ်များ ဖွင့်လှစ်ခြင်းကို စဉ်းစားပေးရန် တရုတ်နိုင်ငံအား မေတ္တာရပ်ခံလိုကြောင်း၊ အာဆီယံ နှင့် တရုတ်နိုင်ငံအကြား ကာလကြာရှည်စွာ ကုန်သွယ် မှုနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများရှိခဲ့သည့် အတွက် အာဆီယံ-တရုတ် လွတ်လပ်သော ကုန်သွယ်မှု သဘောတူစာချုပ် ထပ်မံအဆင့်မြှင့်တင်ရေးအတွက် အလားအလာရှိသည့် နယ်ပယ်များ သတ်မှတ်နိုင်ရန် ပူးတွဲဖြစ်နိုင်ခြေလေ့လာဆန်းစစ်မှု ဆောင်ရွက်မည့် ကိစ္စအပေါ် ထောက်ခံပါကြောင်း ပြောကြားသည်။
ပူးတွဲသဘာပတိများအဖြစ် ဆောင်ရွက်
ထို့နောက် (၁၈) ကြိမ်မြောက် အာဆီယံ-ကိုရီးယား စီးပွားရေးဝန်ကြီးများ အစည်းအဝေးကို ကျင်းပရာ ဘရူနိုင်းနိုင်ငံ ဝန်ကြီးချုပ်ရုံးဝန်ကြီးနှင့် ဘဏ္ဍာရေးနှင့် စီးပွားရေးဝန်ကြီး H.E. Dato Dr. Amin Liew Abdullah နှင့် ကိုရီးယားသမ္မတနိုင်ငံ ကုန်သွယ်ရေး၊ စက်မှုနှင့် စွမ်းအင်ဝန်ကြီးဌာန ဝန်ကြီး H.E. Yeo Han-koo တို့က ပူးတွဲသဘာပတိများ အဖြစ် ဆောင်ရွက်ကြပြီး ကိုဗစ်-၁၉ ကပ်ရောဂါ ကြောင့် စီးပွားရေးအပေါ် သက်ရောက်မှုများကို ပြန်လည်တုံ့ပြန်မှုများနှင့် ရှေ့ဆက်လက် ပူးပေါင်း ဆောင်ရွက်ရန် နယ်ပယ်များ၊ အာဆီယံ-ကိုရီးယား လွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ် အကောင်အထည်ဖော်မှု၊ အာဆီယံ-ကိုရီးယား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းများ တိုးတက်မှု အခြေအနေတို့ကို ဆွေးနွေးကြ၍ (၁၈) ကြိမ်မြောက် အာဆီယံ-ကိုရီးယား စီးပွားရေး ဝန်ကြီးများအစည်းအဝေး ပူးတွဲကြေညာချက်ကို အတည်ပြုခဲ့သည်။
အလေးပေးပြောကြား
ယင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှု အခြေ အနေများ၊ ထိန်းချုပ်မှုလုပ်ငန်းစဉ်များ၊ ကာကွယ် ဆေးထိုးနှံရေးလုပ်ငန်းစဉ်များ ဆောင်ရွက်နေမှု အခြေအနေကိုမျှဝေခဲ့ပြီး ကိုဗစ်-၁၉ ကပ်ရောဂါ အလွန် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ရာ၌ ကုလသမဂ္ဂ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်များ၊ အာဆီယံ ဘက်စုံပြန်လည် ထူထောင်ရေးမူဘောင်နှင့် ဂျီအမ်အက်စ် လုပ်ငန်းအစီ အစဉ်များနှင့်အညီ မြန်မာနိုင်ငံ စီးပွားရေးပြန်လည် ဦးမော့စေရေး စီမံချက်ကို ရေးဆွဲဆောင်ရွက်လျက် ရှိမှုတို့အပြင် ကိုဗစ်-၁၉ ကပ်ရောဂါအလွန် ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ပထမဦးစွာ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ပြဋ္ဌာန်း ချက်များနှင့်အညီ နိုင်ငံစုံကုန်သွယ်ရေးစနစ် ကျင့်သုံး ဆောင်ရွက်ခြင်း၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ လွယ်ကူချောမွေ့စေခြင်းနှင့် ဖြေလျှော့မှုများ မြှင့်တင် ခြင်းဖြင့် ဒေသတွင်း စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု များကို မြှင့်တင်ဆောင်ရွက်ရန်၊ ဒုတိယအနေဖြင့် စီးပွားရေးနှင့် လူမှုရေး စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက် သည့် ပတ်ဝန်းကျင်တစ်ခုဖန်တီးရန်အတွက် အားလုံး ပါဝင်ဆောင်ရွက်ရန်၊ တတိယအနေဖြင့် ဒစ်ဂျစ်တယ် နှင့် နည်းပညာတီထွင်ဆန်းသစ်မှု အခွင့်အလမ်းများ ကို ရှာဖွေရန်လိုအပ်ကြောင်း အလေးပေးပြောကြား ခဲ့သည်။
အမြင်ချင်းဖလှယ် ဆွေးနွေး
မွန်းလွဲပိုင်းတွင် (၁၃) ကြိမ်မြောက် မဲခေါင်−ဂျပန် စီးပွားရေးဝန်ကြီးများအစည်းအဝေးကို ကျင်းပရာ လာအိုနိုင်ငံ စက်မှုနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန ဝန်ကြီး H.E. Khampheng Saysompheng နှင့် ဂျပန်နိုင်ငံ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှု ဝန်ကြီးဌာန ဝန်ကြီး H.E. Hiroshi Kajiyama တို့က ပူးတွဲသဘာပတိများအဖြစ် ဆောင်ရွက်ကြပြီး ၂၀၂၀ ပြည့်နှစ်၌ ကျင်းပခဲ့သည့် (၁၂) ကြိမ်မြောက် မဲခေါင်-ဂျပန် ထိပ်သီးအစည်းအဝေးနှင့် (၁၂) ကြိမ်မြောက် မဲခေါင်-ဂျပန် စီးပွားရေးဝန်ကြီးများ အစည်းအဝေး၏ ဆွေးနွေးမှုရလဒ်များ၊ မဲခေါင် စက်မှုဖွံ့ဖြိုးတိုးတက်မှု မျှော်မှန်းချက် ၂.၀ လုပ်ငန်းအစီအစဉ်အောက်မှ လက်ရှိအကောင်အထည်ဖော် ဆောင်ရွက်နေသည့် စီမံကိန်းများ၏ ဖြစ်ပေါ်တိုးတက်မှု အခြေအနေနှင့် ဂျပန်နိုင်ငံက အဆိုပြုလာသည့် စီမံကိန်းများအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက မဲခေါင်ဒေသနိုင်ငံများ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် ဂျပန်နိုင်ငံ၏ ကူညီပံ့ပိုးပေးမှုအပေါ် များစွာ ကျေးဇူးတင်ရှိပါကြောင်း၊ ကိုဗစ်-၁၉ ကာလအလွန် စီးပွားရေးပြန်လည်ထူထောင်ရေးနှင့် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှု ညီမျှစေရန်အတွက် မဲခေါင် စက်မှု ဖွံ့ဖြိုးတိုးတက်မှုမျှော်မှန်းချက် ၂.၀ သည် အရေးကြီး သည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိနေသဖြင့် ယင်း လုပ်ငန်းအစီအစဉ်အောက်ရှိ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် စီမံကိန်း၏ ဖြစ်ပေါ်တိုးတက်မှု များအပေါ် ကြိုဆိုပါကြောင်း၊ ဂျပန်နိုင်ငံမှ အဆိုပြု ထားသည့် ဒစ်ဂျစ်တယ် တီထွင်ဆန်းသစ်မှုနှင့် စဉ်ဆက် မပြတ် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ စီမံကိန်းများကို ကြိုဆိုပါကြောင်း၊ ဂျပန်နိုင်ငံအနေဖြင့် အရှေ့-အနောက် စီးပွားရေးစင်္ကြံ ဖွံ့ဖြိုးတိုးတက်မှုအတွက် မြန်မာနိုင်ငံတွင် အကောင်အထည်ဖော် ဆောင်ရွက် နေသည့် စီမံကိန်းများအပေါ် ဆက်လက်ပံ့ပိုးပေးစေ လိုကြောင်းနှင့် ဒစ်ဂျစ်တယ်အခြေပြု ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးဆိုင်ရာ မဟာဗျူဟာနှင့် စပ်လျဉ်း၍ စွမ်းဆောင်ရည်မြှင့်တင်ရေး အစီအစဉ်များကို ပံ့ပိုး ပေးစေလိုကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် အာဆီယံ-ဆွစ်ဇာလန် Troika စီးပွားရေးဝန်ကြီးများ အစည်းအဝေးကို ဆက်လက် ကျင်းပရာ ဘရူနိုင်းနိုင်ငံ ဝန်ကြီးချုပ်ရုံး ဝန်ကြီးနှင့် ဘဏ္ဍာရေးနှင့် စီးပွားရေးဝန်ကြီး H.E. Dato Dr. Amin Liew Abdullah နှင့် ဆွစ်ဇာလန်နိုင်ငံ စီးပွား ရေးရာ၊ ပညာရေးနှင့် သုတေသနဌာန အကြီးအကဲနှင့် Swiss Confederation ၏ ဥက္ကဋ္ဌ H.E. Guy Parmelin တို့က ပူးတွဲသဘာပတိများအဖြစ် ဆောင်ရွက်ကြပြီး အာဆီယံနှင့် ဥရောပ လွတ်လပ် သော ကုန်သွယ်မှုအဖွဲ့အကြား ပူးပေါင်းဆောင်ရွက် မှုဆိုင်ရာ ပူးတွဲကြေညာချက် (မူကြမ်း) နှင့် အာဆီယံ နှင့် ဆွစ်ဇာလန်နိုင်ငံတို့အကြား လက်တွေ့ပူးပေါင်း ဆောင်ရွက်မှုနယ်ပယ်များ (၂၀၂၂-၂၀၂၆)အောက်ရှိ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်များ အပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပြီး ပူးတွဲ ကြေညာချက်ကို အတည်ပြုခဲ့သည်။
ဆွေးနွေးအတည်ပြု
ဆက်လက်၍ (၂၄) ကြိမ်မြောက် အာဆီယံ အပေါင်းသုံး စီးပွားရေးဝန်ကြီးများ အစည်းအဝေးကို ကျင်းပရာ ဘရူနိုင်းနိုင်ငံ ဝန်ကြီးချုပ်ရုံး ဝန်ကြီးနှင့် ဘဏ္ဍာရေးနှင့် စီးပွားရေးဝန်ကြီး H.E. Dato Dr. Amin Liew Abdullah ၊ တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး H.E. Wentao Wang၊ ဂျပန်နိုင်ငံ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီး ဌာန ဝန်ကြီး H.E. Hiroshi Kajiyama နှင့် ကိုရီးယား သမ္မတနိုင်ငံ ကုန်သွယ်ရေး၊ စက်မှုနှင့်စွမ်းအင် ဒုတိယ ဝန်ကြီး H.E. Dr. Yoonjong Chun တို့က ပူးတွဲ သဘာပတိများအဖြစ် ဆောင်ရွက်ကြပြီး အာဆီယံ အပေါင်းသုံး စီးပွားရေးပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းအစီအစဉ် (၂၀၂၁-၂၀၂၂) အပေါ် ဝန်ကြီး များက ဆွေးနွေးအတည်ပြုကြ၍ ကိုဗစ်-၁၉ ကူးစက် ရောဂါကြောင့် စီးပွားရေးထိခိုက်မှုများ လျော့နည်း စေရေး အာဆီယံအပေါင်းသုံး လုပ်ငန်းစီမံချက်၏ ဖြစ်ပေါ်တိုးတက်မှုများကို မှတ်တမ်းတင်ခဲ့သည်။
သတင်းစဉ်