
နေပြည်တော် စက်တင်ဘာ ၁၃
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့တွင် ပြင်ဦးလွင်မြို့ စစ်တက္ကသိုလ်၌ ပြုလုပ်သည့် စစ်တက္ကသိုလ် ဗိုလ်လောင်း သင်တန်း အမှတ်စဉ်(၆၄) စစ်လက်ရုံး ရွေးချယ်ပွဲသို့ တက်ရောက်စိစစ်ရွေးချယ်သည်။
စိစစ်ရွေးချယ်ပေး
အဆိုပါ စစ်လက်ရုံးရွေးချယ်ပွဲသို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် ကိုကိုဦး၊ စစ်တက္ကသိုလ် ကျောင်းအုပ်ကြီးနှင့် တာဝန် ရှိသူများ တက်ရောက်ကြပြီး ဗိုလ်လောင်းများအား စာပေပညာ၊ စစ်ပညာဘာသာရပ်အလိုက် ထူးချွန် ထက်မြက်မှု၊ ဝါသနာနှင့် ကြိုးစားအားထုတ်မှုများ အပေါ်မူတည်၍ သင့်လျော်သည့် တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်လက်ရုံး အသီးသီးအတွက် စိစစ်ရွေးချယ်ပေးခဲ့ကြသည်။
နေ့လယ်စာ အတူတကွသုံးဆောင်
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ဘုရင့်နောင်တပ်ရင်း ဗိုလ်လောင်း စားရိပ်သာ၌ သင်တန်းသားဗိုလ်လောင်းများနှင့် အတူ နေ့လယ်စာ အတူတကွ သုံးဆောင်ကြပြီး ဗိုလ်လောင်းများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်၍ အားပေးစကား ပြောကြားခဲ့သည်။ ယင်းနောက် မွန်းလွဲပိုင်းတွင် စစ်လက်ရုံး ရွေးချယ်မှု အား ဆက်လက်ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်