ထုတ်ကုန်ပစ္စည်းများ အရည်အသွေးပြည့်မီစွာ ထုတ်လုပ်နိုင်ရေးအတွက် အစဉ်အမြဲ စစ်ဆေးကြပ်မတ်ဆောင်ရွက်

 

 

နေပြည်တော်  စက်တင်ဘာ  ၁၁


စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် စက်တင်ဘာ ၉ ရက် နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး   မြင်းခြံမြို့ရှိ  အမှတ်(၆)  စက်မှုသင်တန်းကျောင်းသို့ ရောက်ရှိရာ  ကျောင်းအုပ်ကြီးက သင်တန်းကျောင်းဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြချက်များနှင့်      စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက     သင်တန်းသားများအား လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မှုအခြေပြုပညာရေးနှင့် လေ့ကျင့်ရေးစနစ်တို့ဖြင့် လေ့ကျင့်သင်ကြားပေးရန်၊ စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေမည့် စက်မှုကျွမ်းကျင် များ ပိုမိုလက်ခံလေ့ကျင့်သင်ကြားပေးနိုင်ရေး စီမံ ဆောင်ရွက်ရန်၊ စက်ရုံ/အလုပ်ရုံများတွင် လိုအပ်သည့် ဘာသာရပ်များ    ထည့်သွင်းသင်ကြားပေးရန်၊ သင်ထောက်ကူပစ္စည်းများကို အဆင်သင့် အသုံးပြု နိုင်အောင်    ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို စဉ်ဆက်မပြတ်  ဆောင်ရွက်ရန်၊  သင်ကြားမည့် ဘာသာရပ်အလိုက် Program Standards ရေးဆွဲ ထားရန်၊ သင်တန်းသားဗဟိုပြု   သင်ကြားရေးစနစ်ဖြင့် လေ့ကျင့်သင်ကြားရန် မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အလုပ်ရုံ များအတွင်းရှိ    သင်ထောက်ကူပစ္စည်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ကျောင်းအုပ်ကြီးနှင့် နည်းပြအရာရှိများ၏ တင်ပြချက်များကို ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးသည်။
စက်တင်ဘာ   ၁၀   ရက်   နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် တောင်သာမြို့ရှိ အမှတ် (၁၀)အထည်စက်ရုံသို့  ရောက်ရှိရာ   စက်ရုံမှူးက စက်ရုံဆိုင်ရာအချက်အလက်များကို      ရှင်းလင်း တင်ပြသည်။
ရှင်းလင်းတင်ပြချက်များနှင့်     စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက အထည်အလိပ်ထုတ်လုပ်မှု လုပ်ငန်းများကို တိုးမြှင့်နိုင်ရေး ကြိုးပမ်းဆောင် ရွက်ရန်၊ နိုင်ငံပိုင်စက်ရုံ/ အလုပ်ရုံများ အကျိုးရှိအောင် အသုံးပြုနိုင်ရေး     တီထွင်ကြံဆလုပ်ဆောင်ရန်၊ ထုတ်ကုန်ပစ္စည်းများနှင့်  ပတ်သက်၍  ဈေးကွက် သုတေသနပြုလုပ်ငန်းများ ဆောင်ရွက်ရန် မှာကြား ပြီး  စက်ရုံအတွင်း  ကုန်ထုတ်လုပ်မှုလုပ်ငန်းစဉ် အဆင့်ဆင့်ကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အထည် စက်ရုံခွဲ(မြင်းခြံ)သို့ ရောက်ရှိပြီး ဆေးဂွမ်းနှင့် ပတ်တီး များ ထုတ်လုပ်နေမှုအဆင့်ဆင့်ကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး ထုတ်ကုန်ပစ္စည်းများ အရည်အသွေး ပြည့်မီစွာ   ထုတ်လုပ်နိုင်ရေးအတွက်  အစဉ်အမြဲ စစ်ဆေးကြပ်မတ် ဆောင်ရွက်ရန်၊ လူ့စွမ်းအားအရင်း အမြစ် ဖွံ့ဖြိုးတိုးတက်ရေးအစီအမံများ ချမှတ်ဆောင် ရွက်ရန်နှင့်  စက်စွမ်းအားပြည့်  ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန် မှာကြားသည်။
မွန်းလွဲပိုင်းတွင်    ပြည်ထောင်စုဝန်ကြီးသည် မကွေးတိုင်းဒေသကြီး    ပခုက္ကူမြို့ရှိ   အမှတ်(၅)အထည်စက်ရုံနှင့် အမှတ်(၁၁)အထည်စက်ရုံတို့သို့ ရောက်ရှိပြီး စက်ရုံအတွင်း စက်ပစ္စည်းများ တပ်ဆင် ထားရှိမှုအခြေအနေနှင့်   ထုတ်လုပ်မှုလုပ်ငန်းစဉ် အဆင့်ဆင့်တို့အား    လှည့်လည်ကြည့်ရှုစစ်ဆေး ကာ (အပေါ်ပုံ) နိုင်ငံပိုင်စက်ပစ္စည်း၊ အဆောက်အဦ၊ မြေ   စသည့်ပုံသေပိုင်ပစ္စည်းများနှင့်  ပတ်သက်၍  စနစ်တကျ စီမံခန့်ခွဲရန်နှင့် ပျက်စီးဆုံးရှုံးမှုမရှိစေရေး အလေးထားဆောင်ရွက်ရန်၊ စက်ရုံအား အရှုံးအမြတ် အခြေအနေ (Break Event Point) ဖြစ်အောင် ဝိုင်းဝန်း ကြိုးစားဆောင်ရွက်ရန်၊ ရှိပြီးဖြစ်သည့် နည်းပညာ များ  ပျောက်ပျက်မသွားစေရေးအတွက်  ဆင့်ပွား သင်တန်းများပြုလုပ်ပေးရန်၊ ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများ အစဉ်အမြဲဆောင်ရွက်သွားရန် မှာကြား ပြီး ဝန်ထမ်းများ၏ တင်ပြချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် အမှတ် (၄) စက်မှုသင်တန်းကျောင်း (ပခုက္ကူ)သို့ ရောက်ရှိရာ ကျောင်းအုပ်ကြီးက သင်တန်းဆိုင်ရာ ကိစ္စရပ်များနှင့် ဝန်ထမ်းရေးရာကိစ္စရပ်များကို ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြချက်များနှင့်      စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက သင်တန်းများ ပြန်လည် ဖွင့်လှစ်လျှင် အဆင်သင့်ဖြစ်အောင် ပြင်ဆင်ထားရန်၊ သင်ကြားနေသည့် ဘာသာရပ်များကို အဆင့်မြှင့်တင် သွားရန်၊ ဆရာ ဆရာမများအနေဖြင့် မိမိတို့နှင့် သက်ဆိုင်သည့်ဘာသာရပ်များကို  ကျွမ်းကျင်ပိုင်နိုင် စွာ သင်ကြားပို့ချနိုင်ရေး အမြဲမပြတ် လေ့လာသင်ယူ သွားရန်    စက်မှုကဏ္ဍ  ဖွံ့ဖြိုးတိုးတက်စေရေး အထောက်အကူပြုမည့်   စက်မှုကျွမ်းကျင်များ  ပိုမို မွေးထုတ်ပေးနိုင်ရေး   ကြိုးစားဆောင်ရွက်ရန်နှင့် အမှန်တကယ် တတ်ကျွမ်းအောင် သင်ကြားပေးရန် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်