
နေပြည်တော် စက်တင်ဘာ ၁၀
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ညွှန်ကြားချက်အရ မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း၏စီစဉ်မှုဖြင့် ဒုတိယနေရာ အဖြစ် ပန်းဘဲတန်းမြို့နယ် ကုန်သည်လမ်းနှင့် ဗိုလ်ဆွန်ပက်လမ်းထောင့် ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကုန်သွယ်မှုဗဟိုဌာန အဆောက်အအုံ၌ အိမ်သုံးဆေးဝါးများ လက်လီလက်ကားဖြန့်ဖြူးရောင်းချခြင်းကို ယနေ့ တွင် ဆောင်ရွက်ခဲ့ရာ ဆေးနှင့်ဆေးပစ္စည်း ဖြန့်ဖြူးရောင်းချသော ကုမ္ပဏီ ၁၃ ခုမှ အိမ်သုံးဆေးဝါး ၁၅၄ မျိုးကို ရောင်းချပေးလျက်ရှိပြီး သုံးသိန်းကျော်တန်ဖိုးရှိ ဆေးနှင့်ဆေးပစ္စည်းများ ရောင်းချခဲ့သည်။
အလားတူ ပထမအစီအစဉ်အဖြစ် ဖွင့်လှစ်ရောင်းချပေးလျက်ရှိသည့် အလုံမြို့နယ် ကမ်းနားလမ်း လွတ်လပ်ရေးရပ်ကွက် အမှတ်(၁၀၄/၁၀၈) နေရာ၌လည်း ၁၉ ရက်နေ့အဖြစ် ဆက်လက်ရောင်းချပေးလျက်ရှိကာ ယနေ့တွင် ခုနစ်သိန်းကျော်တန်ဖိုးရှိ ဆေးနှင့်ဆေးပစ္စည်းများ ရောင်းချ နိုင်ခဲ့သည်။ သတင်းစဉ်