
နေပြည်တော် စက်တင်ဘာ ၆
တနင်္သာရီတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့အတွင်း ပန်းခင်းစီမံချက် ဖြင့် အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည့် အိမ်ထောင်စုလူဦးရေစာရင်း နှင့် ကိုင်ဆောင်သင့်သည့် ကတ်ပြား တစ်မျိုးမျိုး ထုတ်ပေးရေးလုပ်ငန်း ဆောင်ရွက်မှုဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီ ခွဲက နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ဒုတိယ ဝန်ကြီး ဦးဌေးလှိုင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တနင်္သာရီတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ် တို့မှ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူး များက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီက နိုင်ငံတော်၏စီမံချက် ဖြစ်သည့် ပန်းခင်းစီမံချက်အား မိမိတို့ ဌာနက တာဝန်ယူအကောင်အထည်ဖော် ဆောင်ရွက်နေမှု၊ ပန်းခင်းစီမံချက်သည် သတ်မှတ်အချိန်ကာလအတွင်း သတ်မှတ် လုပ်ငန်းပမာဏ ပြည့်မီပြီးစီးအောင် ကြိုးပမ်းဆောင်ရွက်ကြရမည့် အခြေအနေ၊ ယခု ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု ကာလ အတွင်း လုပ်ငန်းဆောင်ရွက်မှု နှောင့်နှေး ရသည့်အပေါ် စနစ်တကျ သုံးသပ်ကာ ဆောင်ရွက်နိုင်သမျှလုပ်ငန်းများ အရှိန် အဟုန်မပျက် ဆောင်ရွက်ကြရန်လိုအပ်မှု၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကျန်းမာရေး ညွှန်ကြားချက်များနှင့်အညီ တိကျစွာ လိုက်နာဆောင်ရွက်နိုင်ရေး အခြေအနေ၊ လုပ်ငန်းများ ထိရောက်အောင်မြင်ရေး အတွက် ဝန်ကြီးဌာနအနေဖြင့် လိုအပ် သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးနေ မှု၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် ဦးစီးမှူးများကလည်း ဒေသအာဏာပိုင် များ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ရမည့် အခြေ အနေ၊ မီဒီယာပိုင်းမှ online/ offline အသုံးပြု၍ ပြည်သူများ သိရှိနားလည် ဆောင်ရွက်နိုင်ရေးအတွက် စီမံ ဆောင်ရွက်နေမှုအခြေအနေ၊ လက်ရှိ အခြေအနေအရ တပ်မတော်အပါအဝင် အဖွဲ့အစည်းအသီးသီးသို့ ဆက်သွယ် အသိပေးကာ စာရင်းဇယားများ ကောက်ယူဆောင်ရွက်ရေးနှင့် ရုံးများသို့ လာရောက်ဆောင်ရွက်နိုင်မည့် အရေ အတွက် သတ်မှတ်ကန့်သတ်ဆောင်ရွက် ပေးနိုင်ရေးအခြေအနေ၊ ဆောင်ရွက်ရမည့် လုပ်ငန်း ပမာဏအလိုက် တစ်ဆင့်ပြီး တစ်ဆင့် ဆောင်ရွက်ရင်း ရည်မှန်းချက်သို့ အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက် ကြရန်နှင့် လုပ်ငန်းလိုအပ်ချက်များကို အချိန်နှင့်တစ်ပြေးညီ တင်ပြဆောင်ရွက် ကြရန် အကျယ်တဝင့် ရှင်းလင်းပြောကြား သည်။
ရှင်းလင်းတင်ပြ
ထို့နောက် တနင်္သာရီတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီးနှင့် ရခိုင်ပြည်နယ် ဦးစီးမှူး များက ပန်းခင်းစီမံချက်နှင့်ပတ်သက်၍ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ကိုဗစ်-၁၉ ကာလအတွင်း လုပ်ငန်း ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက် မည့် လုပ်ငန်းအစီအစဉ်များ၊ လုပ်ငန်း လိုအပ်ချက်များကို အသီးသီးရှင်းလင်း တင်ပြကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းလိုအပ်ချက်များ ဖြည့်ဆည်း ဆောင်ရွက်ပေးပြီး ပန်းခင်းစီမံချက်သည် နိုင်ငံသားတိုင်း လူမှုဘဝပြည့်စုံနိုင်ရေး အတွက် အရေးကြီးသော အထောက် အထားထုတ်ပေးသည့် စီမံချက်ဖြစ်သည် နှင့်အညီ ပြည်သူများ သိရှိဆောင်ရွက် စေရေး နည်းမျိုးစုံအသုံးပြု၍ အလေးထား ဆောင်ရွက်ကြရန်မှာကြားသည်။
သတင်းစဉ်
n