
နေပြည်တော် စက်တင်ဘာ ၆
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ (၁၁)ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖွဲ့၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ကောင်စီတွဲဖက်အတွင်း ရေးမှူး၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော် အရာရှိကြီးများနှင့် တာဝန်ရှိသူများ တက်ရောက် ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်များ၊ တာဝန်ရှိသူများက Video Conferencing ဖြင့် တက်ရောက်ကြသည်။
အတိုင်းအတာတစ်ခုအထိ ကျဆင်း
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က အဖွင့်အမှာစကားပြောကြားရာတွင် ကိုဗစ်-၁၉ တတိယလှိုင်းစတင်ဖြစ်ပွားသည့် ဇူလိုင်လမှစ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အတွက် ဗဟိုအဆင့်ဖွဲ့စည်း၍ အစည်းအဝေးများ ကျင်းပပြုလုပ်ပြီး ဖိဖိစီးစီး ထိထိမိမိဖြင့် ဆောင်ရွက် ပေးနိုင်ခဲ့သဖြင့် အတိုင်းအတာတစ်ခုအထိ ကျဆင်း လာပြီဖြစ်ကြောင်း၊ သို့သော် ဆက်လက်ဆောင်ရွက် ရမည့်ကိစ္စရပ်များ များစွာရှိနေသေးကြောင်း၊ စက်တင်ဘာ ၅ ရက်အထိ ကမ္ဘာပေါ်တွင် ကိုဗစ် -၁၉ ကူးစက်သူ ၂၂၁ သန်းကျော်၊ သေဆုံးသူ ၄ ဒသမ ၆ သန်းခန့်ရှိကြောင်း၊ ကူးစက်မှုအများဆုံးမှာ အမေရိကန်နိုင်ငံဖြစ်ပြီး သန်း ၄၀ ကျော်ခန့်ရှိကာ ဒုတိယအများဆုံးမှာ အိန္ဒိယနိုင်ငံဖြစ်ပြီး ၃၃ သန်းခန့် ရှိကြောင်း၊ အာဆီယံနိုင်ငံများထဲတွင် အင်ဒိုနီးရှား နိုင်ငံသည် ကူးစက်မှု လေးသန်းကျော်ရှိပြီး သေဆုံးသူ ၁၃၆၀၀၀ ကျော်ခန့် သေဆုံးမှုရှိသဖြင့် ပထမ အများဆုံးဖြစ်ကြောင်း၊ ဖိလစ်ပိုင်နိုင်ငံသည် ဒုတိယ အများဆုံးဖြစ်ပြီး ကူးစက်သူ နှစ်သန်းကျော်နှင့် သေဆုံးသူ ၃၄၀၀၀ ကျော်ခန့်ရှိသည်ကို တွေ့ရှိရ ကြောင်း၊ မိမိတို့နိုင်ငံသည် အာဆီယံနိုင်ငံများတွင် ဆဋ္ဌမအများဆုံးဖြစ်ပြီး ကူးစက်သူ လေးသိန်းကျော် နှင့် သေဆုံးသူ ၁၅၈၀၀ ခန့်သေဆုံးသည်ကို တွေ့ရှိရ ကြောင်း။
ပြီးခဲ့သည့် ဇူလိုင်လမှစ၍ ကိုဗစ်-၁၉ တတိယလှိုင်းကူးစက်မှုနှုန်းမြင့်မားလာသည့်အတွက် ထိထိ မိမိကိုင်တွယ်၍ ဩဂုတ်လကုန်အတွင်း ရောဂါ ကူးစက်မှုရာခိုင်နှုန်း ထက်ဝက်ခန့်အထိ ကျဆင်း စေရေး ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း၊ ဇူလိုင် ၁၄ ရက်တွင် ၂၁၃၅၂ ဦးအား စစ်ဆေးခဲ့ရာ ၇၀၈၃ ဦး တွေ့ရှိခဲ့သဖြင့် စစ်ဆေးသူ၏ ၃၃ ရာခိုင်နှုန်းတွေ့ရှိခဲ့ကြောင်း၊ ဇူလိုင် ၂၂ ရက်တွင် ၁၇၂၃၅ ဦးအား စစ်ဆေးခဲ့ရာ ၆၇၀၁ ဦးတွေ့ရှိခဲ့သဖြင့် တွေ့ရှိမှုရာခိုင်နှုန်း ၃၈ ရာခိုင်နှုန်းရှိခဲ့ကြောင်း၊ အချို့ ရက်များတွင်လည်း ၄၀ ရာခိုင်နှုန်းကျော်သည်များရှိခဲ့ ကြောင်း၊ ထိုသို့ရောဂါကူးစက်မှုနှုန်း မြင့်တက်မှုများ အား ထိန်းချုပ်နိုင်ရန်အတွက် ဗဟိုအဖွဲ့အနေဖြင့် ပြည်သူများ ကာကွယ်ဆေးများ ထိုးနှံနိုင်ရေး၊ ပြည်ပ မှ ကာကွယ်ဆေးများဝယ်ယူရရှိနိုင်ရေး၊ ကာကွယ်ရေး ပစ္စည်းများ ပြည့်စုံစွာဖြင့် တစ်နိုင်ငံလုံးဖြန့်ကြက် နိုင်ရေးအတွက် ဘက်ပေါင်းစုံမှ ဆောင်ရွက်ခဲ့ကြောင်း၊ အလားတူတိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများက လည်း နိုင်ငံတော်အစိုးရကဆောင်ရွက်သည့် လုပ်ငန်း ရပ်များ အောင်မြင်စေရန်အတွက် ပြည်သူများ ကိုဗစ်-၁၉ ဆိုင်ရာစည်းကမ်းချက်များ လိုက်နာ စေရန် ဆောင်ရွက်မှုများနှင့် ပြည်သူများ၏ လိုက်နာ ပူးပေါင်းဆောင်ရွက်မှုများကြောင့် ကူးစက်မှုနှုန်းများ ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း။
များစွာကျဆင်းသွား
ယခုစက်တင်ဘာလဆန်း၌ ပျမ်းမျှပိုးတွေ့နှုန်း သည် ၁၀ ဒသမ ၃၇ ရာခိုင်နှုန်းသာရှိသဖြင့် ကူးစက်မှု နှုန်းများ များစွာကျဆင်းသွားသည်ကို တွေ့ရှိရကြောင်း၊ သို့သော် အချို့ပြည်နယ်နှင့်တိုင်းများတွင် ကူးစက်မှု နှုန်းများပြားနေသေးသည်ကို တွေ့ရှိနေရသေးကြောင်း၊ ရောဂါကူးစက်မှုစစ်ဆေးရာတွင် နယ်ပယ်ပေါင်းစုံ တွင် စစ်ဆေးနိုင်ရေး ဖြစ်နိုင်သမျှနယ်ပယ်များတွင် စစ်ဆေးခဲ့ရာ တစ်ရက်လျှင် လူဦးရေ သုံးသောင်း ကျော်ခန့်အထိ စစ်ဆေးနိုင်ခဲ့ကြောင်း၊ လူတစ်သိန်း တွင် ကူးစက်မှုအား အချိုးချ၍တွက်ချက်ခဲ့ရာ ကယားပြည်နယ်၌ လူတစ်သိန်းတွင် ကူးစက်သူဦးရေ ၁၉၃ ဦးတွေ့ရှိပြီး ကူးစက်မှုနှုန်းအများဆုံး၊ ကချင် ပြည်နယ်၌ လူတစ်သိန်းတွင်ကူးစက်သူဦးရေ ၉၆ ဦး တွေ့ရှိပြီး ဒုတိယအများဆုံး၊ တနင်္သာရီတိုင်းဒေသကြီး တွင် လူတစ်သိန်းတွင် ကူးစက်သူဦးရေ ၈၄ ဦး တွေ့ရှိ ပြီး တတိယအများဆုံး၊ ရှမ်းပြည်နယ်တွင် ၈၁ ဦး၊ နေပြည်တော်တွင် ၇၆ ဦး၊ ပဲခူးတိုင်းတွင် ၇၂ ဦး တွေ့ရှိရသဖြင့် ၎င်းတိုင်းဒေသကြီးနှင့် ပြည်နယ်များ တွင် စစ်ဆေးတွေ့ရှိမှုနှုန်းအရ များပြားနေသေးသည် ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့်လည်း ကိန်းဂဏန်း များအားကြည့်၍ ဆောင်ရွက်ရန် လိုအပ်သည်များကို ထည့်သွင်းစဉ်းစားဆောင်ရွက်ကြရန် တိုက်တွန်း လိုကြောင်း။
ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် မြို့များ တွင် စည်းကမ်းလိုက်နာမှုများရှိပြီး နယ်များတွင် စည်းကမ်းလိုက်နာမှု အားနည်းနေသည့်အတွက် မြန်မာ့ရုပ်မြင်သံကြားသတင်းဌာနများ၊ အသံလွှင့် ဌာနများမှ တိုင်းရင်းသားဘာသာများဖြင့်ပါ ပညာ ပေးမှုများ စဉ်ဆက်မပြတ်ထုတ်လွှင့်ပေးလျက်ရှိ ကြောင်း၊ ရောဂါဖြစ်ပွားမှုနှုန်း များပြားသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ပြည်သူများ ကိုဗစ်-၁၉ ဆိုင်ရာစည်းကမ်းချက်များအတိုင်း လိုက်နာဆောင်ရွက်ရေး တိုက်တွန်းဆောင်ရွက် နေရန် လိုကြောင်း၊ ကာလကြာမြင့်လာချိန်တွင် ပြည်သူများအနေဖြင့် ပေါ့ပေါ့ဆဆဖြင့် သွားလာ ဆောင်ရွက်လာကြသည်ကို တွေ့ရှိရကြောင်း၊ အချို့ ပြည်သူများအနေဖြင့် Mask များတပ်ဆင်မှုမရှိဘဲ သွားလာလျက်ရှိသည်ကို တွေ့ရှိရကြောင်း၊ အချို့ ဒေသများတွင် ကိုဗစ် -၁၉ ဆိုင်ရာ စည်းကမ်းများအား တိကျစွာ လိုက်နာကြသော်လည်း အချို့ဒေသများတွင် ကိုဗစ်-၁၉ ဆိုင်ရာ စည်းကမ်းများအား လိုက်နာမှု မရှိဘဲ သွားလာဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရ ကြောင်း။
ပြည်ပပို့ကုန်များရှိမှသာ
မိမိတို့အနေဖြင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ အား ကိုဗစ်-၁၉ စည်းကမ်းများနှင့်အညီ ဖွင့်လှစ်ခွင့် ပေးထားကြောင်း၊ ပြည်ပပို့ကုန်များရှိမှသာ နိုင်ငံ အတွက် ဝင်ငွေရရှိမည်ဖြစ်ကြောင်း၊ အလားတူ စားသောက်ကုန်များထုတ်လုပ်ရေးနှင့် ပတ်သက်သည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကိုလည်း စည်းကမ်း နှင့်အညီဆောင်ရွက်ရေး ခွင့်ပြုပေးထားကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် စားသောက်ကုန်ထုတ်လုပ်ခြင်း လုပ်ငန်းများအား ကြိုးစားဆောင်ရွက်ခဲ့သဖြင့် ကုန်ဈေးနှုန်းမြင့်တက်မှုများ မြင့်မားစွာမဖြစ်ပေါ်ခဲ့ ကြောင်း၊ အချို့နိုင်ငံများတွင် ကုန်ထုတ်လုပ်မှုလုပ်ငန်း အတွက် အလုပ်သမားများ ရှားပါးမှုကြောင့် စားသောက်ကုန်များ ဈေးနှုန်းများ အလွန်မြင့်မားစွာ မြင့်တက်လျက်ရှိသည်ကို သတင်းများတွင် တွေ့ရှိရ ကြောင်း၊ ယခုအချိန်တွင် မိမိတို့နိုင်ငံအနေဖြင့် ပြည်တွင်း၌ စားသောက်ကုန်များ ဖူလုံစွာထုတ်လုပ် နိုင်ပါက နိုင်ငံအနေဖြင့် များစွာအဆင်ပြေမည်ဖြစ် ကြောင်း၊ ပြည်သူများ၏ ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ် လာသည့် ကုန်ကျစရိတ်များနှင့် သောကများ သက်သာရာရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်သူ များ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ စည်းကမ်းများအား လိုက်နာစေရေး တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ခရိုင်၊ မြို့နယ်နှင့် ကျေးလက်အထိ ကြပ်ကြပ်မတ်မတ် ဖြင့် ထိန်းသိမ်းဆောင်ရွက်ကြရန် အထူးအရေးကြီး ကြောင်း၊ လူစုလူဝေးဖြင့် ဆောင်ရွက်ခြင်းကိစ္စရပ် များကို ခွင့်ပြုမပေးထားကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံတကာနှင့် အိမ်နီးချင်းနိုင်ငံများ၌ တတိယလှိုင်း စတင်ဖြစ်ပွားချိန်တွင် ပြည်သူများသိရှိစေရေး သတင်းထုတ်ပြန်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း၊ သို့သော် အချို့သောအားနည်းချက်များကြောင့် စိစစ်မှုများအား ပြည့်ဝစွာမဆောင်ရွက်နိုင်ခဲ့သဖြင့် ကူးစက်မှုနှုန်းများ မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း။
ပြန်လည်ဝင်ရောက်နိုင်ရေး
ထို့နောက် အိမ်နီးချင်းနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည့် မြန်မာ နိုင်ငံသားများ နိုင်ငံအတွင်းသို့ ပြန်လည်ဝင်ရောက် နိုင်ရေး ခေါ်ယူနေမှုနှင့်ပတ်သက်၍ ပြောကြားရာတွင် “အိမ်နီးနားချင်းနိုင်ငံတွေက ဝင်လာတာနဲ့ ပတ်သက်ပြီး ဆောင်ရွက်ထားတဲ့အခြေအနေလေး။ ကျွန်တော်တို့ ပြီးခဲ့တဲ့လဆန်းပိုင်းလောက်မှာ အိမ်နီးနားချင်း တိုင်းပြည်တွေမှာလည်း ကျွန်တော်တို့ လူမျိုးတွေ၊ ကျွန်တော်တို့ တိုင်းရင်းသားတွေရှိနေ တယ်၊ သူတို့လည်း ပြန်လာချင်ကြတယ်၊ ပြန်လာချင် ကြတော့ ကျွန်တော်ပြန်ခေါ်မယ်လို့ ကျွန်တော်ဆုံးဖြတ် ပြီးတော့ ပြန်ခေါ်ခိုင်းပါတယ်။ ကိုယ့်လူမျိုးတွေ အပြင်မှာသွားနေတာ ဒုက္ခသုက္ခနဲ့ ဒီလိုနေမယ့်အစား ကိုယ့်တိုင်းပြည်အတွင်းမှာ ဘယ်လိုပဲဖြစ်ဖြစ် အေးအတူ ပူအမျှပေါ့ဗျာ၊ အေးအတူပူအမျှ အားလုံး။ ကျွန်တော်တို့က၊ အစိုးရဆိုတာ အရိပ်ပါပဲ၊ နိုင်ငံတော်ကိုပေးထားတဲ့အရိပ် တစ်ခုပါပဲ။ ဒီအရိပ်က ပြည်သူပြည်သားတွေအေးမြတဲ့ဟာကို ခံစားအောင် ဆိုပြီး ကျွန်တော် ဒါလည်း ကျွန်တော်ဆုံးဖြတ်ပြီးတော့ ခေါ်ခိုင်းတာပါ။ ခေါ်လိုက်ပါ သဘောတူပါတယ်။ အရင်က ပိတ်ပါတယ်၊ ခေါ်လို့မရပါဘူး။ ကျွန်တော့် လက်ထက်မှာ အခုအကုန်လုံးကို ပြန်ခေါ်ပါတယ်။ ပြန်ခေါ်တဲ့အခါကျတော့ တရုတ်နိုင်ငံကဆိုရင် ၁၁၃၁၅ ယောက်ပြန်ဝင်ပါတယ်။ ၅ ရက် ၆ လကနေ စပြီးတော့လက်ခံခဲ့တာ အခုနောက်ဆုံး ကျွန်တော့်ကို တင်ပြတဲ့ Figure အထိပေါ့ ၁၁၃၁၅ ယောက်ဝင်လာ တယ်။ အဲ့ဒီအထဲမှာတော့ ကိုဗစ်စစ်တဲ့အခါမှာ မတွေ့ ဘူး။ နောက်တစ်ခါ လာအိုနိုင်ငံကပြန်ဝင်လာတာ ၂၆၈၀ ရှိတယ်။ များသောအားဖြင့်တော့ တာချီလိတ် ပေါ့လေ။ တာချီလိတ်၊
ကျိုင်းတုံဘက်ကို ဝင်တဲ့လူတွေ ဖြစ်ပါတယ်။ ကိုဗစ်စစ်တဲ့အခါကျတော့ ၁၂၃ ယောက် တွေ့တယ်။
၈ ဒသမ ၃၂ ရာခိုင်နှုန်း တွေ့ရှိချက်ဖြစ်ပါတယ်။ ထို့အတူပဲ ထိုင်းနိုင်ငံကနေပြီးတော့ ၁၈၅၃၄ ယောက် ပြန်ဝင်ပါတယ်။ ၂၇၁ ယောက်တွေ့တယ်။ ၁ ဒသမ ၄၈ ရာခိုင်နှုန်း ဖြစ်ပါတယ်။ တကယ်လို့သာ သူတို့က ဟိုဘက်မှာနေခဲ့လိုရှိရင် ဒီလူတွေရဲ့ဘဝ မျှော်မှန်း ချက်က တော်တော့်ကိုမတွေးဝံ့စရာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော် ပြီးခဲ့တဲ့အပတ်က တချို့ဆို ရောက်လာတဲ့အချိန်မှာ မြေကြီးကို နမ်းတာတို့၊ လက်အုပ်ချီကန်တော့တာတို့၊ ဒီလို ဖြစ်ကြတယ်။
ကျွန်တော်ကတော့ ဘယ်လိုပဲဖြစ်ဖြစ်
ကိုယ့်တိုင်းရင်းသားတွေ ကိုယ့်မြန်မာပြည်ထဲ ရအောင်ပြန်ခေါ်မှာပဲ။ ပြန်လုပ်မှာပဲ။ မလေးရှား မှာလည်း ဒီလိုဖြစ်တာပဲ။ ပြီးခဲ့တဲ့ နှစ်ပတ်ကျော် လောက်က Relief Flight နဲ့ ပြန်ခေါ်ဖို့ လုပ်တဲ့ အချိန်မှာစီစဉ်တဲ့ တိုင်းရင်းသားတွေမှာပဲ မြန်မာ အချင်းချင်းလိမ်သွားတယ်ဗျာ။ လိမ်သွားတော့ ၁၇ ယောက်က အလိမ်ခံပြီး ကျန်ခဲ့ရတယ်။ မလိုက် နိုင်ဘူး။ ကျွန်တော့်ဆီ သတင်းပို့တော့ နိုင်ငံတော် စရိတ်နဲ့ပြန်ခေါ်ဖို့ပြောခဲ့ပါတယ်။ မနေ့က စစ်တဲ့ အချိန်မှာ ဒီအထဲမှာ ၁၀ ယောက်လောက်လားမသိဘူး ပိုးသွားတွေ့တယ်။ Positive တွေ့တယ်။ ကျန်တဲ့ သူတွေကကျန်တယ်။ Negative ပေါ့။ အဲတာနဲ့ ကျွန်တော် အစောဆုံး Flight နဲ့ဆို မနက်ဖြန် ပြန်လာမယ်လို့ပြောတယ်။ ကိုယ့်လူပဲ။ ကျန်တဲ့ သူတွေလည်း ဆေးတွေ ရအောင် ကုခိုင်းထားပါတယ်။ ဆိုလိုတာကတော့ ကျွန်တော်တို့ အစိုးရအနေနဲ့ ပြည်ပရောက်နေတဲ့ နိုင်ငံသားတွေကို ပစ်မထား ပါဘူး။ ခုနကပြောတဲ့ကိုဗစ်နဲ့ ပတ်သက်ပြီးတော့။ တခြားကိစ္စနဲ့ပတ်သက်ရင်လည်း ဒီလိုပဲ၊ အခက်အခဲ ရှိရင် ဆက်သွယ်။ မြန်မာသံရုံးတွေရှိတယ်။ မဖြစ်ဖြစ် အောင် ရအောင်စီစဉ်ပေးမယ်။ တိုင်းပြည်အတွင်းမှာ လာခဲ့ဗျာ၊ ပြဿနာရှာလည်းရှာ ကိစ္စမရှိဘူး။ ကျွန်တော် အဲဒီလောက်ထိတော့ စိတ်ရှည်တယ်ဗျ။ သူတို့အပေါ်မှာ တော်တော်လေးသည်းခံတာ။ တိုင်းရင်းသားနဲ့ ပတ်သက်ရင် ကျွန်တော်တို့ကဒီလို စိတ်ရှိတယ်။ ဒါကြောင့် ကျွန်တော်တို့ တိုင်းပြည် မှာရှိတဲ့ ကိုယ့်လူမျိုးတွေကလည်း စောစောကပြောတဲ့ သူ့ရဲ့ သက်ရှည်ကျန်းမာရေး အတွက် ကျွန်တော်တို့ အစိုးရများက စနစ်တကျကိုင်တွယ်ပြီးတော့မှ၊ကိုယ့်ရဲ့ သားချင်းလို သဘောထားပြီးတော့မှ မျှမျှတတ စီမံ ဆောင်ရွက်ပေးဖို့ ပြောလိုပါတယ်။ စိတ်ရှည်ပေးပါလို့လည်းပြောလိုပါတယ်။ စေတနာထားပြီးလုပ်မယ် ဆိုလို့ရှိရင် ဖြစ်နိုင်ပါတယ်”ဟု ပြောကြားသည်။
ယင်းနောက် ကိုဗစ် -၁၉ ရောဂါဖြစ်ပွားမှု အချိန် ကာလ ကြာမြင့်လာပြီဖြစ်ကြောင်း၊ အခြားသောနိုင်ငံ တည်ဆောက်ရေးလုပ်ငန်းများကိုလည်း ဆောင်ရွက် ရန် လိုအပ်သေးကြောင်း၊ နိုင်ငံတည်ငြိမ်အေးချမ်းရေး နှင့် တည်ဆောက်ရေးလုပ်ငန်းများကို ဆောင်ရွက် နိုင်ရန်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့်ပတ်သက်၍ အရှိန်ပြင်းပြင်းဖြင့် ထိရောက်စွာ ဆောင်ရွက်၍ ကိုဗစ်-၁၉ ကပ်ရောဂါ အား ထိထိမိမိဖြင့် ထိန်းချုပ်ဆောင်ရွက်နိုင်သည့် အဆင့်သို့ရောက်ရှိအောင် ဆောင်ရွက်ကြရန်လို ကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းအားဖြင့် လက်ရှိ သွားနေသည့် ဦးတည်ချက်များအတိုင်း အဆင်ပြေ ချောမွေ့စွာဖြင့် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ မိမိတို့ဆောင်ရွက်ရန်ရှိသည့် ကိစ္စရပ်များအား စနစ် တကျဖြင့် ဆက်လက်ဆောင်ရွက်ကြရန်လိုကြောင်း မှာကြားသည်။
အထူးမြို့နယ်များသတ်မှတ်
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများနှင့် တက်ရောက်လာကြသူများက တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ကိုဗစ် - ၁၉ ရောဂါ တတိယ လှိုင်း ကာလအတွင်း ရောဂါပိုး စစ်ဆေးမှု၊ တွေ့ရှိမှုနှင့် ကူးစက်ဖြစ်ပွားမှုနှုန်း လျော့ကျလာမှု၊ စစ်ဆေးမှု ပမာဏကို တိုးမြှင့်ဆောင်ရွက်လျက်ရှိသည့် အခြေ အနေများ၊ ပိုးကူးစက်မှု နှုန်းမြင့်မားနေဆဲဖြစ်သည့် ဒေသများတွင် အထူးမြို့နယ်များသတ်မှတ်၍ ဓာတ်ခွဲ စစ်ဆေးမှုများ ဆောင်ရွက်ပေးလျက်ရှိသည့် အခြေ အနေများ၊ ပြည်ပရောက် မြန်မာနိုင်ငံသားများ ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်နေမှု၊ နယ်စပ်ဂိတ် အသီးသီး၌ စနစ်တကျစစ်ဆေး၍ ရောဂါပိုးတွေ့ရှိ သူများအား စောင့်ကြည့်ကုသမှုများ ဆောင်ရွက် ပေးလျက်ရှိမှုနှင့် ရောဂါပိုး မတွေ့ရှိသူများကို ၎င်းတို့ နေရပ်အသီးသီးသို့ ပြန်လည်ပို့ဆောင်နိုင်ရေး စီစဉ် ပို့ဆောင်ပေးလျက်ရှိသည့် အခြေအနေများ၊ ထိုသို့ နယ်စပ်ဂိတ်များမှ ဝင်ရောက်လာသူများကို ပိုမို တိုးမြှင့် စစ်ဆေးနိုင်ရေး RT-PCR Test စက်များ ဖြန့်ခွဲဆောင်ရွက်ရန်ပြင်ဆင်ထားရှိမှု အခြေအနေ များ၊ ဆေးရုံများအလိုက် ICU အခန်းများ အဆင့်မြှင့် တင်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိသည့် အခြေအနေ များ၊ ရောဂါကုသရေးလုပ်ငန်းများတွင် တာဝန် ထမ်းဆောင်လျက်ရှိသည့် ကျန်းမာရေးဝန်ထမ်းများ အား သင်တန်းများပို့ချပေးနေမှု အခြေအနေများ၊ လက်ရှိအချိန်အထိ ဦးစားပေးသတ်မှတ်ချက်များ အလိုက် ကာကွယ်ဆေးထိုးနှံပြီးစီးမှု အခြေအနေများ၊ ကာကွယ်ဆေးထိုးနှံမှုအား IDP Camp များ၊ EAOs များအပါအဝင် မသန်စွမ်းသူများ၊ ရောဂါအခံရှိသူ များကိုပါ ဦးတည်အုပ်စုသတ်မှတ်၍ ထပ်မံရောက်ရှိ လာမည့် ကာကွယ်ဆေးများ ထိုးနှံရာတွင် ဦးတည် အုပ်စု ၁၆ စု သတ်မှတ်၍ ထိုးနှံပေးရေး စီမံဆောင် ရွက်လျက်ရှိသည့် အခြေအနေများ၊ ကာကွယ်ဆေး များ ရောက်ရှိမှု၊ ထပ်မံမှာယူထားရှိမှု အခြေအနေ များနှင့် ထပ်မံဝယ်ယူရရှိနိုင်ရေး ညှိနှိုင်းချိတ်ဆက် ဆောင်ရွက်နေမှု အခြေအနေများ။
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှင့် ဆက်စပ် ပစ္စည်းများ၊ လူသားချင်းစာနာထောက်ထားမှု
ဆိုင်ရာ ထောက်ပံ့မှုများကို အာဆီယံအပါအဝင် ဆွေးနွေးဘက်နိုင်ငံအသီးသီးမှ ပေးပို့လှူဒါန်း ရရှိနိုင်ရေး ချိတ်ဆက်ဆောင်ရွက်လျက်ရှိသည့် အခြေ အနေများ၊ Relief Flight များ ပြေးဆွဲပျံသန်း၍ နိုင်ငံ သားများကို ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေး နိုင်ခဲ့သည့်အခြေအနေများနှင့် ဆက်လက်ပြေးဆွဲ သွားမည့် အခြေအနေများ၊ ရောဂါကာကွယ်ကုသထိန်းချုပ်ရေးဆိုင်ရာနှင့် ဆက်စပ်ဆေးဝါးများ၊ စက်ပစ္စည်းများ တင်သွင်းဖြန့်ဖြူးခဲ့သည့် အခြေ အနေများ၊ ကုန်စည်စီးဆင်းမှု မြန်ဆန်စေရေး အတွက် စီမံဆောင်ရွက်ပေးထားမှုနှင့် ပေါင်းစပ် ဆောင်ရွက်ပေးနေမှုအခြေအနေများ၊ FDA ၏ ထောက်ခံချက်ဖြင့် ကုန်စည်များ စိစစ်ထုတ်ပေးနိုင်ရေး ပေါင်းစပ်ဆောင်ရွက်ပေးနေမှု အခြေအနေများ။
ကျန်းမာရေးဆိုင်ရာ အသိပညာပေး
ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ကျန်းမာရေး ဆိုင်ရာ အသိပညာပေးမှုများကို သတင်းစာများ၊ နိုင်ငံပိုင်ရုပ်မြင်သံကြား၊ ရေဒီယိုတို့အပြင် ပုဂ္ဂလိက ရုပ်သံလိုင်းများမှ အသိပညာပေးလျက်ရှိသည့် အခြေ အနေများ၊ ဗီဇပြောင်းမျိုးရိုးဗီဇကွဲ ပိုးတွေ့ရှိမှုနှင့် သတိပြုနိုင်ရေး ထုတ်လွှင့်ပြသလျက်ရှိသည့် အခြေ အနေများ၊ ရောဂါပိုးကူးစက်ခံခဲ့ရပြီး ပြန်လည် သက်သာလာသူများ၊ ကျန်းမာရေးဝန်ထမ်းများ၏ ကိုယ်တွေ့ခံစားခဲ့ရသည့် အဖြစ်အပျက်များကို
ကျန်းမာရေးဆိုင်ရာ ဗဟုသုတရရှိစေရေး အင်တာဗျူး များဖြင့် ရိုက်ကူးထုတ်လွှင့်ပေးလျက်ရှိသည့် အခြေ အနေများ၊ နေအိမ်တွင် နေထိုင်ရေး (Stay at home) ကာလအတွင်း ပြည်သူများ စိတ်ချမ်းမြေ့မှုရရှိစေရေး၊ အသိပညာရရှိရေး၊ စိတ်ဖိစီးမှုများလျော့ကျစေရေး သီချင်းနှင့် ဇာတ်လမ်းတိုများ၊ အင်တာဗျူး အစီအစဉ် များ၊ အငြိမ့်များအပြင် အခြားအစီအစဉ်များစွာကို တင်ဆက်ပေးလျက်ရှိသည့် အခြေအနေများနှင့် ဆက်လက် စီမံဆောင်ရွက်လျက်ရှိသည့် အခြေအနေ များ၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပေါ်နေသည့်ကာလအတွင်း ပရိသတ်များမှ တောင်းဆိုသည့် အစီအစဉ်များကို ဦးစားပေး ထုတ်လွှင့်ဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများ၊ တိုင်းရင်းသားဘာသာအစီအစဉ်မှ ကိုဗစ်ပညာပေးထုတ်လွှင့်မှုနှင့် တိုင်းရင်းသား နယ်မြေမှ ပရိသတ်များ၏ တုံ့ပြန်မှု အခြေအနေများ။
နေအိမ်တွင် နေထိုင်ရေး (Stay at home)မြို့နယ် ၁၁၉ မြို့နယ်အပြင် နယ်စပ်ဒေသရှိ မြို့ပေါင်း ၆၆ မြို့ကို Spot Check ဖြင့် စစ်ဆေးဆောင်ရွက်ခဲ့မှု အခြေ အနေများ၊ စားရေးအခက်အခဲ မရှိစေရန်အတွက် အခြေခံစားကုန်များကို ရွေ့လျားဈေးကားများဖြင့် လှည့်လည်ရောင်းချပေးနေမှုနှင့် အခြေခံအိမ်သုံး ဆေးဝါးများကိုလည်း ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိသည့် အခြေအနေများ၊ တပ်မတော်ဆေးရုံများ၊ စင်တာများတွင် စောင့်ကြည့်၊ ကုသမှုများ ဆောင်ရွက်ပေးနေမှု အခြေအနေများ၊ Oxygen Plant များ တည်ဆောက်ပြီးစီးမှု၊ ဆက်လက် တည်ဆောက်နေမှုနှင့် တည်ဆောက်ပြီးစီးပါက ထွက်ရှိလာမည့် အခြေအနေများ၊ ကမ္ဘာတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါ ပထမလှိုင်း၊ ဒုတိယလှိုင်း၊ တတိယ လှိုင်း ကူးစက်ပြန့်ပွားမှုများတွင် ဗီဇပြောင်းရောဂါမျိုးကွဲများဖြင့် ကူးစက်ပြန့်ပွားခဲ့မှု အခြေအနေများ။ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ကုသရေးဆိုင်ရာ ပစ္စည်း များ၊ အောက်ဆီဂျင်များ၊ တစ်ခါသုံးဆေးထိုးအပ်နှင့် အခြားလိုအပ်သည့်ဆက်စပ်ပစ္စည်းများကို ပြည်တွင်း၌ ထုတ်လုပ်ဖြန့်ဖြူးပေးလျက်ရှိသည့် အခြေအနေများ။
နိုင်ငံအတွင်း နေ့အလိုက် ရောဂါပိုး စစ်ဆေးမှု၊ ပိုးတွေ့ရှိမှု၊ သေဆုံးမှုဖြစ်စဉ်များအပေါ် သုတေသန ပြုလုပ်ထားရှိမှု၊ ဆက်လက်ဆောင်ရွက်သွားရန် လိုအပ်မှုအခြေအနေများ၊ တိုင်းရင်းဆေးကို ကုသဆေး အဖြစ် အသုံးပြုနိုင်ရေး သုတေသန ပြုလုပ်ဆောင်ရွက် လျက်ရှိရာတွင် တွေ့ရှိမှုများနှင့် အောင်မြင်မှုရရှိနေ သည့် အခြေအနေများ။
ပြည်တွင်းရှိ နိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင် ဆေးဝါး စက်ရုံများမှ ဆေးဝါးထုတ်လုပ် ဖြန့်ဖြူးပေးနေမှု အခြေအနေများ၊ နယ်စပ်ဂိတ်များမှတစ်ဆင့် ပို့ကုန်၊ သွင်းကုန်များ လွယ်ကူလျင်မြန်စွာ ပို့ဆောင်နိုင်ရေး ချိတ်ဆက်ဆောင်ရွက်လျက်ရှိသည့် အခြေအနေ များ၊ နယ်စပ်ကုန်သွယ်ရေးဂိတ်အချို့အား ကိုဗစ် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ပြန်လည်ဖွင့်လှစ် ပေးခဲ့သည့် အခြေအနေများ၊ အများပြည်သူ အသုံးပြု လျက်ရှိသည့် ဆေးနှင့် ဆေးပစ္စည်းဈေးနှုန်းများတည်ငြိမ် ကျဆင်းရေး ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ကိုဗစ်ရောဂါဖြစ်ပေါ်နေသည့် ကာလအတွင်း ရေထွက်ကုန်လုပ်ငန်းမှတစ်ဆင့် ပြည်ပပို့ကုန်လုပ်ငန်း ဆောင်ရွက်နိုင်မှု အခြေအနေများ၊ ပို့ကုန်၊ သွင်းကုန် များ တင်ပို့ရာတွင် ၎င်းတို့မှတစ်ဆင့် ပိုးကူးစက် ပြန့်ပွားမှုမရှိစေရေးအတွက် ထိန်းချုပ်ဆောင်ရွက် သွားရန်နှင့် လုပ်ငန်းအရှိန် အဟုန်မပြတ်စေရေး အတွက် ရေလုပ်သားများအား ကာကွယ်ဆေး ထိုးနှံ ပေးရန် လိုအပ်သည့် အခြေအနေများနှင့် ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်းတင်ပြကြသည်။
တိုင်းရင်းဆေးဖြင့် ကုသဆေးထုတ်လုပ်ရန်
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံ
အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က ကိုဗစ် - ၁၉ ရောဂါသည် အတူယှဉ်တွဲနေထိုင်သွားရ မည့်သဘောတွင် ရှိသည့်အတွက် ပြည်တွင်းမှ တိုင်းရင်းဆေးဖြင့် ကုသဆေးထုတ်လုပ်ရန်ဆောင်ရွက် နေမှုများကို စနစ်တကျသုတေသနပြုလုပ်ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ တိုင်းရင်းဆေးနှင့်ပတ်သက်၍ မြန်မာ့ဆေးကျမ်းပါ ဆေးခါးကြီး၊ ဆင်တုံးမနွယ်၊ နံ့သာဖြူ၊ ချင်းတို့ဖြင့် စမ်းသပ်သုတေသနပြုလုပ် ရာတွင် ကာကွယ်ဆေးအပြင် ကုသဆေးအတွက်ပါ နှစ်မျိုးလုံး ထုတ်လုပ်နိုင်အောင် လုပ်ဆောင်ကြရ မည်ဖြစ်ကြောင်း၊ အစိုးရ၊ တပ်မတော်အပြင် ပုဂ္ဂလိက ဆေးထုတ်လုပ်ရေးစက်ရုံများဖြင့် အင်တိုက်အားတိုက် ဆောင်ရွက်ကြရမည်ဖြစ်ပြီး ဝန်ကြီးဌာနများအလိုက် ပေါင်းစပ်ဆောင်ရွက်သွားရန်နှင့် FDA အသိအမှတ် ပြုရေးနှင့် အောင်မြင်မှုအခြေအနေပေါ် မူတည်၍ နိုင်ငံတကာမှ သိရှိနိုင်ရေး ကြေညာလုပ်ဆောင်ရမည် ဖြစ်ကြောင်း၊ အရည်အသွေးကောင်းမွန်မှုရှိသည့် ကုန်ကြမ်းပစ္စည်းများ ရရှိနိုင်ရေးအတွက်လည်း
ကြိုတင်လုပ်ဆောင်ထားရန်လိုကြောင်း၊ ရေထွက် ပို့ကုန်များနှင့်ပတ်သက်၍ ကုန်သွယ်ရေးဂိတ်
တစ်ခုတည်း သတ်မှတ်မထားဘဲ အလျင်မြန်ဆုံးနှင့်
အလွယ်ကူဆုံး ရောက်ရှိပို့ဆောင်နိုင်မည့် အခြား ကုန်သွယ်ရေးဂိတ်များကိုလည်း ထည့်သွင်းစဉ်းစား ထားရမည်ဖြစ်ကြောင်းနှင့် ပို့ကုန်လုပ်ငန်းသည်လည်း အရေးကြီးသည့်အတွက် ရေလုပ်သားများအား ကာကွယ်ဆေးထိုးနှံပေးနိုင်ရေး စနစ်တကျ စာရင်း ပြုစုလုပ်ဆောင်ကြရန် လိုအပ်မည်ဖြစ်ကြောင်းနှင့် အခြားလိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ် အမှာစကားပြောကြားရာတွင် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အဓိကတာဝန် တစ်ရပ်အနေဖြင့် ဆောင်ရွက်သွားရန်လိုအပ်သည့် အခြေအနေများနှင့်ပတ်သက်၍ “ဒီရောဂါနဲ့ ပတ်သက်ပြီးတော့ ဒါတင်မဟုတ်ဘူး ရေရှည်အတွက် ပါ စဉ်းစားဖို့ လိုတဲ့ဟာလေးပါ။ အဓိက ကတော့ ကျန်းမာရေးပေါ့။ လူကျန်းမာမှ အသက်ရှည်မယ်။ ကျန်းမာမှ အလုပ်လုပ်နိုင်မယ်။ ကျန်းမာမှ ပညာ သင်ကြားနိုင်မယ်။ ကျန်းမာမှဆိုတော့ အခုရောဂါ ကင်းစင်မှသာ အလုပ်အကိုင် အခွင့်အလမ်းက ဖွင့်ပေးလို့ရမယ်။ အခု ရောဂါကင်းစင်မှလည်း ပညာရေးက ကျောင်းက ဖွင့်ပေးလို့ရမယ်။ ဒီဟာကတော့ ကျွန်တော်တို့အတွက် ကိုဗစ်သည် ကြီးမားတဲ့ စိန်ခေါ်မှုတစ်ခုပဲ။ ဒါ တကယ့်ကို ထိပ်တန်းလုပ်ငန်း။ တကယ့်ကို ဦးစားပေးလုပ်ငန်း ပေါ့။ တိုင်းပြည်က အဓိကဦးစားပေးလုပ်ငန်းတွေ ထက် ဦးစားပေးဆောင်ရွက်ဖို့ ပြောလိုပါတယ်။ ဝန်ကြီးဌာနတွေရော ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရတွေရော။ ကိုဗစ်ရောဂါ ကာကွယ်ရေး၊ ထိန်းချုပ် ရေး၊ ကုသရေး။ ဒါကို တကယ့်ထိပ်တန်းတာဝန်တစ်ရပ် အနေနဲ့ လုပ်ကြပါလို့ ကျွန်တော်ပြောလိုပါတယ်။ အဲဒီတော့ ဘက်ပေါင်းစုံကနေ လုပ်ရတာတွေ ရှိတယ်။ အဓိက ကတော့ ကျန်းမာရေးဝန်ကြီးဌာန၊ ပြီးတော့ တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့ညွှန်ကြားရေးမှူးရုံး ဒီနှစ်ခုကတော့ တကယ့်ကို ရှေ့တန်း ကျကျ လုပ်ရမယ့် အဖွဲ့အစည်းတွေ ဖြစ်လာတာပေါ့။ လုံးဝလည်း ဒါတွေက အလျှော့ပေးလို့ မရပါဘူး။ လိုအပ်တဲ့ Facility လည်း ကျွန်တော်က အပြည့် ဖြစ်အောင် ဥပမာအားဖြင့်- ဆေးလိုရင် ဆေးရအောင် ပေးရမယ်။ ဆေး၊ ဆေးပစ္စည်း ဒါတွေရအောင်လုပ်ပေး ရမယ်။ အဲဒီတော့ ကျန်းမာရေးဝန်ထမ်းတွေကို ကောင်းကောင်းမွန်မွန် တာဝန်ထမ်းဆောင်နိုင်အောင် ဆောင်ရွက်ပေးရမယ်။ လိုအပ်တဲ့ အုပ်ချုပ်မှု၊ ထောက်ပံ့မှုကိစ္စတွေ ပြည့်ပြည့်စုံစုံလုပ်ပေးရမယ်။ ပြည်သူတွေ ကျန်းမာမှ အလုပ်လုပ်နိုင်မှာ ဖြစ်သလို ကျန်းမာရေးဝန်ထမ်းတွေလည်း ကျန်းမာမှ သူတို့ လည်း ရောဂါစောင့်ရှောက်ရေးကို လုပ်နိုင်မှာ ဖြစ်တယ်။ ရောဂါကာကွယ်ဆေးထိုးနိုင်မှာ ဖြစ်တယ်။ ဒါ့ကြောင့် အစိုးရအသီးသီးများ၊ အဆင့်ဆင့်သော အုပ်ချုပ်ရေးအဖွဲ့အစည်းများ ကျန်းမာရေးအဖွဲ့ အစည်းတွေရဲ့ တာဝန်ထမ်းဆောင်နိုင်မှုအပေါ်မှာ အလေးထားပေးဖို့၊ ဆောင်ရွက်ပေးဖို့ ကျွန်တော် ပြောလိုပါတယ်” ဟု ပြောကြားသည်။
ပတ်ဝန်းကျင်ကောင်းကို ဖန်တီးပေး
ဆက်လက်ပြောကြားရာတွင် ကျန်းမာရေး ကောင်းမွန်စေရေးအတွက် ကျန်းမာရေးနှင့် ညီညွတ် ကောင်းမွန်သည့် နေထိုင်မှုဓလေ့စရိုက်များအပြင် ပတ်ဝန်းကျင်ကောင်းကို ဖန်တီးပေးနိုင်ရေး စီမံ ဆောင်ရွက်ပေးရန် လိုအပ်မည်ဖြစ်ကြောင်း၊ လေကောင်းလေသန့်ရရှိရေး၊ မိမိတို့၏ နေအိမ်၊ ရုံးဌာနများ၏ ပတ်ဝန်းကျင်သန့်ရှင်းသာယာမှု ရှိစေရေး ကြပ်မတ်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ အမှိုက်များကိုလည်း စနစ်တကျစွန့်ပစ်နိုင်ရေး လုပ်ဆောင်ပေးရမည်ဖြစ်ကြောင်း၊ ထိုသို့လုပ်ဆောင် ပေးမည်ဆိုပါက ကျန်းမာရေးကောင်းမွန်မှုအတွက် အထောက်အကူ ဖြစ်စေနိုင်မည်ဖြစ်ကြောင်း၊ ကျေးလက်ဒေသများနှင့် နယ်စပ်ဒေသများတွင် ကျန်းမာရေးနှင့်ပတ်သက်သည့် အသိပညာဗဟုသုတ များ အားနည်းမှုရှိပြီးလွဲမှားစွာဖြင့် နားလည်နေမှု များလည်းရှိကြောင်း၊ ထို့ကြောင့် ကျန်းမာရေးအသိ ပညာပေးမှုများကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက် ပေးရန် လိုအပ်မည်ဖြစ်ကြောင်း။
ကာကွယ်ဆေးနှင့်ပတ်သက်၍ ကျန်းမာရေး ဝန်ကြီးဌာနမှ ကာကွယ်ဆေးထိုးနှံပေးမှုများရှိပြီး ပုဂ္ဂလိကဆေးရုံ၊ ကုမ္ပဏီများမှ လှူဒါန်းမှုများလည်း ရှိကြောင်း၊ ထို့ပြင် မိမိအစီအစဉ်ဖြင့် ထိုးနေမှုများ ကိုလည်း တွေ့ရှိရကြောင်း၊ သို့ရာတွင် ကာကွယ်ဆေး ထိုးနှံမှုလုပ်ငန်းများအား ကျန်းမာရေးဝန်ကြီးဌာနက သာလျှင် အဓိကထား လုပ်ဆောင်နေခြင်းဖြစ်ကြောင်း၊ ဆေးထိုးနှံမှုများ စနစ်တကျရှိစေရန်နှင့် အန္တရာယ် မရှိစေရေးအတွက် အတိအကျလိုက်နာမှုရှိစေရေး မြို့နယ်များအလိုက် ထိန်းချုပ်ဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်ကြောင်း၊ ဆေးသိုလှောင်မှုနှင့် ပတ်သက်၍ စနစ်တကျ နည်းလမ်းတကျသိုလှောင်မှု မရှိပါက ဆေးအာနိသင်များ လျော့နည်းခြင်း၊ အာနိသင်မရှိခြင်းများ ဖြစ်နိုင်သဖြင့် စနစ်တကျ သိုလှောင်မှုရှိရန် လိုအပ်မည်ဖြစ်ကြောင်း၊ မိဘ ပြည်သူများ သုံးစွဲလျက်ရှိသည့် အိမ်သုံးအခြေခံ ဆေးဝါးများကို ဈေးနှုန်းအမှန်ဖြင့် သက်သာ လွယ်ကူစွာ ဝယ်ယူရရှိနိုင်ရေးဆောင်ရွက်ပေးလျက် ရှိသည့် ဆေးနှင့် ဆေးပစ္စည်း ကုန်သည်ကြီးများ အသင်းကိုလည်း ကျေးဇူးတင်ရှိပါကြောင်း၊ ဆေးဝယ်ယူသုံးစွဲနိုင်မှုမရှိသဖြင့် အသက်ဆုံးရှုံး သည်အထိဖြစ်မည့် ဖြစ်စဉ်များမဖြစ်စေလိုကြောင်း၊ လိုအပ်ချက်များကြောင့် တင်သွင်းထားသည့် ဆေးဝါး များကို ဂိုဒေါင်များနှင့် ရုံးလုပ်ငန်းများတွင် ကြန့်ကြာ နေမှုမရှိစေဘဲ သုံးစွဲသူများထံ အမြန်ဆုံးရောက်ရှိ နိုင်အောင် လုပ်ဆောင်ပေးရမည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်သည့် ဆေးဝါးများ သာမက အခြားကင်ဆာရောဂါနှင့် နှလုံးရောဂါကဲ့သို့ ရောဂါများအတွက် လိုအပ်သည့် အရေးပေါ် လိုအပ် ချက်ရှိသည့် ဆေးဝါးများကိုလည်း အမြန်ဆုံး တင်သွင်းရရှိနိုင်ရေး လုပ်ဆောင်ပေးရန်လိုအပ်မည် ဖြစ်ကြောင်း။
အမြဲပြင်ဆင်ထားရမည်
အောက်ဆီဂျင်နှင့်ပတ်သက်၍ ပိုလျှံမှုရှိအောင် ထုတ်လုပ်နိုင်ပြီဖြစ်သော်လည်း သန့်ရှင်းသည့် ဆေးရုံသုံးအောက်ဆီဂျင်များဖြစ်ရန် လိုအပ်မည် ဖြစ်ကြောင်း၊ စက်ရုံများ ရပ်ထား၍မရဘဲ အမြဲတမ်းလည်ပတ်၍ စက်မှုလုပ်ငန်းသုံးနှင့် ဆေးရုံသုံးအောက်ဆီဂျင်များ ထုတ်လုပ်နိုင်အောင် အမြဲပြင်ဆင်ထားရမည်ဖြစ်ကြောင်း၊ မြို့နယ်၊ ခရိုင် များရှိ ဆေးရုံများတွင်လည်း အောက်ဆီဂျင်လိုအပ် ချက်မရှိအောင် စီမံဆောင်ရွက်ပေးထားရမည် ဖြစ်ကြောင်း၊ ကာကွယ်ဆေးထိုးနှံမှုနှင့်ပတ်သက်၍ အသက်အရွယ်ကြီးမြင့်သူများနှင့် ရောဂါအခံရှိသူများ ကျန်ရှိမှုမရှိအောင် စီမံဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း၊ အချို့သော ရောဂါအခံရှိသူများသည် ဆေးဝါးထိုးနှံရန် ကြောက်ရွံ့ခြင်းများနှင့် သတင်း အမှားများကို ယုံကြည်နေခြင်းများကြောင့် ဆေးထိုးနှံမှု မရှိကြသည်ဟု သိရှိရသောကြောင့် ရောဂါအခံရှိသူ များသည် ရောဂါဖြစ်ပွားနိုင်ခြေ ပိုမိုများပြားသဖြင့် ဆေးထိုးနှံမှုရှိစေရေး နားလည်သဘောပေါက်အောင် ရှင်းလင်းပြောဆိုပေးရန် လိုအပ်မည်ဖြစ်ကြောင်း။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများသည် အဓိကအကျဆုံးသော လုပ်ငန်း များဖြစ်သဖြင့် စနစ်တကျဖြင့် လုပ်ဆောင်ကြရန် လိုအပ်မည်ဖြစ်ကြောင်း၊ ရောဂါဖြစ်ပွားမှုနှုန်းကို ထိန်းချုပ်နိုင်မှသာလျှင် စီးပွားရေး၊ ပညာရေးနှင့် အခြားလုပ်ငန်းများကို ဆောင်ရွက်နိုင်မည်ဖြစ် ကြောင်း၊ ကိန်းဂဏန်းများကိုကြည့်၍ ဖြေလျှော့မှု များကို လုပ်ဆောင်ပေး၍ ရနိုင်မည်မဟုတ်ဘဲ ကူးစက်ဖြစ်ပွားမှုနှုန်း အမှန်တကယ်လျော့ကျမှုရှိရန် လိုအပ်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် တိုင်းဒေသကြီး နှင့် ပြည်နယ်အသီးသီးမှ တာဝန်ရှိသူများအနေဖြင့် မိမိတို့၏ နယ်မြေများအတွင်း ကူးစက်မှုနှုန်း အမှန်တကယ်လျော့ကျမှုရှိစေရေး ကြိုးပမ်း လုပ်ဆောင်သွားကြရန် လိုအပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်