
မုဒုံ စက်တင်ဘာ ၂
မွန်ပြည်နယ် မုဒုံမြို့နယ်အတွင်းမှ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/ မရှိ Rapid Antigen Diagnostic Test Kit ဖြင့် စစ်ဆေး ပေးခြင်းကို ယမန်နေ့က မုဒုံ မြို့နယ်ပြည်သူ့ဆေးရုံ၊ ကမာဝက် တိုက်နယ်ဆေးရုံ၊ ကလော့သော့ ကျေးရွာနှင့် တံခွန်တိုင်ကျေးရွာရှိ ကျေးလက်ကျန်းမာရေးဌာနတို့၌ အခမဲ့ ဆောင်ရွက်ပေးသည်။
အဆိုပါ နေရာလေးခု၌ မြို့နယ်အတွင်းရှိ ကျန်းမာရေး ဌာနများမှ ဝန်ထမ်းများက စစ်ဆေးပေးရာတွင် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ပြည်သူစုစုပေါင်း ၂၅၅ ဦးအား စစ်ဆေးပေးနိုင်ခဲ့ပြီး ယင်းတို့ထဲတွင် အမျိုးသား ၁၇ ဦး၊ အမျိုးသမီး ၂၂ ဦး စုစုပေါင်း ၃၉ ဦး ၌ ရောဂါပိုးတွေ့ရှိကြောင်း၊ အဆိုပါ ရောဂါပိုးတွေ့ရှိလူနာများ ကို မြို့နယ်ပြည်သူ့ဆေးရုံနှင့် ကမာဝက် တိုက်နယ်ဆေးရုံရှိ စင်တာများသို့ ပို့ဆောင်၍ ဆေးကုသပေးလျက် ရှိကြောင်း သိရသည်။
မြို့နယ်အတွင်း၌ ပြည်သူ များအား ယခုကဲ့သို့ ကြိုတင် စစ်ဆေးပေးခြင်းအားဖြင့် ကိုဗစ်-၁၉ ရောဂါကို ကြိုတင်ကာကွယ်၊ထိန်းချုပ်နိုင်ရန်နှင့် ကူးစက် ပြန့်ပွားမှုနှုန်း အမှန်တကယ် လျော့နည်းကျဆင်းမှု ရှိ/ မရှိ သိရှိနိုင်ရန် ရည်ရွယ်ကြောင်း၊ မြို့နယ်အတွင်းမှ ကျန်ရှိသည့် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ပြည်သူများကိုလည်း စက်တင်ဘာ ၄ ရက်အထိ ဆက်လက်စစ်ဆေး ပေးမည်ဖြစ်ကြောင်း မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
မုဒုံမြို့နယ်တွင် သြဂုတ် ၃၁ ရက်အထိ ကိုဗစ်- ၁၉ ရောဂါ အတည်ပြုလူနာစုစုပေါင်း ၉၄၀ ရှိပြီး အတည်ပြုလူနာများအနက် ကျန်းမာရေး ပြန်လည်ကောင်း မွန်၍ ဆေးရုံမှ ဆင်းခွင့်ရရှိသူ ၇၅၀ နှင့် သေဆုံးသူ ၆၂ ဦးရှိပြီ ဖြစ်ကြောင်း သိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)