မြစ်ကြီးနား စက်တင်ဘာ ၂
ကချင်ပြည်နယ်ဝန်ကြီးချုပ်က မြစ်ကြီးနားမြို့နယ် အတွင်း ကိုဗစ်- ၁၉ ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်နေကြသည့် ဘာသာရေးအဖွဲ့အစည်းများထံ ကိုဗစ်- ၁၉ အတည်ပြုလူနာများ ပြုစုစောင့်ရှောက်ရေးစခန်းသို့ ကာကွယ်ရေးသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်း နှင့် ညနေဈေးအတွင်းနှာခေါင်းစည်းတပ်ဆင်ရေး အသိပညာပေးခြင်းလုပ်ငန်းကို ယမန်နေ့က ဆောင်ရွက်သည်။
ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်နှင့် တာဝန်ရှိသူများသည် မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက် အတွင်းရှိ မြန်မာနိုင်ငံလီဆူ ခရစ်ယာန်အသင်းတော် (ကချင်ပြည်နယ် အသင်းတော်များရုံးချုပ်) ဝင်းအတွင်း ကိုဗစ်- ၁၉ အတည်ပြုလူနာများ ပြုစု စောင့်ရှောက်ရေးစခန်း ဖွင့်လှစ်ဆောင်ရွက်ထားရှိမှု နှင့် လူနာအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ ယင်းနောက် ကိုဗစ်- ၁၉ ကာကွယ်ရေးသုံးပစ္စည်းများနှင့် စေတနာ့ဝန်ထမ်း ဆောင်ရွက်နေကြသူများအတွက် ထောက်ပံ့ငွေ များပေးအပ်ပြီး စခန်းအတွင်းရှိ လူနာများအား အားပေးစကားပြောကြားသည်။
ညနေပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်၍ မြစ်ကြီးနားမြို့ ညနေဈေးအတွင်း နှာခေါင်းစည်း တပ်ဆင်ရေး အသိပညာပေးသည့် အနေဖြင့် ဈေးရောင်း၊ ဈေးဝယ်ပြည်သူများအား နှာခေါင်းစည်း များနှင့် ဆပ်ပြာခဲများကို ဖြန့်ဝေပေးကြပြီး ပြင်ပ သွားလာတိုင်း နှာခေါင်းစည်း စနစ်တကျ တပ်ဆင် သွားလာရေးနှင့် ကိုဗစ်- ၁၉ ရောဂါ အန္တရာယ်နှင့် ပတ်သက်၍ အသိပညာပေး ဟောပြောကြသည်။
ပြည်နယ်
(ပြန်/ဆက်)