
(ယမန်နေ့မှအဆက်)
ထို့နောက် ဒုတိယပိုင်းအစီအစဉ်ကို ဆက်လက်ပြုလုပ် ရာ ဗိုလ်ချုပ်ဇော်မင်းထွန်းက မီဒီယာတစ်ခုကို မေးခွန်းတစ်ခုမေးမြန်းရန်နှင့် ထပ်နေသည့်မေးခွန်း များကို ထပ်မံမမေးမြန်းရန် မေတ္တာရပ်ခံလိုကြောင်း၊ နိုင်ငံတော်အဆင့် သတင်းစာရှင်းလင်းပွဲဖြစ်သည့် အတွက် အချို့တိုင်းဒေသကြီး/ ပြည်နယ်များတွင် ဖြစ်နေသည့်အရာများကို မိမိတို့အနေဖြင့်မသိနိုင်ပါ ကြောင်း၊ ထိုမေးခွန်းများကို ရှောင်ရှားပေးရန် ပြောလိုကြောင်း ဦးစွာပြောကြားသည်။
Myanmar Public Press News Agency မှ သတင်းထောက် ဒေါက်တာစိုးမြင့်ဦးက ယခုအချိန် တွင် PDF များကိုလက်ခံပြီး အကြမ်းဖက်လုပ်ငန်းများ၊ ဖောက်ခွဲရေးသင်တန်းများပေးနေသည့် လက်နက် ကိုင်အဖွဲ့များနှင့် တပ်မတော်တို့ ထိတွေ့မှုဖြစ်စဉ် များကို သိလိုကြောင်း၊ အထူးသဖြင့် KIO/KIA ကရင်ပြည်နယ်တွင် တပ်မဟာ (၅) နယ်မြေကို သိမ်းပိုက်လိုက်ပြီ၊ တပ်မဟာ (၆) တွင် ထိုးစစ်ဆင် နေပြီဟု အွန်လိုင်းပေါ်တွင် ထိုကဲ့သို့ သတင်းအမျိုးမျိုး တွေ့နေရသည့်အတွက် ထိုသတင်းများနှင့် ပတ်သက် ပြီး တိတိကျကျသိရှိရရန်အတွက် ရှင်းလင်းပြောကြား ပေးစေလိုကြောင်း မေးမြန်းသည်။
ထိတွေ့တိုက်ပွဲများရှိ
ဗိုလ်ချုပ်ဇော်မင်းထွန်းက KIA နှင့်ပတ်သက်၍ ထိတွေ့တိုက်ပွဲများရှိကြောင်း၊ လက်တွေ့ဖြစ်ပွားနေ သည်မှာ တစ်ပတ်ကိုနှစ်ကြိမ်၊ သုံးကြိမ်နီးပါး ရှိကြောင်း၊ အဆိုးဆုံးဖြစ်စဉ်မှာ ခလရ (၅၈) ကို ဝိုင်းဝန်းတိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်မျိုးရှိကြောင်း၊ ၎င်းတို့အနေဖြင့် လွန်ခဲ့သည့် နှစ်ရက်ခန့်က ငြိမ်းချမ်း ရေးနှင့်ပတ်သက်ပြီး ကြေညာချက်ကဲ့သို့ ကြေညာ လာခဲ့ကြောင်း၊ ထိုကြေညာချက်နှင့်ပတ်သက်ပြီး ရှင်းရှင်းလင်းလင်းသိရှိရန် ဆောင်ရွက်လျက် ရှိကြောင်း၊ ထိတွေ့တိုက်ပွဲဖြစ်ပွားမှုတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) တွင်ရှိသည့် MNDAA နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားမှုရှိကြောင်း၊ ကယားဘက်တွင် KNPP နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားမှုများရှိကြောင်း၊ ယခင်က မြို့ပေါ် အထိ ဖြစ်ပွားခဲ့မှုများရှိကြောင်း၊ ဒီးမော့ဆိုမြို့တွင် ရဲစခန်းကို တိုက်ခိုက်မှုမျိုးရှိကြောင်း၊ နောက်ပိုင်း မရှိတော့ဘဲ ထိုနေရာပတ်ဝန်းကျင်တွင်သာရှိသည် ကို တွေ့ရကြောင်း၊ KNU တပ်မဟာ (၅) နယ်မြေ ဘက်တွင် တချို့ထိတွေ့တိုက်ပွဲများရှိသော်လည်း ပြင်းထန်သည့် ထိတွေ့တိုက်ပွဲများမရှိကြောင်း၊ ထူးခြားသည်မှာ ယခုရက်ပိုင်းအတွင်း တပ်မဟာ(၆)နယ်မြေ၌ ထိတွေ့မှုတချို့ဖြစ်ပွားခဲ့ကြောင်း၊ တနင်္သာရီဘက်၌ ထိတွေ့တိုက်ပွဲ ဖြစ်စဉ်မရှိကြောင်း၊ ရခိုင်ပြည်နယ်ဘက်တွင် တိုက်ပွဲဖြစ်စဉ်မရှိကြောင်း၊ ချင်းပြည်နယ်ဘက်တွင် မင်းတပ်၊ ထန်တလန်၊ ဟားခါးတစ်ဝိုက်ရွာများဘက်၌သာ ဖြစ်ပွားခဲ့ ကြောင်း၊ ယခင်က မင်းတပ်မြို့ပေါ်အထိ ဖြစ်ပွားခဲ့မှု ရှိကြောင်း၊ ယခုနောက်ပိုင်းတွင် ရွာများဘက်တွင် လုံခြုံရေးအရဆောင်ရွက်ပေးနေရင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲမျိုးများရှိကြောင်း၊ အားလုံးခြုံငုံပြောရမည် ဆိုပါက EAO နယ်မြေများတွင် PDF အဖွဲ့များ ရောက်နေပြီး တိုက်ပွဲဖြစ်ပွားမှုများရှိကြောင်း၊ သို့သော် ပြောလိုသည်မှာ ယခင်ကတည်းကရှိခဲ့သည့် တိုက်ပွဲပုံစံအမျိုးအစားများတော့ရှိကြောင်း၊ လုံခြုံ ရေးအရ ပိုမို၍ဂရုတစိုက်ဆောင်ရွက်လျက်ရှိသည် ကို ပြောလိုကြောင်း ပြန်လည်ဖြေကြားသည်။
ဆက်လက်၍ Myanmar Public Press News Agency မှ သတင်းထောက် ဒေါက်တာ စိုးမြင့်ဦးက တပ်မဟာ (၆) နယ်မြေတွင် PDF များ အလုံးအရင်း ဖြင့် အသတ်ခံရသည့် (Dead Body) များကို တပ်မတော်က ရှင်းလင်းရာ၌ တွေ့ရှိသည်ဆိုသည့် သတင်းအား အတည်ပြု၍ရပါသလားဟု မေးမြန်း သည်။
ဗိုလ်ချုပ် ဇော်မင်းထွန်းက ထိုသတင်းမှာ အတည် ပြု၍မရကြောင်း၊ မိမိတို့ စုံစမ်းဖော်ထုတ်နေဆဲ သတင်းတစ်ခုအရ တပ်မဟာ (၅) နယ်မြေဘက်၌ PDF အဖွဲ့များမှ ထွက်ပြေးမှုများရှိကြောင်း၊ ထိုသို့ ထွက်ပြေးသည့်လူများကို လှောင်အိမ်ထဲထည့်ထား သည့်ဖြစ်စဉ်မျိုးများရှိသည်ကို အတည်ပြုဆဲသတင်း များအရသိရှိရကြောင်း ပြန်လည်ဖြေကြားသည်။
နေပြည်တော်တိုင်းမ် သတင်းအေဂျင်စီမှ အယ်ဒီတာ ဦးမင်းမောင်က အကြမ်းဖက်မှုတိုက်ဖျက် ရေးဥပဒေပုဒ်မ ၁၇ ၊ ပုဒ်မ ၁၈၊ ပုဒ်မ ၅၂ တို့ကို လူငယ် တော်တော်များများက မသိရှိသည့်အတွက် လမ်းမှား သို့ရောက်ပြီး PDF များနှင့် ပူးပေါင်း၍ ပါသွားသည်ကို ကြားသိရကြောင်း၊ နောက်ထပ်လမ်းမှားမရောက် သေးသည့် လူငယ်များကို ကျယ်ကျယ်ပြန့်ပြန့်သိစေ ချင်သည့် သဘောတရားကြောင့် ထိုပုဒ်မများကို အကျယ်တဝင့် ရှင်းပြပေးစေလိုကြောင်း မေးမြန်းသည်။
ပြင်ဆင်ရခြင်းရည်ရွယ်ချက်
ဗိုလ်ချုပ်ဇော်မင်းထွန်းက အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေကို ပြင်ဆင်ခဲ့ရမှုများရှိကြောင်း၊ ပြင်ဆင်ခဲ့မှုများနှင့်ပတ်သက်ပြီး သတင်းထောက်များ သတင်းများမေးနေ၍ Information Team တွင် အသေးစိတ်ပြောထားကြောင်း၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပြင်ဆင်ရခြင်းရည်ရွယ်ချက်နှင့် အကျိုးသက်ရောက်လာမည့်အကြောင်းကို မိမိ အနေဖြင့် အကျဉ်းချုံးပြောလိုကြောင်း၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေတွင် အကြမ်းဖက်အုပ်စုများ၊ လှုံ့ဆော်မှုများ၊ အကြမ်းဖက်သမားများပါဝင်ကြောင်း၊ ထိုအထဲတွင် ပုဒ်မ ၃ ၊ ပုဒ်ခွဲ(ခ)၊ ပုဒ်မခွဲငယ်(၁၅)တွင် အကြမ်းဖက်အုပ်စု တစ်ခုခုတွင်ဖြစ်စေ၊ အကြမ်းဖက် လုပ်ငန်းများကို ဆောင်ရွက်ရာတွင်ဖြစ်စေ လူတစ်ဦး ဦးအား ပါဝင်စေရန်တိုက်တွန်းမှု၊ စည်းရုံးသိမ်းသွင်းမှု၊ ဝါဒဖြန့်မှု၊ စုဆောင်းရန်ပြုလုပ်မှုများဟု ပြဋ္ဌာန်း ထားသော်လည်း အခန်း (၁၄) ပြစ်မှုနှင့်ပြစ်ဒဏ် အပိုဒ်တွင် ပြစ်မှုပြစ်ဒဏ်ပြဋ္ဌာန်းချက် ထည့်သွင်း ပြဋ္ဌာန်းရန်ကျန်ရှိကြောင်း၊ ပုဒ်မ ၃ တွင် အကြမ်းဖက် လုပ်ရပ်ကို အားပေးနေသည့်လူများ၊ တိုက်တွန်းနေ သည့်လူများ၊ စည်းရုံးသိမ်းသွင်းနေသည့်လူများ၊ စုဆောင်းရန်ပြုနေသည့်လူများ၊ ထိုလူများကို အပြစ်ပေးရန် ပြစ်မှုပြစ်ဒဏ်ပြဋ္ဌာန်းရန်အတွက် အခန်း(၁၄)တွင် ကျန်ရှိနေသည့်အတွက် အကြမ်းဖက် မှုတိုက်ဖျက်ရေးဥပဒေအား ပြင်ဆင်သည့်ဥပဒေကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေ (၂၁/ ၂၀၂၁) ဖြင့် ပြဋ္ဌာန်းခဲ့ကြောင်း၊ ဖြည့်စွက်ပြဋ္ဌာန်းရာတွင် သဘောသဘာဝတူညီသည့် ပုဒ်မ ၂၅ ၊ ပုဒ်မခွဲ(က)ကို ဖြည့်စွက်ခြင်းဖြစ်ကြောင်း။
ထိုသို့ဆောင်ရွက်သည့်အတွက် ထိုသူများသည် အနည်းဆုံးထောင်ဒဏ်သုံးနှစ်မှ ခုနစ်နှစ်အထိ ချမှတ်ခံရမည်ဖြစ်သည့်အပြင် ငွေဒဏ်လည်း ချမှတ်ခံရမည်ဖြစ်ကြောင်း၊ ထို့ကြောင့်အသိပေးလို သည်မှာ လက်ရှိဥပဒေအရ အကြမ်းဖက်အုပ်စုအဖြစ် သတ်မှတ်ထားသော CRPH၊ NUG၊ PDF အဖွဲ့များကို တစ်ဦးတစ်ယောက်တည်းအနေဖြင့်ဖြစ်စေ၊ အခြား လူတစ်ဦးဦးအားပါဝင်ရန် တိုက်တွန်းမှုများ၊ စည်းရုံး သိမ်းသွင်းမှုများ၊ ဝါဒဖြန့်မှုများ၊ လူသစ်စုဆောင်းမှု များ၊ သတင်းစုဆောင်းမှုများ၊ အချက်အလက် စုဆောင်းမှုများပြုလုပ်ပါက ထောင်ဒဏ်သုံးနှစ်မှ အများဆုံးခုနစ်နှစ်အထိ ချမှတ်နိုင်သည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်မည်ဖြစ်ကြောင်း၊ ထို့အပြင် အကြမ်းဖက်မှုကျူးလွန်ရန်အတွက် စာအားဖြင့် လည်းကောင်း၊ လူမှုကွန်ရက်တွင်ဖြစ်စေ၊ တယ်လီ ဖုန်း၊ အခြားဆက်သွယ်ရေးကိရိယာတစ်ခုခုဖြင့် ဖြစ်စေ၊ နည်းပညာတစ်ခုဖြင့် တိုက်တွန်းမှုများ၊ စည်းရုံးသိမ်းသွင်းမှုများ၊ မဟုတ်မမှန်သတင်းဖြန့်ချိ မှုများ၊ အကြမ်းဖက်အဖွဲ့အစည်းဖြင့် ချိတ်ဆက်ရန်၊ လူသစ်စုဆောင်းမှုများ၊ အကြမ်းဖက်သမားများကို အကြမ်းဖက်မှုပြုနိုင်ရန် သတင်းစုဆောင်းပေးမှုများ သည်လည်း ဥပဒေထဲတွင် အကျုံးဝင်မည်ဖြစ်၍ အားလုံးသိရှိကြရန် ပြောလိုကြောင်း ပြန်လည် ဖြေကြားသည်။
One News Chennal မှ သတင်းထောက် ဦးမင်းဇင်က အာဆီယံနှင့် မြန်မာနိုင်ငံကြားတွင် ဧပြီ ၂၄ ရက်က ဆွေးနွေးသဘောတူညီခဲ့သည့် ဘုံသဘောတူညီချက် (၅) ချက်၌ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအနေဖြင့် မည်သည့်အချက် များကို ဆောင်ရွက်ပြီးပြီလဲ၊ မည်သည့်အချက်များကို အဓိကထားဆောင်ရွက်နေသလဲ၊ ယခုအချိန် အာဆီယံ အထူးကိုယ်စားလှယ်အဖြစ် Mr. Erywan Yusof ကို ကိုယ်စားလှယ်အဖြစ် ခန့်အပ်ပြီးသည့် အချိန်တွင် မြန်မာနိုင်ငံက တာဝန်ရှိသူများနှင့် ဆွေးနွေးပြီးပြီလား၊ မည်သည့်အချက်များကို ဆွေးနွေးနေသည်ကို သိလိုကြောင်း၊ နောက်တစ်ချက် မှာ အာဆီယံဘုံသဘောတူညီချက် (၅) ချက်တွင် အရေးကြီးသည့် နိုင်ငံအတွင်း၌ အကြမ်းဖက်မှု ကန့်သတ်ရေးနှင့် သက်ဆိုင်သူများကြားတွင် အပြုသဘောဆောင် တွေ့ဆုံဆွေးနွေးပြီး ငြိမ်းချမ်း ရေး အဖြေရှာမည့်အခြေအနေကို အသေးစိတ်ရှင်းပြ ပေးစေလိုကြောင်း မေးမြန်းသည်။
လမ်းဖွင့်ပေးထားသည့် အဆင့်ရောက်
ဗိုလ်ချုပ် ဇော်မင်းထွန်းက အာဆီယံကိုယ်စားလှယ်ခန့်အပ်ရန်အတွက် သတင်းထုတ်ပြန်ခဲ့မှု ရှိ ကြောင်း၊ ယခင်က အာဆီယံကိုယ်စားလှယ်ခန့်အပ် ရန် အာဆီယံနိုင်ငံများက သုံးဦး အဆိုပြုခဲ့ကြောင်း၊ ထိုသုံးဦးထဲတွင် ထိုင်းဒုတိယနိုင်ငံခြားရေးဝန်ကြီးကို ၎င်းတို့ အဆိုပြုသည့်လူကိုသာ မိမိတို့က သဘော တူသည်ဟု တုံ့ပြန်ခဲ့ကြောင်း၊ ထိုသို့တုံ့ပြန်သည့် အခါ ၂၀၂၁ ခုနှစ် ဩဂုတ် ၂ ရက်တွင် ကျင်းပခဲ့သည့် (၅၄) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ဘုံသဘောတူညီချက် မရဟု ဆိုကြောင်း၊ ဘရူနိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး(၂)ကို ခန့်အပ်ပေးရန်ပြောကြောင်း၊ ထို့ကြောင့် ယင်းအစည်းအဝေးတွင် မိမိတို့က တရားဝင်စာ ထုတ်ရန်တုံ့ပြန်ခဲ့၍ တရားဝင်စာပေးပြီး ဆက်လက် ဆွေးနွေးရာ မိမိတို့က ၂၀၂၁ ခုနှစ် ဩဂုတ် ၄ ရက် နေ့ အစည်းအဝေးတွင် အဆိုပါ ဘရူနိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး (၂) ကို သဘောတူသည်ဟု တုံ့ပြန်ခဲ့ကြောင်း။
မိမိတို့အနေဖြင့် လုပ်ဆောင်ဖွယ်ရာရှိသည့် လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း၊ ထိုအထဲတွင် ဘုံသဘောတူညီချက်(၅)ရပ်ရှိပြီးဖြစ်ကြောင်း၊ ခန့်အပ်သည့်အချိန်တွင် မိမိ တို့အနေဖြင့် မှတ်တမ်းတင်ပေးပါဟု မေတ္တာရပ်ခံခဲ့ သည့်အချက် (၃) ချက်ရှိကြောင်း၊ ထိုအချက်(၃)ချက် ကို အနှစ်ချုပ်ပြောပေးမည်ဖြစ်ကြောင်း၊ ယခုခန့်အပ် လိုက်သည့် အာဆီယံကိုယ်စားလှယ်အနေဖြင့်လည်း အာဆီယံခေါင်းဆောင်များအစည်းအဝေး ကြေညာ ချက်ပါ တူညီဆန္ဒ (၅) ချက်နှင့်အညီ ၎င်း၏လုပ်ငန်း တာဝန်များကို ဆောင်ရွက်ပါဟု မိမိတို့ပြောထား ကြောင်း၊ ထိုအတိုင်း မိမိတို့က လိုက်နာဆောင်ရွက် နိုင်ရန်လည်း ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာ နိုင်ငံအနေဖြင့် အားလုံးကို အာဆီယံသဘောတူချက် (၅) ချက်အတိုင်းသာ ဆောင်ရွက်ပေးရန်အတွက် လမ်းဖွင့်ပေးပြီး သဘောတူပြီးဖြစ်သည်ဟုပြောလိုကြောင်း၊ မည်သည့်အဆင့်ရောက်ပြီဆိုလျှင် မိမိတို့ အနေဖြင့် ထိုအာဆီယံကိုယ်စားလှယ်နှင့် ပတ်သက် ပြီး သဘောတူသည့်အဆင့် လမ်းဖွင့်ပေးထားသည့် အဆင့်ရောက်ပြီဖြစ်ကြောင်း၊ ဥပမာပြောရမည်ဆိုပါ က ယခုသတင်းစာရှင်းလင်းပွဲသို့ တက်ရောက်နိုင်ရန် လည်း ဖိတ်ခေါ်ခဲ့ပါကြောင်း ပြန်လည်ဖြေကြားသည်။
Sankei Shimbun သတင်းစာ၏ ဌာနေ သတင်းထောက် ဒေါက်တာဇော်သန်းက ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်ပြီး သေဆုံးမှုနှုန်းက ဇူလိုင် လတွင် တစ်ရက်ကို ၂၀၀ ကျော်ခန့်ရှိနေပြီး ယခု ဩဂုတ်လ တတိယအပတ်တွင် အတော်ပင်ကျဆင်း သွားကြောင်း၊ ဤသည်မှာ ပြည်သူလူထု၏ ပူးပေါင်း ဆောင်ရွက်မှု၊ တစ်နေရာမှ တစ်နေရာ ကူးလူးမသွား လာခြင်းလည်းပါကြောင်း၊ ကာကွယ်ဆေးကို ကျယ်ကျယ်ပြန့်ပြန့် ပိုပြီးထိုးပေးနိုင်သည့်အတွက်ကြောင့်လည်းပါကြောင်း၊ ယခင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောခဲ့ဖူးသည့် မိန့်ခွန်းတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို မိမိတို့နိုင်ငံအတွင်း ထုတ်လုပ်နိုင်ရန်အတွက် ရုရှားနိုင်ငံနှင့် ပူးပေါင်း ထုတ်လုပ်နိုင်ရန် အစီအစဉ်ရှိသည့်အလားအလာကို သိလိုကြောင်း မေးမြန်းသည်။
ဗိုလ်ချုပ် ဇော်မင်းထွန်းက ထိုကိစ္စနှင့်ပတ်သက် ပြီး မိမိပြောပြမည့်အကြောင်းအရာသည် ပညာရှင် တစ်ယောက်အနေဖြင့် ပြောခြင်းမဟုတ်ကြောင်း၊ မိမိနားလည်သမျှကို သတင်းထောက်များကို Share လုပ်ခြင်းဖြစ်ကြောင်း၊ မိမိပြောမည့်အကြောင်းအရာ များထဲတွင် ပညာရှင်ဆန်ဆန် ပြောခြင်းမဟုတ်သည့် အတွက် မှားနိုင်သည့် အချက်အလက်များပါကြောင်း၊ သို့သော်လည်း ယေဘုယျအားဖြင့် ဤအတိုင်းသာ ဖြစ်ကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနက ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးလည်း ရှိကြောင်း၊ ဖြည့်စွက်၍ ပြောပြပေးမည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို မြန်မာနိုင်ငံ အတွင်း၌ ထုတ်ချင်သည့် နံပါတ်(၁) အချက်မှာ အိန္ဒိယမှ ကာကွယ်ဆေးအလုံး သန်း ၃၀ ဝယ်ခဲ့ ကြောင်း၊
ဝယ်ယူသည့်အခါ နှစ်သန်းရရှိပြီး ၁ ဒသမ ၅ သန်းကို လှူကြောင်း၊ ထိုသို့ရရှိပြီးနောက်ပိုင်းတွင် ကာကွယ် ဆေးကို မရတော့ကြောင်း၊ ၎င်းကိုလည်း အပြစ် ပြော၍ မရကြောင်း၊ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့ နိုင်ငံတွင်လည်း ရောဂါဖြစ်နေ၍ အခြားနိုင်ငံများကို လည်း မရောင်းနိုင်တော့ကြောင်း။
ယခုအချိန် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရရှိရန် မိမိတို့တစ်နိုင်ငံတည်း ကြိုးစားနေခြင်းမဟုတ် ဘဲ ကျန်နိုင်ငံများကလည်း ကြိုးစားနေကြကြောင်း၊ အမှာစာများကို ယခင်ကတည်းက ပို့ထားပြီး ဖြစ်ကြောင်း၊ သို့သော်မရတော့၍ တရုတ်နိုင်ငံသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဝယ်မည်ဟု အမှာစာပို့ရကြောင်း၊ မိမိတို့၏ရှေ့၌ တရုတ် နိုင်ငံတွင် အမှာစာများ များစွာရှိကြောင်း၊ သို့သော် ၎င်းတို့က အိမ်နီးနားချင်းကောင်းပီသစွာ ပေးသည့် အတွက် ယခု အချိန်မီထိုးနိုင်ခြင်းဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ( ဥပမာ မိမိတို့အားကိုးနေ သည့် နိုင်ငံတစ်နိုင်ငံက ကိုဗစ်-၁၉ ရောဂါထပ်ပြီး ဖြစ်သည်ဆိုလျှင် မိမိတို့ကိုပေးသည့်ဆေး ပေးနိုင်ဦး မည်လား) မည်မျှပင် ပိုက်ဆံပေးထားသည်ဖြစ်စေ အိန္ဒိယနိုင်ငံဆိုလျှင် အလုံးသန်း ၃၀ အတွက် ငွေချေ ပြီးဖြစ်ပါကြောင်း၊ မပေးနိုင်သေးပါကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံတွင် ထုတ်နိုင်လျှင် စိတ်အချ ရဆုံးဆိုပြီး မိမိတို့နိုင်ငံတွင် ထုတ်ရန်လုပ်နေပါ ကြောင်း၊ မိမိတို့လုပ်သည့်အခါတွင် ရုရှားနှင့် ညှိနှိုင်း ပါကြောင်း၊ တရုတ်နိုင်ငံနှင့်လည်း ညှိနှိုင်းဆောင်ရွက် လျက်ရှိပါကြောင်း၊ ထို့ကြောင့် နှစ်နိုင်ငံလုံးနှင့် ဆောင်ရွက်ပြီးလုပ်နေပါကြောင်း၊ မိမိပြောနိုင်သည် မှာ မြန်မာနိုင်ငံအတွင်းတွင် ယခုနှစ်မကုန်မီတွင် ထုတ်လုပ်နိုင်သည့်အလားအလာ များသည်ဟု ပြောလိုပါကြောင်း ပြန်လည်ဖြေကြားသည်။
ကျန်းမာရေးဝန်ကြီးဌာန ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးက ဖြည့်စွက်ဖြေကြားရာတွင် ကာကွယ်ဆေးနှင့် ပတ်သက်၍ အိန္ဒိယနိုင်ငံက Viral Vector ဟုခေါ် သည့် Modify လုပ်ထားသည့်ဆေးကို ဝယ်ယူပါ ကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံကလည်း Inactivated ဟုခေါ်သည့် ပိုးအရှင်နှင့်သုံးသည့် ဆေးကိုလည်း သုံးပါကြောင်း၊ ထို့အတူ ရုရှားနိုင်ငံက Sputnik ဆေးကလည်း Viral Vector အမျိုးအစားတစ်မျိုးပင်ဖြစ်ကြောင်း၊ ယင်းကိုလည်း မိမိတို့ ကြိုးစားပါကြောင်း၊ မိမိတို့နိုင်ငံတွင် ထုတ်လုပ်ရန် အတွက် စက်မှုဝန်ကြီးဌာနတွင်ရှိသည့် ကာကွယ် ဆေးစက်ရုံတွင် ထုတ်လုပ်ရန်အတွက် စက်မှုဝန်ကြီး ဌာန၊ သက်ဆိုင်ရာကုမ္ပဏီ၊ ကျန်းမာရေးဝန်ကြီး ဌာနတို့ ဆွေးနွေးနေပါကြောင်း၊ ဆွေးနွေးပြီးပါက ၎င်းတို့မှ ပစ္စည်းများ လာရောက်လုပ်မည်ဆိုပါက မိမိတို့က ပုလင်းထဲထည့်ပြီး ကာကွယ်ဆေးများ ထုတ်နိုင်မည်ဖြစ်ပါကြောင်း၊ ထိုကာကွယ်ဆေးကို နိုင်ငံတကာအဆင့်မီ သုံးစွဲနိုင်သည့်အဆင့်ရောက်ရန်၊ ပြည်သူများ အန္တရာယ်မရှိရန် FDA Approval ရရန် ကြိုးစားပြီး ဆောင်ရွက်သွားမည် ဖြစ်သည့်အတွက် ယခုအခါ ဆောင်ရွက်ဆဲအဆင့်တွင်သာရှိသည်ကို မိမိအနေဖြင့်ပြောလိုပါကြောင်း ဖြေကြားသည်။
ဆက်လက်ပြီး ခေတ်ပုံရိပ်ဂျာနယ်မှ သတင်း ထောက် ဦးနေမင်း(သထုံ)က မြို့နယ်အသီးသီးတွင် ရှိသည့် ပုဒ်မ-၅၀၅ နှင့် ဖမ်းဆီးခံထားရသည့် လူများကို ပထမအကြိမ်အနေဖြင့် ၂၀၂၁ ခုနှစ် ဇွန် ၃၀ ရက်တွင် စိစစ်ပြီး လွှတ်ပေးသည်ဟု သိရပါ ကြောင်း၊ ဒုတိယအကြိမ်ပြန်လွှတ်ပေးရန် ရှိ/မရှိ သိလိုပါကြောင်း မေးမြန်းသည်။
အမှုအမျိုးအစားပေါင်း ၁၁ မျိုးတွင် ပါဝင်သူများက လွတ်ခွင့်ရမည်
ဗိုလ်ချုပ် ဇော်မင်းထွန်းက ထိုကိစ္စနှင့် ပတ်သက် ၍ ကြားနာစစ်ဆေးဆဲ ပြစ်မှုဆိုင်ရာအမှုများ ပိတ်သိမ်းခြင်းဟူ၍ ဇူလိုင် ၂၀ ရက်တွင် ကြေညာပြီး ဖြစ်ပါကြောင်း၊ အပိုဒ် ၁ တွင် ကိုဗစ်-၁၉ ရောဂါ ကြောင့် နှောင့်နှေးကြန့်ကြာနေခြင်းများ ရှိပါကြောင်း၊ ထို့ကြောင့် စွပ်စွဲခံရသည့်နိုင်ငံသားများကို သက်ညှာ စွာစဉ်းစားပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ-၄၁၉ အရ အမိန့်ထုတ်ပြန်ခဲ့ပါကြောင်း၊ ထိုအထဲတွင် ဖေဖော်ဝါရီ ၁ ရက်နှင့် ထိုနေ့မတိုင်မီက ပြစ်မှုများနှင့် သက်ဆိုင်ရာတရားရုံးတွင် စွဲဆိုထားသည့် ပြစ်မှု ဆိုင်ရာအမှုများကို ပိတ်သိမ်း၍ တရားခံများကို အမှုမှလွှတ်ရမည်ဟု ပြောပါကြောင်း၊ ထိုအထဲတွင် အမှုအမျိုးအစားပေါင်း ၁၁ မျိုးပါဝင်ပြီး ထို ၁၁ မျိုး တွင် ပါဝင်သူများက လွတ်ခွင့်ရမည်ဖြစ်ပါကြောင်း၊ သတင်းထောက်ကြီးပြောသည့်ပုဒ်မ မပါဝင်သေးပါ ကြောင်း၊ သို့သော် ပုဒ်မ-၅၀၅ သည် ထိုထဲတွင်မပါဝင် ဘဲ အဘယ့်ကြောင့်လွှတ်လဲဆိုလျှင် ကန့်သတ်ချက် များ၊ စံချိန်စံညွှန်းများရှိကြောင်း၊ ထဲထဲဝင်ဝင် ပတ်သက်ခြင်းမရှိသည့်သူများ၊ အခြားသူများ၏ သွေးထိုးမှုကြောင့်လုပ်ရသူများ၊ ယခုအချိန်တွင် မလုပ်ပါဟုဝန်ခံထားသူများ ၊ ထိုသူများကို စိစစ်ပြီး လုပ်ဆောင်နေဆဲဖြစ်ပါကြောင်း၊ ပြည်ထဲရေးဝန်ကြီး ဌာနအနေဖြင့် ယခင်တစ်ပတ်က လူ ၃၀၀ ကျော် စိစစ်ပြီးတင်ပြီး လူ ၂၀၀ ခန့် လွှတ်ပေးခဲ့ပါကြောင်း၊ အစီအစဉ်ရှိပါကြောင်း၊ ထိုအတိုင်းသာလုပ်မည် ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။
ပြည်ထဲရေးဝန်ကြီးဌာနမှ ရဲမှူးကြီး ကျော်လင်း က ၅၀၅(က) နှင့်ပတ်သက်ပြီး ၂၀၂၁ ခုနှစ် ဇွန် ၃၀ ရက်တွင် ၂၂၉၆ ဦးကို ပြန်ပြီးဖြေလျှော့ပေးခဲ့ခြင်း ရှိပါကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ဖြေလျှော့ ပေးရန်တင်ပြသည်များကို သေချာစိစစ်ပြီး ထဲထဲ ဝင်ဝင်မဟုတ်သည်များကိုလည်း စိစစ်ပြီး ဖြေလျှော့ ပေးနေခြင်းများလည်း ရှိပါကြောင်း၊ အချို့မှာလည်း စိုးရိမ်စိတ်ကြောင့် တိမ်းရှောင်နေခြင်းများလည်း ရှိပါကြောင်း၊ ၎င်းတို့၏ဆန္ဒအလျောက် သတင်းပို့ ဆက်သွယ်လာပါက ရေးဖွင့်ထားသည့်အမှုများကို ပြန်လည်ပိတ်သိမ်း၊ ရုပ်သိမ်းပေးမည်ဖြစ်ကြောင်းကို တရားဝင်သတင်းစာများ၌ ကြေညာထားခြင်းများ ရှိပါကြောင်း၊ ယခုအချိန်ထိ ထိုသို့လာရောက် ဆက်သွယ်သူ နိုင်ငံ့ဝန်ထမ်းများ၊ နိုင်ငံ့ဝန်ထမ်း မဟုတ်သူ အရပ်သားများ စုစုပေါင်း ယမန်နေ့အထိ ၅၉၁ ဦးရှိပါကြောင်း၊ ၎င်းတို့၏အမှုများကို စိစစ်ပြီး ဖြေလျှော့ပေးခြင်းများရှိပါကြောင်း ဖြည့်စွက် ဖြေကြားသည်။
Myanmar National Post သတင်းဌာနမှ သတင်းထောက် ဒေါ်ဆွေဇင်ဦးက နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအစိုးရ၏ ခြောက်လတာ သက်တမ်းတစ်လျှောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏မိန့်ခွန်းကို နားထောင်ပြီးသည့်အချိန်တွင် တပ်မတော်၏အပေါ်ကို များစွာကိုယ်ချင်းစာမိပါ ကြောင်း၊ မိမိတို့မပြောလျှင် ဗိုလ်ချုပ်တို့အနေဖြင့် မသိနိုင်ခြင်းကြောင့်သာ အားနာနာနှင့်မေးရခြင်းဖြစ် ပါကြောင်း၊ အဓိက မီတာဘေလ်များဖြစ်ပါကြောင်း၊ မီတာဘေလ်စာရွက်များသည် လစဉ်မရောက်ရှိပါ ကြောင်း၊ ရောက်လာသည့်အချိန်တွင် ပေါင်းပြီး ရောက်လာပါကြောင်း၊ အချို့မီတာများသည် ပုဂ္ဂလိကကို ပေးထားသည်ဟု သိရပါကြောင်း၊ မီတာ ဘေလ်သွားတောင်းသော်လည်း မီတာဘေလ်က မရှိသေးဘူးဟု ပြောပါကြောင်း၊ နောက်မှ လေး၊ ငါး စောင် ပေါင်းပြီးရောက်ပါကြောင်း၊ ယခုအချိန်တွင် ပြည်သူကပေးသည့်ဒုက္ခကို ပြည်သူများခံစားနေရပါ ကြောင်း၊ မီတာဘေလ်ကို ပုံမှန်လာစေလိုပြီး Mobile Banking များဖြင့်ဆောင်လိုပါကြောင်း၊ ခြောက်လတာ သက်တမ်းတစ်လျှောက်တွင် ယုံကြည်စွာနှင့် ATM ကတ်များကို တစ်နေ့ ငါးသိန်း ထုတ်ပေးသည့်အချိန် ကပင် မိမိတို့မထုတ်ခဲ့ပါကြောင်း၊ ထို့ကြောင့် မိမိတို့ တွင် ငွေကြေးခက်ခဲမှုများရှိပါကြောင်း၊ မိမိသာ မဟုတ်ပါဘဲ မိမိတို့ဖြစ်ပါကြောင်း၊ ငွေကြေး အခက်အခဲအများကြီးရှိသည့်အတွက် Mobile Banking ဖြင့် တရားဝင်ဆောင်၍ရသည်ဆိုသော် လည်း အမှန်တကယ်ပေးဆောင်ရာတွင် အခက်အခဲ များစွာရှိနေပါကြောင်း၊ မိမိတို့သည် အခွန်ထမ်း လိုသည့် ပြည်သူများဖြစ်သည့်အတွက် မီတာဘေလ် ပေးဆောင်ရာတွင် Mobile Banking ဖြင့် လွယ်လွယ် ကူကူပေးဆောင်နိုင်ရန်အတွက် ဗိုလ်ချုပ်တို့အနေ ဖြင့် စီစဉ်ပေးရန်အစီအစဉ် ရှိ/ မရှိ မေတ္တာရပ်ခံ မေးမြန်းလိုပါကြောင်း၊ ငွေကြေးအခက်အခဲသည် ငွေသားအခက်အခဲ အတော်ပင်ခက်ခဲနေ၍ ဖြစ်ပါ ကြောင်း မေးမြန်းသည်။
မီတာဘေလ် ဖုန်းများထဲသို့ရောက်ရန် စီစဉ်
ဗိုလ်ချုပ် ဇော်မင်းထွန်းက အစီအစဉ်ရှိပါ ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နှင့် စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေးလုပ်သည့် အခါတွင် အချို့ကောင်စီဝင်များ တင်ပြပါကြောင်း၊ သတင်းထောက်ကြီးတင်ပြသလို အခက်အခဲရှိသည် များကို တင်ပြပါကြောင်း၊ မီတာနှင့်ပတ်သက်ပြီး မီတာဘေလ်စာရွက်ရောက်ရုံမကဘဲ ဖုန်းများထဲသို့ ရောက်ရန် စီစဉ်ဆောင်ရွက်နေပါကြောင်း၊ အချိန် တော့ နည်းနည်းစောင့်ရမည်ဖြစ်ကြောင်း၊ နောက်တစ်ခုက မိမိတို့လည်း သိပါကြောင်း၊ အချို့ဘဏ်များက ၎င်းတို့ထဲတွင် မီတာခပေးဆောင် သည့်စနစ်ရပြီဟုပြောကြောင်း၊ သို့သော် တမင် သက်သက်ကို ပိတ်ထားတာရှိကြောင်း၊ ၎င်းတို့ Website ထဲကညွှန်ကြားထားသည့်အတိုင်း မီတာခ သွင်းလိုလျှင် လုပ်ဆောင်ရမည့် ညွှန်ကြားချက်အတိုင်း လိုက်လုပ်သော်လည်း သွင်း၍မရဟု သိရကြောင်း၊ ယင်းတို့ကိုလည်း တိတိကျကျစုံစမ်း ဖော်ထုတ်လျက် ရှိပြီး ပြောရန်အချိန်မကျသေးသည့်အတွက် မပြော နိုင်သေးကြောင်း ပြန်လည်ဖြေကြားသည်။
ဆက်လက်ပြီး Myanmar National သတင်း ဌာနမှ သတင်းထောက် ဒေါ်ဆွေဇင်ဦးက ကိုဗစ် ကိစ္စနှင့်ပတ်သက်ပြီး ကာကွယ်ဆေးထိုးရန် ပြောသွားသည်ကို ထောက်ခံပါကြောင်း၊ မိမိနှင့် မိမိ အမျိုးသားကိုယ်တိုင် ကိုဗစ်ရောဂါဖြစ်ခဲ့ပါကြောင်း၊ ကိုဗစ်ကာကွယ်ဆေးလည်းထိုးခဲ့ပါကြောင်း၊ ကိုဗစ် ကာကွယ်ဆေးထိုးထားသော်လည်း ကိုဗစ်ရောဂါ ဖြစ်တတ်ကြောင်း၊ သို့သော် ခံစားရနှုန်းက များစွာ သက်သာကြောင်း၊ ထို့ကြောင့် ကာကွယ်ဆေးထိုးပေး ခဲ့သည့် တပ်မတော်အစိုးရကို အထူးကျေးဇူးတင်ရှိ ကြောင်းပြောကြားသည်။
(ဆက်လက်ဖော်ပြပါမည်)